စစ်သင်္ဘောက ဖမ်းဆီးထားသည့် ပုလောငါးဖမ်းလှေများ ပြန်လွတ်

0
1668
ပုံစာ - ကမ်းနီးငါးဖမ်းလှေ (ပုံဟောင်း)

မြိတ်ခရိုင်၊ပုလောပင်လယ်ပြင်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ငါးဖမ်းလှေငယ်များကို ယနေ့ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။

ပုလောချောင်းဝ ပင်လယ်ပြင်ရှိ ညှင်းဦး၊ ကျောက္ကာရွာအရှေ့နှင့် ဒေသအခေါ် လုံးပြာအောက်တို့တွင် စစ်သင်္ဘောသုံးစီး ကျောက်ချရပ်နားထားပြီး ကမ်းနီးငါးဖမ်းလှေ အစီးရေ လေးဆယ်ခန့်ကို စက်တင်ဘာ  ၈ ရက်နှင့် ၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင်မူ ပြန်လွှတ်‌ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများ ကပြောသည်။

“ဘာတွေကို စစ်တယ်မေးတယ် ဆိုတာတော့ သေချာမသိရသေးဘူး။ ပြန်လွတ်လာကြပြီလို့ပဲ လောလောဆယ် သိရသေးတယ်”ဟု ဒေသခံအမျိုးသာ ကပြောသည်။

စက်တင်ဘာ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် စစ်သင်္ဘောများက သေနတ်ပစ်ဖောက် ဖမ်းဆီးနေသဖြင့် ငါးဖမ်းလှေငယ်များ ပင်လယ်ပြင်မထွက်ရဲဘဲ ရွာသို့ပြန်ဝင်ပြေးလာကြသည်ဟု ဒေသခံများ ကပြောသည်။

“စစ်သင်္ဘောကဆွဲ(ဖမ်း)ထားတာကို အကုန်မြင်နေရတယ်။ အစီးရေဘယ်လောက်တော့မသိဘူး။ ဒီကနေ့ပြန်လွှတ်လိုက်ပြီ”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။

ပုလောမြို့ကျောက္ကာရွာအပြင်ဘက် မြင်းအောက်ကျွန်းအနီးတွင် စက်တင်ဘာလ ၇ ရက်နေ့ နံနက်ကလည်း စစ်ကောင်စီရေတပ်သင်္ဘောနှင့် ပုလောပြည်သူ့ကာကွယ်ရေးအမှတ်(၁) တပ်ရင်းတို့ မိနစ်နှစ်ဆယ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြသည်။

နှစ်ဖက်ပစ်ခတ်ခဲ့ပြီးနောက်နေ့များတွင် စစ်သင်္ဘောပေါ်နှင့် ပလမြို့ တိုတောင်ပေါ်မှ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ပစ်ခတ်ခဲ့သည်။

တိုတောင်မှပစ်ခတ်သည့် လက်နက်ကြီးမှာ လက္ကူးရွာအတွင်းကျကာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ အနည်းဆုံးလေးဦးခန့် ဒဏ်ရာရခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည်။