မလေးရှားတွင် ထားဝယ်သားတစ်ဦး ခြိမ်းခြောက်ခံရသဖြင့် လှေပေါ်ကခုန်ချထွက်ပြေး

0
1627

မလေးရှားနိုင်ငံ ကန်လတန်းပြည်နယ်ရှိ ငါးဖမ်းလှေပေါ်လုပ်ကိုင်နေသော ထားဝယ်ဒေသခံတစ်ဦးသည် အသက်အန္တရာယ်ခြိမ်းခြောက်ခံရသဖြင့် လှေပေါ်က ခုန်ချထွက်ပြေးလာကြောင်း မလေးရှား အခြေစိုက် နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ထံမှ သိရသည်။

အတူတူလုပ်ကိုင်နေသော မြန်မာနိုင်ငံသားအချင်းချင်းက သတ်မည်ဟု အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့သဖြင့် ပြဿနာ ထပ်မံမဖြစ်စေရန် ညဘက် လှေပေါ်က ခုန်ချခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်က ပြောဆိုကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

လှေပေါ်က ခုန်ချထွက်ပြေးလာသူမှာ ကိုကျော်ထိုက် ဆိုသူခေါ်ပြီး သရက်ချောင်းမြို့နယ် ရငဲကျေးရွာ ဇာတိဖြစ်ကြောင်း ယင်းအဖွဲ့ တာဝန်ခံ ကိုသက်ခိုင်စိုးက ပြောသည်။

ကမ်းစပ်သို့ ကူးခတ်လာနိုင်ခဲ့ပြီး ဖုန်းမပါ သူငယ်ချင်းမရှိသည့်အပြင် မလေးရှားဘာသာစကားလည်း မပြောတတ်သဖြင့် ငါးရက်ကြာသည်အထိ လမ်းလျှောက်သွားနေခဲ့ရကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

“လမ်းလျှောက်ရင်းနဲ့မှ ဗမာတွေများတွေ့ရင် အဆင်ပြေမလားလို့ လမ်းပေါ်လိုက်ရှာတာ။ ထမင်းမစားရဘူး။ ကြက်မောက်သီးတွေ ဘာတွေပဲ စားရတာ” ဟု ကိုကျော်ထိုက်က ဗီဒီယိုဖိုင်တွင် ပြောကြားထားသည်။

ယင်းသို့ သွားနေခဲ့ရာမှ အိန္ဒိယလူမျိုး မလေးရှားနိုင်ငံသား ကားသမားတစ်ဦးက တွေ့ခဲ့ပြီးနောက် ကားသမားက မြန်မာသူငယ်ချင်းဖြစ်သူထံသို့ ဖုန်းဆက်အကြောင်းကြားပေးခဲ့ကြောင်း ကိုသက်ခိုင်စိုးက ဆိုသည်။

မြန်မာအလုပ်သမားတွင် စာရွက်စာတမ်းမရှိသဖြင့် ရဲအဖမ်းခံရနိုင်ကြောင်း ကားသမားက ပြောဆိုပြီး ကားသမားသည် လည်း ကွာလာလမ်ပူ ပူချွန်းသို့အပြန်ဖြစ်နေသဖြင့် မြန်မာအလုပ်သမားကို ကားပေါ်ခေါ်တင်လာခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းနောက် စက်တင်ဘာလ ၁ ရက်နေ့တွင် နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ထံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ကိုကျော်ထိုက်သည် မလေးရှားနိုင်ငံသို့ ရောက်ရှိသည်မှာ ၅ လခန့်သာရှိသေးကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

လက်ရှိအချိန်တွင် ကိုကျော်ထိုက်ကို နှလုံးလှရုံးခန်းတွင် အလုပ်ရရှိသည်အထိ ကူညီစောင့်ရှောက်ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။