တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1480

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းသူတွေကို အမေရိကန်အရေးယူ

နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေတဲ့ မြန်မာစစ်ကောင်စီအတွက်လေယာဉ်ဆီ တင်သွင်းပေးတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန်အစိုးရက အရေးယူလိုက်ပါတယ်။

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးနေတဲ့ Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊ အရင်ကပင် ပိတ်ဆို့အရေးယူထားရာမှာပါဝင်တဲ့ Asia Sun ကုမ္ပဏီအုပ်စုထဲက ကုမ္ပဏီ ၁၁ ခုရဲ့ ပိုင်ရှင် ဦးဇော်မင်းထွန်းတို့ကို ဩဂုတ်လ ၂၃ ရက်က အရေးယူလိုက်တာပါ။

ဒေါ်ခင်ဖြူဝင်းပိုင်တဲ့ လုပ်ငန်းခွဲ ၂ ခုဖြစ်တဲ့ PEIA (Puma Energy Irrawaddy Aviation) နဲ့ P.E.I Energy (Puma Energy Irrawaddy) ကုမ္ပဏီတွေလည်း အရေးယူခံရရာမှာ ပါဝင်ပါတယ်။

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးပေးနေသူတွေကို ထပ်ပြီးအရေးယူသွားဦးမယ်လို့လည်းအမေရိကန်အစိုးက ပြောဆိုထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု မြင့်တက်လာချိန် စစ်ကောင်စီဆီသို့ လေယာဉ်ဆီ တင်သွင်းသူတွေကို အရေးယူလာတဲ့အပေါ် ထောက်ခံကြောင်း မှတ်ချက်ပေးမှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းမှုတွေကို ထပ်မံပိတ်ဆို့အရေးယူဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

……………………………………

ဒေါ်လာကိုင်ဆောင်ခွင့် စစ်ကောင်စီကန့်သတ်

အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ကို ထိန်းချုပ်ကန့်သတ်ဖို့ စစ်ကောင်စီကကြိုးပမ်းလာ ပါတယ်။

လူတစ်ဦးကို ဒေါ်လာတစ်သောင်းပဲ အချိန်ခြောက်လအထိ ကိုင်ခွင့်ပြုတဲ့အပြင် ကိုင်ဆောင်တဲ့ ကာလခြောက်လ ကျော်္ရင်လည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၂၀ ရက်နေ့မှာ ကြေညာချက်ထုတ်ထားပါတယ်။

တခြားနိုင်ငံခြားငွေကြေးဆိုရင်လည်း အမေရိကန်ဒေါ်လာ တစ်သောင်းထက် မပိုတဲ့ငွေကို ကိုင်ဆောင်ခွင့်ပြုတယ်လို့ ဆိုပါတယ်။ အချိန်ခြောက်လပြည့်ရင် နိုင်ငံခြားသုံးငွေ လုပ်ငန်းလိုင်စင်ရှိသူတွေဆီမှာ ရောင်းချလဲလှယ်တာ ဒါမှမဟုတ် ဘဏ်စာရင်းထဲ ထည့်ရမယ်လို့ ကန့်သတ်ထားတာပါ။

ဒေါ်လာဈေးအဆမတန်မြင့်တက်နေတာကို စစ်ကောင်စီက ကန့်သတ်ချက်အမျိုးမျိုးထုတ်ပြီးတော့ထိန်းချုပ်ဖို့ကြိုးစား ခဲ့ပြီး အခုကြေညာချက်ကလည်း ထိန်းချုပ်ဖို့ကြိုးစားတဲ့ နောက်ထပ်လုပ်ရပ်တစ်ခုလို့ဝေဖန်မှုတွေ ရှိနေပါတယ်။

……………………………………

စစ်ကောင်စီကို လက်နက်၊ လေယာဉ်ဆီ၊ ငွေကြေးဖြတ်တောက်ပစ်ဖို့ ဦးကျော်မိုးထွန်းတောင်းဆို

မြန်မာစစ်ကောင်စီကို လက်နက်၊ လေယာဉ်ဆီ၊ ငွေကြေးဖြတ်တာက်ပစ်ဖို့ မြန်မာသံအမတ်ကြီးဦးကျော်မိုထွန်းက တောင်းဆိုလိုက်ပါတယ်။

ဩဂုတ်လ ၂၃ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို တောင်းဆိုခဲ့တာပါ။

စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေသုံးပြီး ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေလို့ အခုလိုတောင်းဆိုတာလို့ သံအမတ်ကြီးက ဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ လေးထောင်ကျော်အသတ်ခံရပြီး ပြည်သူ နှစ်သန်းနီးပါး စစ်ဘေးရှောင် နေကြရသလို နေအိမ် ခုနစ်သောင်းခွဲကျော်လည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအရေးအတွက် ပိုမိုထိရောက်ပြင်းထန်တဲ့ဆုံးဖြတ်အသစ်တွေကို ချမှတ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

လုံခြုံရေးကောင်စီတံပိတ်အစည်းအဝေးအပြီးမှာ အဖွဲ့ ၁၃ နိုင်ငံက ပူးတွဲကြေညာချက်ထုတ်ခဲ့ပါတယ်။အရပ်သားတွေကို သတ်ဖြတ်နေတာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကို အပြင်းအထန်ပြစ်တင်ရှုတ်ချခဲ့ပြီး မြန်မာအရေး အတွက် လုံခြုံရေးကောင်စီက ၂၀၂၂ခုနှစ်မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်တွေကို အပြည့်အဝအကောင်အထည်ဖော်ဖို့ ထပ်မံအတည်ပြုခဲ့တာပါ။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်တွေမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ် ပေးဖို့၊ အာဆီယံ သဘောတူညီချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတွေရဲ့ မဲဆန္ဒကို လေးစားလိုက်နာဖို့၊ လူ့အခွင့်အရေးလိုက်နာဖို့၊လူသားချင်းစာနာမှု အကူအညီတွေကို အကန့် အသတ်မရှိ ခွင့်ပြုပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားကတော့ ဒီပူးတွဲကြေညာချက်မှာ မပါဝင်ခဲ့ကြပါဘူး။

……………………………………

ကုလအကြီးအကဲ မြန်မာခရီးစဉ် အရပ်ဖက်အဖွဲ့တွေ ဝေဖန်ပြစ်တင်

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ အကြီးအကဲ Martin Griffiths ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် ပြည်တွင်းအရပ်ဖက်အဖွဲ့ ၅၁၄ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြီးဝေဖန်ပြစ်တင်ထားပါတယ်။

မိုခါမုန်တိုင်းဒဏ်ကို အပြင်းအထန်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ပေးအပ်နိုင်ဖို့အတွက် ကြိုးပမ်းမှုတွေမှတ်သားဖွယ်ဖြစ်ပေမယ့် ကုလအကြီးအကဲရဲ့ ခရီးစဉ်ဟာ အောင်မြင်မှုမရှိဘူးလို့ ဆိုပါတယ်။

ဒီခရီးစဉ်ကို နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ တရားဝင်မှုရရှိရေး ကြိုးပမ်းနေတဲ့ စစ်အုပ်စုကပဲ ဝါဒဖြန့်ချီရေးအဖြစ် အသုံးချခဲ့တယ်လို့လည်း ဝေဖန်ထားပါတယ်။

ခရီးစဉ်နဲ့ ပတ်သက်လို့ UNOCHA က ထုတ်ပြန်ရာမှာ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” လို့ သုံးနှုန်းထားတာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်ထဲမှာ သုံးနှုန်းတဲ့ဝေါဟာရနဲ့ ကိုက်ညီမှု မရှိဘူးလို့လည်း ထောက်ပြပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ်သုံးနှုန်းထားတာ ဟာလည်း အစိုးရအကြီးအကဲအဖြစ် တရားဝင် အသိမှတ်ပြုရာနေတယ်လို့ဝေဖန်ထားပါတယ်။

OCHA အနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ မြေပြင်မှာ ထိရောက်စွာ ပံ့ပိုးနေတဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ပဲ တရားဝင်မိတ်ဖွဲ့ဆောင်ရွက်ဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

……………………………………

မန္တလေးမင်္ဂလာဆေးရုံကို စစ်ကောင်စီပိတ်ခိုင်း

မန္တလေးက နာမည်ကြီးပုဂ္ဂလိကဆေးရုံတစ်ရုံဖြစ်တဲ့ မင်္ဂလာဆေးရုံမှာ CDM ဝန်ထမ်းနှစ်ဦးကို ခန့်အပ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက ပိတ်ခိုင်းနေပါတယ်။

မဟာအောင်မြေမြို့နယ်မှာရှိတဲ့ အဲဒီဆေးရုံကို ဩဂုတ်လ ၂၅ရက်နေ့ စတင်ပြီးယာယီပိတ်သိမ်းထားဖို့ စစ်ကောင်စီက ဩဂုတ်လ ၁၈ရက် ရက်စွဲနဲ့ ညွှန်ကြားချက်ထုတ်ထားတာပါ။

ဝန်ထမ်းအင်အား ခုနစ်ရာကျော်နဲ့ လည်ပတ်နေပြီး ခုတင် ၅ဝဝဆံ့တဲ့ မင်္ဂလာဆေးရုံကို သုံးလကြာပိ်တ်ခိုင်းတာလို့ ဆေးရုံက တာဝန်ရှိတွေကို မေးမြန်းပြီး RFA မြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

မင်္ဂလာဆေးရုံမှာ လုပ်ကိုင်နေတဲ့ CDM ဆရာဝန်နှစ်ဦးကို စစ်ကောင်စီက ၂၀၂၂ခုနှစ်ထဲမှာ ဖမ်းမိခဲ့တာဖြစ်ပြီး အဲဒါနဲ့ ပတ်သတ်ပြီးအခုလို အရေးယူတာလို့ သတင်းတချို့မှာဖော်ပြပါတယ်။

စက်ပစ္စည်း စုံစုံလင်လင်ရှိတဲ့ ဆေးရုံတစ်ရုံပိတ်ပင်ခံရတာဟာ ပြည်သူလူထုအတွက် ထိခိုက်နစ်နာမှုတွေ ရှိလာမယ်လို့ လည်း ထောက်ပြမှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မန္တလေးက ပုဂ္ဂလိက ဆေးရုံ ခုနစ်ရုံကိုလည်း စစ်ကောင်စီက ပိတ်ခိုင်းခဲ့ပါသေးတယ်။

……………………………………

PDF တွေဆီ ဒရုန်းရာချီဖြန့်ထားလို့ NUG ပြော

ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဆီကို Drone ဒရုန်းအစင်းရေ လေးရာကျော် ပို့ပေးထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီဒရုန်းတွေဟာ ရှေ့တန်းစစ်မြေပြင်မှာ ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနဲ့ ဝါဒဖြန့်ချီရေး တာဝန်တွေ ထမ်းဆောင် နေကြပြီလို့ ဆိုပါတယ်။

ဒရုန်းတွေကို ပြည်သူလူထုက လှူဒါန်းတဲ့ တော်လှန်ရေးရန်ပုံငွေတွေနဲ့ ဝယ်ယူထားတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အခြားတစ်ဖက်မှာလည်း NUG က မြေပြင်က တော်လှန်ရေးအဖွဲ့တွေဆီ လက်နက်ထောက်ပံ့မှုတွေ အားနည်းတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

……………………………………

အဆိုတော်ဗျူဟာ ထောင်နှစ် ၂၀ ချခံရ

လျှပ်စစ်မီးပုံမှန်မရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီကို အပြင်းအထန်ဝေဖန်ပြောဆိုတာကြောင့်ဖမ်းဆီးခံထားရတဲ့ ဟစ်ဟော့အဆိုတော်ဗျူဟာကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂ဝချမှတ်လိုက်ပါတယ်။

တေးရေးနိုင်မြန်မာရဲ့ သားဖြစ်တဲ့ အဆိုတော်ဗျူဟာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မေလ၂၄ ရက်နေ့က ရန်ကုန်တိုင်း မြောက်ဒဂုံမှာရှိတဲ့ နေအိမ်သို့ လာရောက် ဖမ်းဆီးသွားတာပါ။

နိုင်ငံရေးပုဒ်မတွေဖြစ်တဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှုလို့ လူသိများတဲ့ ၅၀၅ (က) ၊ နိုင်ငံတော်ပုန်ကန်မှု ၁၂၄ နဲ့ တရားစွဲဆိုပြီး ဩဂုတ်လ ၂၃ ရက်နေ့မှာ မြောက်ဒဂုံစစ်ခုံရုံးကနေ ထောင်ဒဏ်ချမှတ်လိုက်တာပါ။

……………………………………