ပီထာ ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်

0
1119

လွတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံထားရသည့် ပီထာသည် Move Forward ပါတီခေါင်းဆောင်အဖြစ်က ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

လွှတ်တော်အတွင်း အတိုက်အခံ ပါတီခေါင်းဆောင်နေရာကို သတ်မှတ်ရန် ပါတီခေါင်းဆောင်အသစ်ကို လမ်းဖွင့်ပေးသည့်အနေဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိုက်အခံပါတီခေါင်းဆောင်သည် လွှတ်တော်အမတ်ဖြစ်ရမည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။

iTV ရှယ်ယာပိုင်ဆိုင်မှုများနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးရန် အခြေခံဥပဒေခုံရုံးက ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခဲ့သဖြင့် ၎င်း နုတ်ထွက်ရခြင်းဖြစ်ကြောင်း ပီထာ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ရွေးကောက်ပွဲကော်မရှင်က ပီထာသည် မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အနေဖြင့် ရွေးကောက်ခံခွင့်မရှိဟု အခြေခံဥပဒေခုံရုံးကို တိုင်ကြားခဲ့ပြီးနောက် ခုံရုံးက အမတ်အဖြစ်က ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ပီထာက ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်ခဲ့ခြင်းသည် ထိုင်းနိုင်ငံအပြောင်းအလဲကို လိုလာသဖြင့် မဲပေးခဲ့ကြသော လူငယ်များအတွက် အဓိကဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း khaosod English က သုံးသပ်ထားသည်။

သို့သော်လည်း ပီထာအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။