ရေဖြူ ဧကနိရွာသား စစ်ဘေးရှောင်တစ်ဦး ပစ်ခတ်ခံရ

0
1124

ရေဖြူမြို့နယ် ဧကနိရွာသား အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ဘေးရှောင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရကြောင်း ဧကနိရွာသားအချို့က ပြောသည်။

ပစ်ခံရသူမှာ ဦးသောင်းနိုင်ဆိုသူဖြစ်ပြီး ဧကနိရွာအနီးတွင် စစ်ဘေးရှောင်နေစဉ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“လက်မှာ ရှပ်ထိသွားတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး” ဟု ၎င်းက ပြောဆိုသည်။

သေနတ်ဒဏ်ရာရရှိသည့် ဦးသောင်းနိုင်မှာ လက်ရှိတွင် ဆေးကုသခံယူနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧကနိနှင့် ဝါးဇွမ်းတောရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး ယနေ့ မွန်းလွဲပိုင်းအထိ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က စက်တင်ဘာလ၂၁ ရက်နေ့ကစပြီး ခမောင်းချောင်းရွာကို စစ်ကြောင်းထိုးစတင်ဝင်ရောက်ပြီး ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ငါး ရက်အတွင်း PDF နှင့် တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ခမောင်းချောင်းရွာသား ရှစ်ဦးမှာလည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီတပ်သည် ခမောင်းချောင်း၊ ဧကနိ၊ ဝါဇွမ်းတော၊ ရငဲစသည့်ကျေးရွာအနီးတစ်ဝိုက်ကို အင်အား အများအပြားဖြင့် ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။