ဖွေထိုင်းပါတီမှတင်သွင်းသည့် အိမ်ခြံမြေသူဌေး ထိုင်းဝန်ကြီးချုပ်ဖြစ်လာ

0
1461

ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ် Pheu Thai Party (ဖွေထိုင်းပါတီ)မှ အမည်စာရင်းတင်သွင်းသည့် Srettha Thavisin (ဆရက်ထာ ထဝီဆင်)မှာ စစ်တပ်လွှမ်းမိုးမှုရှိသော အထက်လွှတ်တော်က ကန့်ကွက်ခြင်းမရှိသဖြင့် ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာပြီဖြစ်သည်။

ယနေ့ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတွင် ဖွေထိုင်းပါတီက ဦးဆောင်ဖွဲ့စည်းထားသည့် ညွန့်ပေါင်းအဖွဲ့က ၎င်းကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။

ညနေ ၃ နာရီအချိန်ခန့်မှစ၍ အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်များက ဝန်ကြီးချုပ်လောင်းကို မဲပေးရွေးချယ်ခဲ့ရာ ထောက်ခံမဲ ၄၀၀ ကျော်ရရှိခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဖြစ်ရန်အတွက် ထောက်ခံမဲ အနည်းဆုံး ၃၇၅ မဲရရှိရန် လိုအပ်ပြီး ယင်းမဲအရေအတွက်ထက် ကျော်လွန်ရရှိခဲ့ခြင်းဖြစ်သည်။

Bangkok Post သတင်းဌာနက ရေးသားမှုတွင်မူ ဆရက်ထာ ထဝီဆင်၏ ကိုယ်ရေးအကျဉ်းကို လွှတ်တော်အမတ်များထံ ဖြန့်ဝေထားခြင်းမရှိဟုဆိုသည်။

ဆရက်ထာ ထဝီဆင်သည် အသက် ၆၀ နှစ်အရွယ်ရှိ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ယနေ့ပြည်တော်ပြန်လာခဲ့သည့် သက်ဆင်နှင့် ချိတ်ဆက်မှုရှိသူတစ်ဦးဖြစ်ကြောင်း Aljazeera သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အစိုးရဖွဲ့ပြီး ရက် ၁၀၀ အတွင်း ကုန်ဈေးနှုန်းမြင့်တက်မှုကို ခြေရာခံရန်၊ စစ်မှုမထမ်းမနေရစနစ်ကို အဆုံးသတ်ရန်၊ LGBT အခွင့်အရေးအပြည့်အဝရရှိရန်နှင့် ပြည်သူများ၏ ဆန္ဒနှင့်အညီ ဥပဒေပြင်ဆင်ရေးဆွဲရေးများကို လုပ်ဆောင်မည်ဟု ပြီးခဲ့သော ဧပြီလက Bloomberg သတင်းဌာနကို ပြောကြားထားသည်။

ရွေးကောက်ပွဲကာလအတွင်း ဖွေထိုင်းပါတီက အသက် ၁၆ နှစ်အထက်ရှိသော ပြည်သူများကို ဒစ်ဂျင်တယ်ငွေကြေးအဖြစ် ဘတ် ၁၀၀၀၀ ပေးမည်ဟု စည်းရုံးလှုံ့ဆော်ခဲ့ပြီး အခြေခံလုပ်အားခကိုလည်း အနည်းဆုံး ဘတ် ၆၀၀ ရရှိရန်ဆောင်ရွက်ပေးမည်ဟု ကတိပေးထားခဲ့သည်။

သို့သော်လည်း စစ်တပ်ပါတီများနှင့် ပူးပေါင်းမည်မဟုတ်ကြောင်း ရွေးကောက်ပွဲကတိကို ဖွေထိုင်းပါတီက ချိုးဖောက်ထားခဲ့ပြီး ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် ပရာယွတ်ပါဝင်ခဲ့သည် ယူနိုက်တက်ထိုင်းနေးရှင်းပါတီနှင့် ပေလောင်းပရာချာရတ်ပါတီများနှင့် ပူးပေါင်းထားခဲ့သည်။

Ref: Aljazeera, Khaosod English