လုံးဖော‌ရွာတွင် ဒုတိယအကြိမ် ရေကြီးမှုကြောင့် အိမ်ခြေငါးဆယ်ခန့် ပြောင်းရွှေ့ရ

0
1604
ပုံစာ - လုံးဖော‌ရွာတွင် ဇူလိုင်လ ၁၉ ရက်နေ့က ရေကြီးမှုကြောင့် ပြောင်းရွှေ့နေစဉ်(ပုံဟောင်း)

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် လုံးဖောရွာတွင် စက်တင်ဘာလ ၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် နေအိမ်ငါးဆယ်ခန့်က ပြည်သူများ ပြောင်းရွှေ့ရကြောင်း လုံးဖောရွာနေသူက ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွာထိပ် မြေနိမ့်ပိုင်းရှိ ဆီအုန်းတောနေရာတို့တွင် ရင်ဘတ်အထိ ရေနစ်မြုပ်ခဲ့ပြီး နေအိမ်များသို့ ရေများဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း လုံးဖောရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။

ဆီအုန်းတောဘက်ရှိ နေအိမ်များသို့ ရေများဝင်ရောက်ခဲ့သဖြင့် နေအိမ်ငါးဆယ်ခန့်သည် ကုန်းမြင့်ပိုင်းရှိ အသိမိတ်ဆွေ၊ ဆွေမျိုးတို့၏ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း လုံးဖောရွာသားအချို့က ပြောဆိုသည်။

“နှစ်တိုင်း တစ်နှစ်မှာ တစ်ကြိမ်လောက်တော့ ပြောင်းရတယ်။ ဒီနှစ်တော့ နှစ်ကြိမ်ဖြစ်သွားပြီ။ ရေတစ်ခါမြုပ်ရင် နှစ်ဆယ့်လေးနာရီပဲ” ဟု ရွာသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံသောကြောင့် နေအိမ်တစ်ရာကျော် ပြောင်းရွှေ့ခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

ယခုရေကြီးမှုမှာ ဒုတိယအကြိမ်ဖြစ်သည်။

အဆိုပါကျေးရွာတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းချိန်နှင့် ပင်လယ်ရေတက်ချိန် တိုက်ဆိုင်လျှင် ရေကြီးရေလျှံလေ့ရှိကြောင်း လုံးဖောရွာနေသူအချို့က ပြောဆိုသည်။

“မနေ့က ဒီအချိန်ကတည်းက ပြောင်းရတာ၊ ဒီနေ့တော့ ရေကျသွားလို့ (အိမ်သို့) ပြန်ပြောင်းနေကြပြီ” ဟု လုံးဖောရွာနေ အမျိုးသမီးက ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ လေးနာရီအချိန်က ပြောသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအလွန်ကောင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ညနေ လေးနာရီက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းအထိ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ပြီး မိုးကြီးနိုင်ကာ၊ ရွာရန်ရွာနှုန်းအပြည့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နောက်နှစ်ရက်အထိ ကမ်းရိုးတန်းဒေသများတွင် မိုးပိုမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။