၅နှစ်အောက်ကလေးကို စာအလွတ်ကျက်ခိုင်း၊ စာရေးခိုင်းတဲ့အယူအဆအမှား

0
1438

ရင်သွေးလေးတွေကို ပညာတတ်စေချင် ဇောနဲ့ အသက် ၅နှစ်အောက် ကလေးငယ်တွေကို စာအလွတ်ကျက်ခိုင်းတာ၊ စာရေးခိုင်းတာတွေ လုပ်တတ်ကြပါတယ်။

အသက် ၅ နှစ်တောင် မပြည့်သေးဘူး၊ ကလေးက A, B, C, D တစ်ပုဒ်လုံး၊ ကကြီး၊ ခခွေး တစ်ပုဒ်လုံး အလွတ်ဆိုတတ်နေပြီလို့ ကြွားဖူးတဲ့ ဖေဖေ၊ မေမေတွေလည်း ပတ်ဝန်းကျင်မှာ ရှိကြပါတယ်။

သားသမီးကို ပညာတတ်စေချင်ဇောနဲ့ လုပ်ကြတယ်ဆိုပေမယ့် မှန်ကန်တဲ့ နည်းလမ်းမဟုတ် လွဲမှားတဲ့ အယူအဆ တစ်ခုဖြစ်နေတာကို ရှင်းပြပေးသွားမှာပါ။

ကမောက်ကမ ပညာရေး

အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသအတော်တော်များများ ကလေးတွေဟာ ကျောင်းပညာရေးနဲ့ လက်လှမ်းဝေးနေကြရပါတယ်။

တနင်္သာရီတိုင်းမှာဆိုရင်လည်း အခြေခံကျောင်းတွေ ရာနှုန်းပြည့် မဖွင့်နိုင်တော့ပါဘူး။ မူကြိုကျောင်းအားလုံးနီးပါး လည်း မဖွင့်‌နိုင်သေး‌ဘူးလို့ တိုင်းပညားရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက Dawei Watch ကို စက်တင်ဘာလ ၂၀ ရက်က ပြောဆိုခဲ့ပါတယ်။

ရပ်ရွာထဲမှာ အစိုးရကျောင်း မတက်ရတဲ့ ကလေးတွေအတွက် ကျူရှင်တွေ ပြန်ပေါ်လာပြီး မူကြိုမရှိတော့တဲ့ ၃နှစ်နဲ့ ၅နှစ်ကြား ကလေးတွေဟာလည်း ကျူရှင်ကို လွယ်အိတ်ကိုယ်စီနဲ့ စာသွားသင်နေကြတာကို တွေ့ရပါတယ်။

ကလေးတွေကျူရှင်သွား စာသင်တာ အပြစ်မတင်သင့်ပါ။ ဒါပေမဲ့ ကျူရှင်ကနေ အိမ်စာပေးပြီး အလွတ်ကျက်ခိုင်း လိုက်တာ၊ စာတွေရေးခိုင်းနေတာကိုတော့ မလုပ်သင့်ပါဘူး။

ပညာရေး လောဘမကြီးရ

များသောအားဖြင့် မိဘတွေဟာ ကလေးတွေရဲ့ပညာရေးနဲ့ပတ်သတ်ပြီး လောဘတက်ကြတာကြောင့် အရွယ် မတိုင်ခင် စာရေး၊ စာဖတ်တတ်တာကို လိုချင်ကြတာဖြစ်တယ်လို့ တိုင်းပညာရေးမှူး ဦးဝင်းနောင်က ဆိုပါတယ်။

၅ နှစ်မပြည့်ခင် ကကြီး၊ ခခွေး အလွတ်ရနေတာ လိုချင်ကြတယ်။ A, B, C, D ရေးပြနိုင်တာကို လူကြားထဲ ကြွားချင်ကြတယ်။ အဲဒီအထဲမှာ ကျောင်းဆရာ၊ ဆရာမတွေလည်းပါဝင်တယ်လို့ ဦးဝင်းနောင်က ပြောပါတယ်။

ယေဘုယျအားဖြင့် ၅ နှစ်အောက်ကလေးတွေ ကျောင်းစာကို အလွတ်ကျက်စေတာ၊ ရေးစေတာကို ပညာရှင်များက တားမြစ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ကျောင်းသင်ခန်းစာတွေကိုလည်း ကလေးရဲ့အသက်အရွယ်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ သင်ယူနိုင်စွမ်း စတဲ့အချက်တွေပေါ် အခြေခံပြီး ပညာရှင်တွေက ရေးဆွဲထားတာလို့ ဦးဝင်းနောင်က ပြောဆိုပါတယ်။

ဒါကြောင့် အခြေခံကျောင်းတွေမှာ ကလေးအသက် ၅ နှစ်ပြည့်မှ KG တန်းကနေစပြီး ကျောင်းအပ်လက်ခံတာလို့ ဆိုပါတယ်။ ဒါတောင်မှ အဲဒီကလေးတွေကို စာရေး၊ စာဖတ်တာကို မလုပ်စေပါဘူး။

ငါးနှစ်အရွယ်ကလေးကို ကျောင်းအပ်လက်ခံပြီး ပထမပညာသင်နှစ်ရဲ့ ထက်ဝက်တိတိကို ဗျည်းတွေ၊ သရတွေ၊ ကိန်းဂဏန်းတွေအကြောင်း လုံးဝမသင်ကြားရပါဘူး။

ဒုတိယနှစ်ဝက်ရောက်မှ ဗျည်းတွေ၊ သရတွေ၊ ကိန်းဂဏန်းတွေကို မိတ်ဆက်သဘောအနေနဲ့ ရွတ်ဆို ခိုင်းတာတွေ စလုပ်ရပါတယ်။

အသက် ၅ နှစ်အရွယ်ကလေးတွေကို ဘာကြောင့် စာမသင်ကြတာလဲဆိုတာ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ 

ဘယ်အရွယ်မှာ စာရေး၊ စာဖတ်ကြမလဲ

ယေဘုယျအနေနဲ့ ကလေးတစ်ယောက်ဟာ မှတ်နိုင်စွမ်းလည်းရှိနေပြီ၊ လက်ချောင်းကြွက်သားတွေလည်း သန်မာနေပြီ အဲဒီနှစ်ချက်နဲ့ ကိုက်ညီတယ်ဆိုရင် စာရေး၊ စာဖတ်တာလုပ်လို့ရတယ်လို့ ဆရာမ ဒေါ်ဇာလီက ပြောပါတယ်။

ဆရာမဒေါ်ဇာလီဟာ ရှေ့ဦးအရွယ် (မွေးစမှ ၈ နှစ်အထိ) ကလေးဖွံ့ဖြိုးရေးလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ လောင်းလုံးနဲ့ ပုလောမြို့နယ်တွေမှာ တာဝန်ထမ်းဆောင်ဖူးပြီး လက်ရှိ ရှမ်းပြည်နယ်မှာ ရှေ့ဦးအရွယ်ကလေးဖွံ့ဖြိုးရေးတွေ ဆက်လက်လုပ်ဆောင်နေသူဖြစ်ပါတယ်။

၄ နှစ်မှ ၆ နှစ်အရွယ် ကလေးဖွံ့ဖြိုးမှု စစ်ဆေးနည်းကို ဒီနေရာမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ 

ကလေးဟာ မှတ်နိုင်စွမ်းလည်းရှိနေပြီ၊ လက်ချောင်းကြွက်သားတွေလည်း သန်မာနေပြီဆိုတာကို သေချာမှ စာရေးခိုင်းတာ၊ စာဖတ်ခိုင်းတာ လုပ်ခိုင်းလို့ရတယ်လို့ ဆရာမဒေါ်ဇာလီက ဆိုပါတယ်။

လက်ချောင်းသန်မာမှု ရှိ မရှိနဲ့ မှတ်နိုင်စွမ်း ရှိ မရှိကို ဆေးအရောင်ချယ်ရာကနေ သိနိုင်တယ်လို့ ဆရာမကဆိုပါတယ်။

သတ်မှတ်ပုံတစ်ပုံကို ကလေးက ဆေးရောင်အပြည့်ချယ်ချင်တဲ့ စိတ်ရှိရဲ့လား။ ဆေးရောင်ချယ်တဲ့နေရာမှာ သတ်မှတ်ထားတဲ့အတိုင်း ချယ်တတ်ရဲ့လားဆိုတာကိုကြည့်ရင် သိနိုင်တယ်လို့ဆိုပါတယ်။

ဥပမာ သရက်သီးပုံကို ဆေးချယ်ခိုင်းမယ်ဆိုရင် သရက်သီးပုံရဲ့အပြင်ဘက်ကို ဆေးရောင်တွေမထွက်အောင် လှလှပပချယ်နိုင်ရပါမယ်။ အပြင်ကိုဆေးရောင်တွေ ထွက်နေပြီဆိုရင် လက်ချောင်းကြွက်သား မသန်မာသေးဘူးလို့ မှတ်ယူရမှာလို့ ဥပမာ ပေးပါတယ်။

ဘေးထွက်ဆိုးကျိူး

အရွယ်မတိုင်ခင် စာရေး၊ စာဖတ်‌တာမလုပ်ဖို့ တားမြစ်နေတာအကြောင်းရှိပါတယ်။

လက်ချောင်းကြွက်သား မသန်မာသေးတဲ့အချိန် စာရေးခိုင်းမယ်ဆိုရင် အတန်းကြီးလာရင် စာတစ်ပုဒ်လုံး ပြီးအောင် မရေးနိုင်တော့တာ၊ လက်ညောင်းလွယ်တာ၊ လက်မှာ ဘုသီးပုံစံထွက်တာတွေ ဖြစ်တတ်တဲ့အပြင် ကလေးက စာသင်၊ စာရေးချင်စိတ် ကုန်ဆုံးသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။

မိဘတွေလုပ်ပေးနိုင်တဲ့အချက်

၅ နှစ်အောက်ကလေးတွေကို လက်ဦးဆရာဖြစ်တဲ့ မိဘတွေ လုပ်ပေးလို့ရတာတွေ ရှိပါတယ်။

အဲဒါကတော့ ကလေးကို ချစ်ချစ်ခင်ခင်နေပေးပြီး ဂရုစိုက်ပေးတာ၊ ကလေးဖြေရလွယ်ကူတဲ့ မေးခွန်းတွေ မေးပေးတာ၊ သီချင်းဆိုခိုင်းတာ၊ ပတ်ဝန်းကျင်ကို စူးစမ်းခိုင်းတာ၊ နားထောင်မှုစွမ်းရည်ကောင်းအောင် လုပ်ပေးတာ၊ အကောင်းဆုံးကတော့ ကလေးကို ကစားခိုင်းတာ စတာတွေဖြစ်ပါတယ်။ ကလေးတွေဟာ ကစာရင်းကနေ အဓိကသင်ယူကြတာပါ။

၅နှစ် မပြည့်သေးတဲ့ကလေးတွေကို စာရေး စာဖတ်ခိုင်းတာ လုပ်သင့်လားဆိုတာကို ဆရာမဒေါ်ဇာလီနဲ့ အင်တာဗျူးပြီး Dawei Watch က တင်ဆက်ထားတဲ့ ဗီဒိယိုကို ဒီနေရာမှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။

တကယ်လို့ ကိုယ့်ဒေသမှာ မူကြိုတွေဖွင့်ထားတယ်ဆိုရင် ကလေးကိုမူကြိုပို့တာလည်းလုပ်နိုင်ပါတယ်။

တကယ်လို့ မူကြိုမဖွင့်ထားဘူးဆိုရင် အထက်ကဖော်ပြတာတွေကို မိဘတွေအနေနဲ့ လေ့ကျင့်ပေးလို့ရပါတယ်။ အဓိကအချက်ကတော့ ကလေးတွေကို ‌ဘေးကင်းလုံခြုံတဲ့နေရာမှာ ဆော့ကစားစေတာကို မိဘတွေအနေနဲ့ အားပေးရပါမယ်။

ဦးနှောက်ဖွံ့ဖြိုးဆုံးအရွယ်လေးတွေ

မွေးစကနေ ၅ နှစ်ဆိုတဲ့အရွယ်ဟာ ဦးနှောက်ဖွံ့ဖြိုးဆုံးအရွယ်တွေဖြစ်ပါတယ်။

ဒီလိုအချိန်မှာ စာရေးတာ၊ စာဖတ်တာထက် ပေါင်းသင်းဆက်ဆံရေး၊ စုပေါင်းဆောင်ရွက်တတ်တဲ့စိတ်၊ အများကို ကူညီချင်တဲ့စိတ်ရှိဖို့ စတဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမယ့်သင်ယူမူတွေကိုပဲ မိဘတွေအနေနဲ့ အားပေးရမှာဖြစ်ပါတယ်။

အကြုံပြုချက်

– ပထမဆုံးကတော့ ၅ နှစ်လည်း မပြည့်သေး၊ မှတ်နိုင်စွမ်းနဲ့ လက်ချောင်းကြွက်သားတွေ မသန်မာသေးရင် စာရေး၊ စာဖတ်တာကို မလုပ်ခိုင်းသင့်ပါ။

– စာရေး၊ စာဖတ်ခိုင်းတော့မယ်ဆိုရင် ကိုယ့်ကလေးက အဆင်သင့်ဖြစ်နေပြီလားဆိုတာကို အရင်စစ်ဆေးပါ။

စစ်ဆေးဖို့နည်းလမ်းတွေပါဝင်တဲ့ အသက် ၅နှစ်ပြည်ဖို့ နည်းနည်းပဲလိုရင်ကျောင်းထားလို့ ရလားဆိုတဲ့ ခေါင်းစဉ် Smart Kids College က တင်ဆက်ထားတဲ့ ဗီဒီယိုက ဒီနေရာမှာ ကြည်နိုင်သလို KG (မူလတန်း) စထားသင့်ပြီလား ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ထားတဲ့ ဗီဒီယိုကိုလည်း ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

– မူကြိုထားပါ။

– မူကြိုမရှိရင် မိဘတွေကိုယ်တိုင်က သင်ပေးပါ။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေး သင်ပေးပါ။

– ကလေးကို ဆော့ကစားခိုင်းပါ။ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ပဲ အချိန်ကုန်နေတာမျိုး အားမပေးသင့်ပေ။

ဒီအချက်တွေကို လုပ်ဆောင်ဖို့ခက်ခဲမှုတွေ ရှိနိုင်သလို မိဘတွေရဲ့ အချိန်ပေးနိုင်မူကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့လည်း ပဋိပက္ခတွေရဲ့ကြားထဲမှာ ကိုယ့်ရဲ့ကလေး ပညာတတ် လူတော်၊ လူကောင်းတွေ ဖြစ်လာဖို့မျှော်လင့်ထားတယ် ဆိုရင်တော့ ဖော်ပြထားတဲ့အချက်တွေကို သေချာဂရုစိုက်လုပ်ပေးဖို့လိုအပ်ပါတယ်။