လောင်းလုံး တီဇစ်ရွာကို စစ်ကြောင်းထိုးနေသဖြင့် လူထောင်ချီထွက်ပြေး၊ ဒေသခံဆယ်ချီအဖမ်းခံရ

0
1431

လောင်းလုံးမြို့နယ် တီဇစ်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံထောင်နှင့်ချီ ထွက်ပြေး‌တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်အင်အား ၆၀ ခန့်သည် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းကစပြီး လောင်းလုံးမြိုသို့ ရောက်ရှိလာ ပြီးနောက် ညနေပိုင်းတွင် မြို့၏ အနောင်တောင်ဘက် စမ်းလှမ်းရွာမှတစ်ဆင့် ထပ်ကုန်းပြင်၊ ဖိုးလမော်၊ တီဇစ်ရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညနေသုံးနာရီလောက်ရှိပြီ သူတို့လာတာ။ ကုန်းကြောင်းအတိုင်းပဲလာတာ။ လမ်းက ဖမ်းလာတဲ့သူက သုံးဆယ်နီးပါး လောက်ရှိတယ်လို့ ကြားရတယ်။ ရွာကလူတွေနဲ့ပါဆို ခြောက်ဆယ်လောက်ရှိမယ်။ ညကတဲ့က တီဇစ် အထက် ကျောင်း (ဘုန်းကြီးကျောင်း) မှာ ဖမ်းထားတဲ့သူတွေနဲ့အတူ သူတို့ တပ်စွဲနေထိုင်လိုက်တယ်” ဟု ၎င်းကပြောသည်။

စစ်ကြောင်းဝင်လာချိန်မှ ယနေ့ ဩဂုတ်လ ၂၇ ရက် နေ့လယ်ပိုင်းအထိ နှစ်ဖက်ပစ်ခတ်မှု မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

“ယနေ့ မနက်ပိုင်းကတော့ လက်နက်ကြီး နှစ်ချက်ပစ်တယ်။ လှန့်ပစ်တဲ့ ပုံစံမျိုး” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကြောင်းဝင်လာသည့်အတွက်ကြောင့် တီဇစ်ရွာရှိအိမ်ခြေ ၄၈၀ ကျော်က ဒေသခံအများမှာ ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းကစပြီး နီးစပ်ရာ ဘေးကင်းသည့်နေရာများတွင် ရွှေ့ပြောင်းနေထိုင်နေကြကြောင်း ဒေသခံများ၏ ပြောကြားချက် အရသိရသည်။

စစ်ကောင်စီတပ်သည် ယမန်နှစ် ဇွန်လ ၁၈ ရက်နေ့ကလည်း ယင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ဖူးသည်။

တီဇစ်ရွာသည် ပင်လယ်ကမ်းခြေပေါက် ကျေးရွာတစ်ရွာဖြစ်ပြီး ဒေသခံအများစုမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးခဲ့ကြသည်။