စစ်တပ်က ယူနီဖောင်းပြောင်းပြီး ထားဝယ်ထောင်ကိုအုပ်ချုပ်

0
1704

ထားဝယ်အကျဉ်းထောင်ကို စစ်တပ်က ယူနီဖောင်းပြောင်းကာ ရောက်ရှိလာသူများ အုပ်ချုပ်နေကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်-DPPN ထံက သိရသည်။

ထားဝယ်ထောင်မှူး၊ ဒုထောင်မှူးအပါအဝင် ထောင်ဝန်ထမ်းများ ဖမ်းဆီးခံရပြီးနောက် ယင်းသို့အစားထိုးလာခြင်း ဖြစ်ကြောင်း ဆိုသည်။

“အခုလက်ရှိ ထောင်ထဲမှာရှိနေတဲ့ ဝန်ထမ်းအားလုံးနီးပါးက အရေးယူခံနေရတယ်။ ကျွန်တော်တို့ သိထားရတာဆို စစ်တပ်က အသွင်ပြောင်းပြီးတော့ ထောင်ကိုလာပြီးတော့အုပ်ချုပ်နေတယ်။ ထောင်ကိုလာပြီးတော့ စီးနင်းထားတယ်လို့ သိထားရတယ်” ဟု DPPN အဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။

ဇူလိုင်လ ၁၁ ရက်နေ့က လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနှင့် စစ်ကောင်စီတပ်ဖွဲ့က ထားဝယ်ထောင်ကို ဝင်ရောက်စစ်ဆေးရာတွင် မူးယစ်ဆေးအချို့ကို ရှာဖွေတွေ့ရှိပြီးနောက် ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက်လုပ်လာသည်။

ဩဂုတ်လ ၁၄ ရက်က ဒုထောင်မှူး ဦးသူရိန်ထွန်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ရှာဖွေခဲ့ရာ WY စိတ်ကြွ ဆေးပြားများ၊ ICE ၊ ဆေးခြောက်နှင့် ကီးပတ်ဖုန်းအလုံးရေ ၈၀ ခန့်နှင့် ကျည်ဆန်အချို့ကို ထပ်မံဖမ်းမိခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ထောင်မှူး ဦးအောင်နိုင်ဖေ၊ ဒုထောင်မှူး ဦးသူရိန်ထွန်း၊ အိပ်ဆောင်မှူး ဗိုလ်လေး၊ ဆေးမှူးကြီး ဦးဝင်းဇော် အပါအဝင် ထောင်အရာရှိများနှင့် ထောင်ဝန်ထမ်း ၁၅ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း DPPN အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

၎င်းတို့ကို မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှု၊ ပူးပေါင်းကြံစည်မှု၊ နိုင်ငံဝန်ထမ်းရာထူးကိုအသုံးပြုပြီး အပြစ်ကျူးလွန်မှုနှင့် အုပ်ချုပ်မှုညံ့ဖျင်းမှု တို့ဖြင့် တရားစွဲထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အတွင်းသတင်းများအရ သိရသည်။

ထောင်တွင်းမှာ ဖုန်းဖမ်းမိသည့်ကိစ္စနှင့်ပက်သက်ပြီး နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်နှိပ်စက်ခြင်း၊ ဖိနှိပ်ခြင်း၊ တိုက်ပိတ်ခြင်း၊ ထောင်ဝင်စာပို့ခွင့်ပိတ်ပင်ခြင်း စသည်တို့ကိုလည်း လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

အထက်ပါဖြစ်ရပ်များကိုလည်းပြင်ပသို့ မပေါက်ကြားအောင် သတင်းအမှောင်ချထားကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ပိုပြီးတော့ စိုးရိမ်ချက်ရှိတာပေါ့။ စစ်တပ်က အသွင်ပြောင်းလာတဲ့လူတွေက အကျဉ်းထောင်ရဲ့ လက်စွဲ ဥပဒေက ဘယ်လိုရှိတယ်၊ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်က ဘယ်လိုရှိတယ်၊ ထောင်ရဲ့ စီမံအုပ်ချုပ်မှုက ဘယ်လို ရှိတယ်ဆိုတာ အဲ့ဒါတွေ သူတို့ မသိဘူး၊ ဂရုလည်းမစိုက်ဘူး၊ သူတို့က သူတို့စိတ်ထဲက ထင်ရာနဲ့ သူတို့ အုပ်ချုပ်မယ်” ဟု DPPN အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်းက ဆက်လက်ပြောဆိုသည်။

ထားဝယ်ထောင်တွင် လူသစ်များပြောင်းလာပြီးသည့်နောက်တွင် အစစ်ဆေးတင်းကျပ်နေပြီး စားသောက်ဖွယ်ရာ များကို ဗန်းထဲလောင်းထည့်ကာ မွှေနှောက်ရှာဖွေစစ်ဆေးသည့်အပြင် တုံကင်စနစ်ဖြင့် လက်ခံသည့် စားစရာများ ကိုလည်း အကန့်အသတ်ဖြင့်သာ လက်ခံတော့ကြောင်း ထောင်ဝင်စာပို့နေသူများက ပြောသည်။

အကျဉ်းကျနေသည့် သားဖြစ်သူအတွက် စားသောက်ဖွယ်ရာများ ပေးပို့ရာတွင် အကန့်အသတ်ဖြင့်သာ လက်ခံသဖြင့် စားစရာများကို ပြန်ယူလာခဲ့ရကြောင်း ထောင်ဝင်စာပေးပို့ခဲ့သည့် ဖခင်တစ်ဦးက ဆိုသည်။

“မနက်ကသွားပို့တာ ပစ္စည်းတွေနည်းနည်းပဲ ပို့ခွင့်ရတယ်။ သုံးလေးမျိုးလောက်ပဲရတယ်။ ကော်ဖီမစ်ထုတ်ကြီး ပေးရင်လည်း အထုတ်ငယ် ငါးထုတ်ပဲပေး၊ စားစရာတွေဆိုလည်း သုံးထုတ်ပေးရာမှာ တစ်ထုတ်ပဲပေးရတယ်။ ဟင်းသီးဟင်းရွက် အစိုတွေဆိုလည်း မရဘူး။ အများကြီးလျှော့ချလိုက်တာပေါ့” ဟု ၎င်းက ပြောသည်။

ထောင်ဝင်စာ ပါဆယ်မပို့နိုင်သည့် ရပ်ဝေးက မိသားစုဝင်များနှင့် ချို့တဲ့ မိသားစုဝင်များ၏ အကျဉ်းသားများအတွက် သူငယ်ချင်းမိတ်ဆွေများနှင့် အခြားမိသားစုဝင်များက စားစရာများနှင့် လိုအပ်သည်များကို ပေးပို့နေသည့်ကိုလည်း တားမြစ်လိုက်ကြောင်း ထောင်ဝင်စာပို့နေသူ မြို့ခံတစ်ဦးက ပြောသည်။

ထောင်ဝင်စာလာပို့သူကို အကျဉ်းသားနှင့် မည်သို့တော်စပ်ကြောင်း မေးမြန်းခြင်း၊ အိမ်ထောင်စုဖြင့် တိုက်ဆိုင် စစ်ဆေးပြီး အကျဉ်းသား၏ မိသားစုဝင် ဆွေမျိုးတော်စပ်သူမဟုတ်ပါက ပစ္စည်းပေးပို့ခွင့်မပေးကြောင်း ၎င်းက ပြောသည်။

“အခုက ကျွန်တော်မပို့ရတော့ဘူး။ သူ့မိသားဝင်ပဲ ပို့ရတယ်။ အပြင်လူပို့မရတော့ဘူး။ ကြာပြီဆို နှစ်ပတ်လောက်ရှိပြီပေါ့” ဟု အထက်ပါမြို့ခံအမျိုးသားက ပြောဆိုသည်။

စစ်ကောင်စီက ကိုဗစ်ကပ်ရောဂါအကြောင်းပြပြီး အကျဉ်းသားများကို မိသားစုများနှင့် ထိတွေ့ပြောဆိုခွင့်ကို ယနေ့အထိ ပိတ်ထားခြင်းလည်းဖြစ်သည်။

တစ်ပတ်ကို တစ်ရက်သာ ပစ္စည်းပို့ခွင့်ရှိသည့် အကျဉ်းထောင်တွင် တစ်ပတ်စာအတွက် စားစရာကို ယခင်ကလို များများစားစားပေး၍ မရတော့သဖြင့် အကျဉ်းသားများ၏ စားရေးသောက်ရေးအခက်အခဲဖြစ်လာနိုင်ပြီး ကျန်းမာရေး ထိခိုက်လာနိုင်ကြောင်း ထောင်ဝင်စာပေးပို့နေသည့် မိသားစုဝင်များနှင့် DPPN အဖွဲ့ဝင်က ဆိုသည်။