ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1719

ရွှေနှင့် ထိုင်းဘတ်ဈေးမှာ အတက်အကျကြမ်းသည့်ကာလ ဖြစ်ပြီး ဈေးအပြောင်းအလဲများခဲ့သည်။

ဓာတ်ဆီဈေးကလည်း အမြင့်ဘက်ရောက်နေပြီး တရွေ့ရွေ့တက်ခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ကျပ်ငွေတန်ဖိုးဆက်တိုက်ကျနေသည့်ဂယက်ကြောင့် ပြည်တွင်းရွှေဈေးမှာ အတက်အကျကြမ်းခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်သိန်းချီ အတက်အကျဖြစ်ခဲ့သည့် ကာလဖြစ်သည်။

ပြီးခဲ့သည့်အပတ်က အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်းလေးဆယ်နီးပါးအထိ မြင့်တက်ခဲ့ပြီးနောက် ယခုအပတ်တွင် အချိန်အလိုက် အပြောင်းအလဲများနေခဲ့သည်။

တစ်ရက်နှင့်တစ်ရက် ဈေးကွာခြားချက်မှာ တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သိန်းအထိ အတက်အကျဖြစ်နေခဲ့သည်။

ဩဂုတ်လ ၂၁ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉ သိန်း ဈေးဖွင့်ခဲ့ရာမှ နောက်တစ်ရက်တွင် ၃၇ သိန်းဖြစ်သွားသည်။

ဩဂုတ်လ  ၂၆ ရက်နေ့ နံနက်တွင် ထားဝယ်ဈေးကွက်အတွင်း ၃၈ သိန်းဈေးဖွင့်ထားသည်။

ထိုင်းဘတ်ဈေးလည်း စံချိန်တင်တက်သွားပြီး ခေတ်အဆက်ဆက် မရှိခဲ့ဖူးသည့် နှုန်းထားတစ်ခုသို့ ရောက်သွားရာမှ အတက်အကျ များနေခဲ့သည်။

ထိုင်းငွေတစ်ဘတ်လျှင်  ၁၀၁  ကျပ်စွန်းစွန်းမှ ကျပ်၁၀၆ ကျော်အထိ အပြောင်းအလဲများနေသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၅၆  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာ အပြောင်းအလဲနည်းနေပြီး အတက်ဘက်ရောက်နေသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၃၅၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၀၀ ကျပ်မှ  ၃၃၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

ပြည်တွင်းရွှေဈေး အတက်အကျကြမ်းနေချိန်တွင် ကမ္ဘာ့ရွှေဈေးပြန်တက်လာပြီး တစ်အောင်စလျှင် ၁၉၁၅ ဒေါ်လာ ဈေးတန်းသို့ ပြန်ရောက်လာသည်။ ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၈၈၉ ဒေါ်လာသာ ပေါက်ဈေးရှိခဲ့သည်။

နိုင်ငံခြားငွေကြေး အဓိကစီးဝင်လည်ပတ်နေသည့် မြန်မာဘဏ်နှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့မှုနှင့် စင်ကာပူဘဏ် UOB က မြန်မာနှင့် လက်တွဲဖြုတ်မှုကြောင့် ကျပ်ငွေတန်ဖိုး ဇောက်ထိုးကျသွားခဲ့သည်။

ထိုကြောင့် ဒေါ်လာငွေလဲနှုန်းခုန်တက်သွားပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄၀၀၀ ကျပ်နီးပါးအထိ ဖြစ်သွားခဲ့သည်။

လက်ရှိအချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၀၀ ဝန်းကျင်ပေါက်ဈေးရှိနေသည်။

ပြည်တွင်းရွှေဈေးမှာ အမေရိကန်ဒေါ်လဲငွေလဲနှုန်းအပေါ်တွင် တည်မှီနေသည့်အတွက် ရွှေဈေးလည်း ကျွဲကူးရေပါ ပြောင်းလဲနေခြင်းဖြစ်သည်။

ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲရှိနိုင်သော်လည်း အမြင့်ဈေးတွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

ဘတ်ဈေးမှာ နိုင်ငံရေးအခြေအနေ၊ ကုန်သွယ်ရေး စသည့်အချက်များ အပေါ်မှီတည်နေသည်။

နိုင်ငံတကာငွေပေးချေမှုအတွက် ဘဏ္ဏာရေးလမ်းကြောင်းများကို အမေရိကန်က အရေးယူဖြတ်တောက်ထားချိန်တွင် စစ်ကောင်စီက အခက်တွေ့နေသည့် အခြေအနေဖြစ်နေသည်။

ထိုကြောင့် စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု အဆင်ပြေစေရေးအတွက် နိုင်ငံ ခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့် လိုင်စင်ရဘဏ်များတွင် ထိုင်းဘတ်ငွေဖြင့် ဆောင်ရွက်ခွင့်ပြုထားသည်။

ထိုကြောင့် ထိုင်းဘတ်ငွေလဲနှုန်းမှာ အတက်ဘက်တွင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေပြီး ဒေါ်လာငွေလဲနှုန်းကလည်း အမြင့်ဆုံးဈေးတွင် ဆက်ရှိနေသည်။

အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၃၇၀၀ကျပ်ဝန်းကျင်ဖြင့် ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။

ထို့အပြင် ပြည်တွင်းသုံး စက်သုံးဆီအားလုံးနီးပါးကို ပြည်ပမှတင်သွင်းနေရသည့်အတွက် စင်္ကာပူဘဏ်UOB ၏ ထုတ်ပြန်ချက်ကြောင့် လက်ရှိနှုန်းထားအတိုင်း ဆက်ရှိနေမည်ဖြစ်သည်။

ထိုကြောင့်လာမည့်အပတ် 92 ဓာတ်ဆီတစ်လီတာလျှင် ကျပ်နှစ်ထောင်သုံးရာဝန်းကျင်ဖြင့် ဈေးဖွင့်နေမည်ဖြစ်သည်။