သပိတ်မျှောပွဲ နီးကပ်လာသော်လည်း သပိတ်အိုးဝယ်သူနည်း

0
862

သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် နီးကပ်လာသော်လည်း သပိတ်အိုးဝယ်သူမရှိသလောက် ဖြစ်လာသည်ဟု သပိတ်အိုးရောင်းသူအချို့က ပြောသည်။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော်လည်း ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်း ကာလများတွင် ပွဲလမ်းသဘင်များမရှိသဖြင့် သပိတ်ရောင်းအားမှာ လေးနှစ်ဆက်တိုက် ကျနေသည်ဟု အိုးလုပ်ငန်းလုပ်သူအချို့က ပြောသည်။

ကိုဗစ်မတိုင်ခင်က တစ်နှစ်လျှင် သပိတ်အိုးအလုံးရေ နှစ်သောင်းနီးပါးခန့် ထုတ်လုပ်ရောင်းချခဲ့ရသော်လည်း ကိုဗစ်ကာလတွင် သုံးပုံနှစ်ပုံခန့် လျော့ကျခဲ့သည်ဟု ၎င်းတို့ထံမှသိရသည်။

အာဏာစသိမ်းသည့်နှစ်က အလုံးရေ ခြောက်ထောင်ခန့် ရောင်းခဲ့ရသော်လည်း ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်တွင် သီတင်းကျွတ်ကာလနီးသည်အထိ အလုံးရေ ၁၀၀၀ ကျော်သာ ရောင်းရသေးသည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

“အခုက အခြေနေဆိုးလာတယ်မဟုတ်လား၊ ရွာတွေမှာ လူရှိလား၊ နခံတောလိုနေရာမှာတောင် ပြေးနေကြရသေးတာ၊ ကနက်သီရိရွာတွေဘက်ဆိုလည်း လူမရှိကြဘူး၊ ပြေးနေကြရတာ၊ တစ်နှစ်ထက်တစ်နှစ် ဆိုးလာတာကိုး” ဟု ၎င်းက ပြောသည်။

ထားဝယ်ခရိုင်ရှိ မြို့နယ်လေးခုစလုံးမှ ကျေးရွာများမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုနှင့် တိုက်ပွဲများ၊ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် မကြာခဏဆိုသလို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အချို့ဒေသခံများမှာ စစ်တပ်လာသည့်အခါ ထွက်ပြေးတိမ်းရှောင်ပြီး စစ်တပ်ပြန်သည့်အခါ နေအိမ်ပြန်လာကြသည့် ယာယီစစ်ဘေးရှောင်သူများရှိသလို အခြားမြို့ရွာများကို ပြောင်းရွေ့အခြေချနေထိုင်သူများလည်းရှိသည်။

ယင်းသို့သောအခြေအနေများကြောင့် တစ်ဆင့်ဝယ်ရောင်းသူများမှာလည်း သပိတ်အိုးမဝယ်ဘဲ ဆီမီးခွက်လောက်သာ ဝယ်ရောင်းကြသည်ဟု အထက်ပါ အိုးလုပ်ငန်းရှင် အမျိုးသမီးက ပြောသည်။

တနင်္သာရီတိုင်း အစိုးရအဆက်ဆက်က ထားဝယ်သပိတ်မျှောပွဲတော်ကို ထားဝယ်မြစ်ဘေးရှိ ကမ်းနားလမ်းတွင် အဓိကထား ကျင်းပလေ့ရှိပြီး သပိတ်မျှောသူများဖြင့် အစည်ကားဆုံး နေရာတစ်ခုဖြစ်သည်။

ထားဝယ်ခရိုင်အတွင်းရှိ အခြားမြို့နယ်အချို့တွင်လည်း သပိတ်မျှောပွဲကို ကိုယ်ထူကိုယ်ထ ပြုလုပ်လေ့ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့သည့် သပိတ်မျှောပွဲကို ပြီးခဲ့သည့်နှစ်က ထားဝယ်မြို့ ကမ်းနားလမ်းတွင် စစ်ကောင်စီက စီစဉ်ကျင်းပခဲ့သော်လည်း သပိတ်မျှောသည့် ဒေသခံမရှိသလောက်နည်းပါးပြီး ဌာနဆိုင်ရာဝန်ထမ်းနှင့် စစ်ကောင်စီနှင့်နီးစပ်သူများသာ တက်ရောက်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာနှင့် ရှင်မုတ္ထီးရွာကြားရှိ ရွှေဂူတံတားတွင် နှစ်စဉ်နှစ်တိုင်း သပိတ်မျှောပွဲတော် ကျင်းပသည့်နေရာတစ်ခု ဖြစ်ခဲ့သော်လည်း အာဏာသိမ်းပြီးချိန်မှစကာ စစ်တပ်က စစ်ဆေးရေးဂိတ် လုပ်ထားသဖြင့် သပိတ်မျှောပွဲ လုပ်ဆောင်ခြင်းမရှိတော့ကြောင်း ဒေသခံများကဆိုသည်။

“သပိတ်အိုးရောင်းတာလည်း မမြင်ရဘူး၊ အခုကဝယ်ရောင်းသမားမရှိဘူးလေ” ဟု သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာက နှစ်စဉ်သပိတ်မျှောနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုနှစ်တွင်လည်း သပိတ်အိုးရောင်းသည်ကိုလည်း မမြင်ရသလို သပိတ်မျှောမည့်အကြောင်းလည်း မည်သူမျှမဟကြဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ပွဲလမ်းသဘင်များ၊ ပျော်ပွဲရွှင်ပွဲများ မရှိသဖြင့် အိုးအရောင်းအဝယ် သိသိသာသာလျော့ကျပြီး ယင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများမှာ အခက်အခဲများစွာရှိလာသည်ဟု ဆိုကြသည်။

ထားဝယ်သပိတ်မျှောပွဲကျင်းပရခြင်းမှာ တောင်သမုဒ္ဒရာတွင် ကြေးပြဿဒ်ဖြင့် စံမြန်းနေသည့် ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းကြသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း မှတ်တမ်းများအရသိရသည်။

မျောမည့်သပိတ်အတွင်း ဆွမ်း၊ ရေချမ်း၊ တံခွန်ကုက္ကား၊ ကြံ၊ အုန်းသီး၊ မုန့်ဆီကြော်၊ ငှက်ပျော်သီးစသည်များကို ထည့်ကြကြောင်း ဒေသပေါ်မူတည်ပြီး သပိတ်အတွင်း ထည့်သည့်ပစ္စည်းကွာသွားကြောင်း သိရသည်။