ပေါင်တွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

0
1731
ပုံစာ - နယ်ထိန်းရဲ ပစ်ခတ်ခံရသည့် မိုးနိုင်းရပ်ကွက်နှင့် ပေါင်းရပ်ကွက်ကြား ရန်‌ကုန်-မော်လမြိုင်ကားလမ်း။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်နှင့် ပေါင်းရပ်ကွက်ကြား ရန်‌ကုန်-မော်လမြိုင်ကားလမ်းတွင် စက်တင်ဘာလ ၃ ရက်နေ့က နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပေါင်မြို့မရဲစခန်းမှ မိုးနိုင်းရပ်ကွက် နယ်ထိန်းရဲ တပ်ကြပ်ကိုကိုလွင်သည် ယမန်နေ့ ည‌နေ ၄ နာရီခန့်က မိုးနိုင်းဘက်မှ ဆိုင်ကယ်မောင်းနှင်လာစဉ် အမည်မသိသေနတ်သမားတို့က အနောက်က ဆိုင်ကယ်ဖြင့် လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

နယ်ထိန်းရဲတွင် မျက်နှာ၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့‌ကြောင်း ပေါက်မြို့ခံတစ်ဦးက ဆိုသည်။

“ပေါင်မှာ ရဲတွေ ပစ်ခတ်ခဲ့ရတာက မကြာခဏဖြစ်နေတယ်။ အခုလည်း ရဲက ဆိုင်ကယ်နဲ့ သွားနေချိန်မှာ အနောက်ကနေ ပစ်ထည့်သွားတာ ၁၀ ချက်လောက်ရှိမယ်။ သေနတ်သမားတွေက အသင့်စောင့်နေတာထင်တယ်” ဟု ၎င်းက ပြောဆိုသည်။

နယ်ထိန်းရဲ၏ ရုပ်အလောင်းကို ပေါင်မြို့မရဲစခန်းက လာရောင်သယ်ဆောင်သွားကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

နယ်ထိန်းရဲ တပ်ကြပ်ကိုကိုလွင်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။

ဩဂုတ်လအတွင်းကလည်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး ပေါင်မြို့နယ် ပန်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် ပစ်သတ်ခံခဲ့ရသေးသည်။

ယင်းအပြင် ဇူလိုင်လကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ နယ်ထိန်းရဲ စိုးဇော်အောင်နှင့် ဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူကို စည်သူတို့နှစ်ဦး စားသောက်ဆိုင်တွင်ထိုင်နေစဉ် အမည်မသိသေနတ်သမားတို့က လာရောက်ပြီး ပစ်သတ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းက နယ်ထိန်းနှင့် ရဲတပ်သားတစ်ဦးလည်း ပစ်သတ်ခံခဲ့ရသေးသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါင်မြို့နယ်အတွင်း၌ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်မှူးနှင့် အဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေး ဆိုသူများကို ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။