ဖမ်းဆီးခံ ခမောင်းချောင်းရွာသူသုံးဦးပြန်လွတ်၊ အမျိုးသမီးငယ်သုံးဦးအပါအဝင်ရှစ်ဦး ပြန်မလွတ်သေး

0
1018

ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးထားသည့် ခမောင်းချောင်း ရွာသူသုံးဦး ပြန်လည် လွတ်မြောက်လာပြီး ဆယ်ကျော်သက် အမျိုးသမီးသုံးဦးနှင့် အမျိုးသားငါးဦးတို့ကို ဆက်လက်ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၂၁ ရက်တွင် စတင် စစ်ကြောင်းထိုးခြင်းဖြစ်ပြီး စစ်တင်ဘာလ ၂၂ ရက်တွင် ဥယျာဉ်ခြံများအတွင်း စစ်ဘေးရှောင်နေသည့် ခမောင်းချောင်း ဒေသခံ ၁၁ ဦးကို ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ဖမ်းဆီးပြီး သုံးရက်အကြာ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေတွင် အမျိုးသမီးကြီးနှစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“(ဆက်လက်အဖမ်းခံထားရတာမှာ) သုံးယောက်လုံးက ဆယ်ကျော်သက်အမျိုးသမီးတွေ။ ကျန်တာ အမျိုးသားတွေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် စက်တင်ဘာလ ၂၄ ရက် ညတွင် စစ်ကောင်စီတပ်သည် ခမောင်းချောင်းရွာရှိ နေအိမ် ငါးဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် စစ်ကြောင်းသည် ခမောင်းချောင်းရွာမှ ပြန်ထွက်လာသည့်အတွက် ပုဂေါဇွန်း၊ ရလိုင် ဒေသခံများပါ ထွက်ပြေးနေကြရကြောင်း ဒေသခံတို့က ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုံဒေသအတွင်း စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး စစ်တပ်အင်းအား တစ်ရာနီးပါးဖြင့် စစ်ကြောင်းထိုးရာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ကျေးရွာ ရှစ်ရွာကဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။