ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
3457

ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် အတက်အကျကြမ်းသည့်ကာလဖြစ်သည်။

ထိုင်းဘတ်ဈေးလည်း အပြောင်းအလဲများနေပြီး ဓာတ်ဆီဈေးမှာ ငြိမ်နေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ပြည်တွင်းရွှေဈေးမှာ အတက်အကျကြမ်းခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်သိန်းဂဏန်းအထိ အပြောင်းအလဲဖြစ်နေခဲ့သည်။

တစ်ရက်နှင့်တစ်ရက် ဈေးကွာခြားချက်မှာ တစ်ကျပ်သားလျှင် ငါးသောင်းကျပ်မှ ကျပ်တစ်သိန်းအထိ အတက်အကျရှိနေသည်။

ဩဂုတ်လ ၂၁ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉ သိန်း ဈေးဖွင့်ခဲ့ရာမှ နောက်တစ်ရက်တွင် ၃၇ သိန်းဖြစ်သွားသည်။

ဩဂုတ်လ  ၂၈ ရက်နေ့ နံနက်တွင် ထားဝယ်ဈေးကွက်အတွင်း ၃၇ သိန်းဈေးဖွင့်ထားပြီး နောက်တစ်ရက်တွင် ၃၇သိန်းခွဲဖြစ်သွားသည်။

စံချိန်တင်တက်ခဲ့သည့် ထိုင်းဘတ်ဈေးမှာ အနည်းငယ်ကျဆင်းလာသော်လည်း ဈေးအမြင့်တွင် ဆက်ရှိနေဆဲဖြစ်သည်။

ထိုင်းငွေတစ်ဘတ်လျှင်  ၁၀၃  ကျပ်နှင့် ၁၀၅ ဝန်းကျင်အတွင်း ဈေးဖွင့်ထားသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၇၀  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာမူ အပြောင်းအလဲနည်းနေပြီး ငြိမ်သလောက်ဖြစ်နေသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၃၅၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၀၀ ကျပ်မှ  ၃၃၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ လက်ရှိနှုန်းထားအတိုင်းပင် ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

ပြည်တွင်းရွှေဈေး အတက်အကျကြမ်းနေချိန်တွင် ကမ္ဘာ့ရွှေဈေးပြန်တက်လာပြီး တစ်အောင်စလျှင် ၁၉၄၀ ဒေါ်လာ ဈေးတန်းသို့ ပြန်ရောက်လာသည်။ ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၉၁၅ ဒေါ်လာသာ ပေါက်ဈေးရှိခဲ့သည်။

နိုင်ငံခြားငွေကြေး အဓိကစီးဝင်လည်ပတ်နေသည့် မြန်မာဘဏ်နှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့မှုနှင့် စင်ကာပူဘဏ် UOB က မြန်မာနှင့် လက်တွဲဖြုတ်မှုကြောင့် ကျပ်ငွေတန်ဖိုးကျနေချိန် ပြည်တွင်းအထွေထွေကုန်ဈေးနှုန်း အဆမတန်တက်နေသည်။

ရွှေဈေး အပါအဝင် အထွေထွေကုန်ဈေးနှုန်းတက်နေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များကို စစ်ကောင်စီက ပစ်မှတ်ထားစစ်ဆေး ဖမ်းဆီးမှုများ ခပ်စိပ်စိပ် လုပ်ဆောင်လာသည်။

ဈေးကစားသည်ဟုဆိုကာ ရွှေ ၊စားသုံးဆီ၊ နိုင်ငံခြားငွေရောင်းဝယ်ရေး စသည့်လုပ်ငန်းရှင်များကို စစ်ဆေးဖမ်းဆီး နေခြင်းဖြစ်သည်။

ဒေါ်လာငွေလဲနှုန်းတက်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၀၀ ကျပ်ဝန်းကျင် ဈေးဖွင့်ထားသည်။

ထိုင်းဘတ်ဈေးလည်း အပြောင်းအလဲရှိနိုင်သော်လည်း ဈေးအမြင့်တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

ဘတ်ဈေးမှာ နိုင်ငံရေးအခြေအနေ၊ ကုန်သွယ်ရေး စသည့်အချက်များ အပေါ်မှီတည်နေသည်။

နိုင်ငံတကာငွေပေးချေမှုအတွက် ဘဏ္ဏာရေးလမ်းကြောင်းများကို အရေးယူဖြတ်တောက်ခံထားရချိန်တွင် နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု အဆင်ပြေစေရေးအတွက် နိုင်ငံ ခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့် လိုင်စင်ရ ဘဏ်များတွင် ထိုင်းဘတ်ငွေဖြင့် ဆောင်ရွက်ခွင့်ပြုထားသည်။

ထိုကြောင့်လည်း ထိုင်းဘတ်ဝယ်လိုအားများပြီး ဘတ်ငွေလဲနှုန်းမှာ ဈေးတန်းအမြင့်တွင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေပြီး ဒေါ်လာငွေလဲနှုန်းကလည်း အမြင့်ဆုံးဈေးတွင် ဆက်ရှိနေသည်။

အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၃၇၀၀ကျပ်ဝန်းကျင်ဖြင့် ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။

ထို့အပြင် ပြည်တွင်းသုံး စက်သုံးဆီအားလုံးနီးပါးကို ပြည်ပမှတင်သွင်းနေရသည့်အတွက် စင်္ကာပူဘဏ်UOB ၏ ထုတ်ပြန်ချက်ကြောင့် လက်ရှိနှုန်းထားအတိုင်း ဆက်ရှိနေမည်ဖြစ်သည်။

ထိုကြောင့်လာမည့်အပတ် 92 ဓာတ်ဆီတစ်လီတာလျှင် ကျပ်နှစ်ထောင်သုံးရာဝန်းကျော်ဖြင့်ပင် ဈေးဖွင့်နေမည်ဖြစ်သည်။