ပတ္တရားတွင် မြန်မာပစ္စည်းအရောင်းဆိုင်အချို့ကို ရဲဝတ်စုံဝတ်ထားသူများက ခြိမ်းခြောက်ငွေညှစ်

0
1599

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရားမြို့ပေါ်ရှိ မြန်မာပစ္စည်းများ ရောင်းချနေသော စတိုးဆိုင်အချို့ကို ထိုင်းရဲဝတ်စုံဝတ်ထားသူများက ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

 ဩဂုတ်လ ၂၇ ရက်နေ့တွင် ထိုင်းရဲဝတ်စုံဝတ်ထားသူများက မြန်မာပစ္စည်းများ ရောင်းချမှုသည် တရားမဝင်ကြောင်းပြောကြား၍ ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်ခဲ့သဖြင့် ပတ္တရားရဲစခန်းသို့ ထိုင်းဆိုင်ပိုင်ရှင်များက လာရောက်အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းရဲဟန်ဆောင်ထားသော အမျိုးသားများသည် ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ထိုင်းဘာသာဖြင့် ရေးသားထားခြင်းမရှိသော မြန်မာပစ္စည်းများသည် FDA ခွင့်ပြုချက်မရှိသဖြင့် ရောင်းချခွင့်မရှိဘဲ သိမ်းဆည်းမည်ဟု ပြောဆိုခဲ့ကြောင်း ဆိုင်ရှင်၏ ပြောကြားချက်ကို ဖော်ပြထားသည်။

အကယ်၍ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက ဘတ် ၂ သိန်းမှ ၃ သိန်းအထိ ဒဏ်ငွေပေးဆောင်ရန် အရေးယူခံရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု ဖော်ပြထားသည်။

ဆိုင်ရှင်က ကြောက်လန့်ပြီး ရဲဟန်ဆောင်ထားသူများကို ဘတ် ၂၀၀၀၀ ဖြင့် ညှိနှိုင်းပေးဆောင်ခဲ့ပြီးနောက် ရဲဟန်ဆောင်ထားသူများကလည်း နောက်ထပ် လစဉ်ကြေးအနေဖြင့် ဘတ် ၁၀၀၀ -၂၀၀၀ ပေးဆောင်ရန် ထပ်မံပြောကြားခဲ့သေးကြောင်း ဆိုင်ရှင်တစ်ဦး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

နောက်ထပ် ဆိုင်ပိုင်ရှင်တစ်ဦးကလည်း ၎င်းရဲဟန်ဆောင်ထားသူများ ဆိုင်အတွင်းဝင်ရောက်လာခဲ့ပြီး မြန်မာပစ္စည်းများ ရောင်းချခွင့်မရှိကြောင်း ပြောကြားခဲ့သဖြင့် ကြောက်ရွံ့ပြီး ဘတ် ၂၀၀၀၀ ပေးဆောင်လိုက်ရကြောင်း ထပ်မံပြောကြားချက်ကို ဖော်ပြထားသည်။

ဆိုင်ရှင်များက ငွေပေးခဲ့ပြီးနောက်တွင်မှ လိမ်လည်သည်ဟု ယူဆသဖြင့် ရဲစခန်းတွင် သွားရောက် အမှုဖွင့်ခဲ့ကြခြင်းဖြစ်သည်။

 ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး ဘဏ်ငွေရှင်းဖြတ်ပိုင်းများ ပြန်ကြည့်ရာတွင် ငွေလက်ခံထားသော ဘဏ်အကောင့်ပိုင်ရှင်မှာ သေဆုံးသူတစ်ဦး၏ အကောင့်ဖြစ်နေပြီး CCTV မှတ်တမ်းများအရလည်း ၎င်းတို့သည် တစ်အုပ်စုတည်း ဖြစ်ကြောင်း စုံစမ်းရရှိချက်ကို ဖော်ပြထားသည်။

 လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့အဖြစ် ဟန်ဆောင်ခဲ့သူများသည် ရဲတပ်ဖွဲ့ဝင် အစစ်ဟုတ်မဟုတ် ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဘဏ်အကောင့်ကို ပိတ်သိမ်းထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Daily News, Naewna, Thairath