ဖမ်းဆီးခံရသည့် ပိတပ်ရွာသားကိုးဦး ပြန်လွတ်လာ

0
964

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် ဖမ်းဆီးခေါ်ဆောင်သွားသည့် ပိတပ်ရွာသား အမျိုးသားကိုးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၄ရက် မွန်းလွဲ ၂နာရီခန့်က ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဖမ်းထားတဲ့ ကိုးယောက်အုပ်စုကို ဘေးတွဲဆိုင်ကယ်နဲ့ သင်္ကန်းတောရွာ အဝင်ဝမှာ လာချထားရစ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ပိတပ်ကျေးရွာကို စက်တင်ဘာလ ၁၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် ခုနစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။

ပြန်ဆုတ်ချိန်တွင် အရပ်သားပြည်သူ ၁၅ ဦးဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမျိုးသမီးများကို ပြန်လွှတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အမျိုးသားကိုးဦးမှာ ဖမ်းဆီးခံရပြီနောက် လေးရက်အကြာတွင်သာ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

အဆိုပါ အမျိုးသားများကို ပလမြို့ရဲစခန်းတွင် ချုပ်နှောင်စစ်ဆေးခံရပြီး ပြန်လွှတ်ပေးရန်အတွက် တစ်ဦးစီအတွက် ငွေကျပ်ငါးသိန်း မိသားစုကပေးခဲ့ရသည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ဖုန်းတွေစစ်ပြီး သူတို့မေးတာ မဖြေနိုင်ရင် အရိုက်ခံရတဲ့သူလည်းရှိတယ်” ဟု ပိတပ်ရွာသား နောက်တစ်ဦးက ပြောသည်။

ငွေကြေးပေးရသည်ဆိုသည့်အပေါ် Dawei Watch က သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ တံငါလုပ်ငန်းလုပ်ကိုင်ကြသူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၁၄ ရက် နံနက်တွင်လည်း စစ်ကောင်စီတပ်က မှော်ကြောင်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာနေပြီး ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ နံနက်တွင် လက္ကူးရွာဖက်က ပစ်ခတ်သံများ စတင်ကြားနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။