ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
3120

ယခုအပတ် ရွှေဈေးမှာ အကျဈေးတွင် အလှုပ်အခတ်နည်းနေပြီး ထိုင်းဘတ်ဈေးလည်း ငြိမ်နေသည်။

ဓာတ်ဆီဈေးမှာ တောက်လျှောက် ကျရိပ်ပြနေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ရွှေဈေးမှာ အကျဈေးတွင် အလှုပ်အခတ်နည်းနေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၄ သိန်းဝန်းကျင်တွင် ငြိမ်နေခဲ့သည်။

ယခုအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သောင်းဂဏန်းသာ အတက်အကျရှိခဲ့သည်။

ထိုင်းဘတ်ဈေးမှာ ငြိမ်သလောက်ရှိနေပြီး တစ်ဘတ်လျှင်  ငွေကျပ် ပြားဂဏန်းသာ အလှုပ်အခတ်ရှိနေသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၁၀၀  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ၂၁၀၀ ကျပ်ဝန်းကျင်ပေါက်ဈေးရှိပြီး တောက်လျှောက်ကျနေသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၁၅ ကျပ်မှ ၂၁၉၀ ကျပ်အကြား အလှုပ်အခတ်ရှိနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၃၀၀၀ ကျပ်မှ  ၃၇၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ လက်ရှိနှုန်းထားအတိုင်းပင် အလှုပ်အခတ်နည်းနေမည်ဟု  ခန့်မှန်းရသည်။

စစ်ကောင်စီက ရွှေနှင့် ဒေါ်လာဈေးအပါအဝင် အထွေထွေကုန်ဈေးနှုန်းကျဆင်းစေရန်ဟုဆိုကာ တင်းကျပ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

ထိုကြောင့် ရွှေအပါအဝင် ဒေါ်လာလဲနှုန်းမှာ အကျဘက်တွင် ဆက်ရှိနေမည်ဖြစ်သည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ် ဝန်းကျင်ဈေးဖွင့်ထားပြီး ပြီးခဲ့သည့်အပတ်က နှုန်းထားအတိုင်းပင် ဈေးဖွင့်ထားသည်။

ကမ္ဘာ့ရွှေဈေးလည်း ဆက်တိုက်ကျနေပြီး တစ်အောင်စလျှင် ၁၈၃၃ ဒေါ်လာသာ ပေါက်ဈေးရှိသည်။ပြီးခဲ့သည့်အပတ်ကမူ ၁၈၄၉ ဒေါ်လာပေါက်ဈေးရှိခဲ့သည်။

ထိုင်းဘတ်ဈေးလည်း အကျဈေးတွင်ပင် ဆက်ရှိနေနိုင်ကြောင်း သုံးသပ်ရသည်။

ဘတ်ဈေးမှာ ပြည်တွင်းဒေါ်လာပေါက်ဈေး၊ ရွှေဈေးနှင့် ကုန်သွယ်ရေး စသည့်အချက်များအပေါ် မှီတည်နေသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေသော်လည်း စစ်ကောင်စီက ပြည်တွင်းစက်သုံးဆီဈေးကွက်ကို သတိကြီးကြီးဖြင့် တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေသည်။

ထိုကြောင့်လာမည့်အပတ်တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးဖွင့်နေမည်ဖြစ်သည်။