မြိတ်တွင် ခန္ဓာကိုယ်အပေါ်ပိုင်းမရှိတော့သည့် ရုပ်အလောင်း တစ်လောင်းတွေ့

0
5679
ပုံစာ - စုပေါင်းရုံးအနောက်ဘက် နေအိမ်အနီး ငှက်ပျောတောတွင် အလောင်းအား တွေ့ရှိသည်။

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စုတွင် ခန္ဓာကိုယ်အပေါ်ပိုင်း မရှိတော့သည့် ရုပ်အလောင်း တစ်လောင်းအား တွေ့ရှိကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

ကုန်းဖောက်ရပ် ကုန်းဖောက်လမ်းမကြီးရှိ ဌာနဆိုင်ရာစုပေါင်းရုံးအနောက်ဘက်တွင် စက်တင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းက တွေ့ရှိခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

စုပေါင်းရုံအနောက်ဘက်ရှိ ခုနှစ်ဆောင်တန်း (နေအိမ်ခုနှစ်ဆောင်) အနီးရှိ ငှက်ပျော်တောတွင် ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“(ဦး) ခေါင်းမရှိတော့ဘူး။ နောက်ကျောရိုးတစ်ခုနဲ့ တင်ပဆုံ၊ ပေါင် အောက်ပိုင်းတစ်ပိုင်းပဲ ကျန်ပြီ” ဟု နာရေးကူညီမှုအသင်းဝင်က ပြောသည်။

အဆိုပါ အလောင်းရုပ်သည် ပုပ်သိုးပျက်စီးနေပြီဖြစ်သည့် လွန်ခဲ့သည့် ဆယ်ရက်ခန့်က သေဆုံးခြင်းဖြစ်နိုင်ပြီး အသက်အရွယ်အား ခန့်မှန်းနိုင်ခြင်း မရှိတော့ကြောင်း ၎င်းက ပြောဆိုသည်။

သေဆုံးသူ မည်သူမည်ဝါဖြစ်သည့်နှင့် သေဆုံးရသည့်အကြောင်းအရင်းအား မသိရှိရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဘောင်းဘီအနေအထားကိုကြည့်ရတော့ အမျိုးသားလို့ ခန့်မှန်းလို့တော့ရတယ်” ဟု အထက်ပါအသင်းဝင်က ဆိုသည်။  

စုပေါင်းရုံးအနောက်ဘက်ရှိ နေအိမ်တစ်ဆောင်မှ အပုပ်နံ့ရသဖြင့် သက်ဆိုင်ရာတို့အား အကြောင်းကြားသဖြင့် အလောင်းအား တွေ့ရှိရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရုပ်အလောင်းကို စစ်ဆေးရုံရှိ ရင်ခွဲရုံမှ တစ်ဆင့် ကလွင်ဘာသာစုံသုဿာန်သို့ ပိုင်ရှင်မဲ့အလောင်းအဖြစ် ပို့ဆောင် မီးသင်္ဂြိဟ်ပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

မြိတ်တွင် ယခုနှစ်အတွင်း ပိုင်ရှင်မဲ့အလောင်း ရှစ်လောင်းအထိ တွေ့ရှိထားပြီဖြစ်သည်။