ဘီးလင်းတွင် မှန်လုံကားတစ်စီးတိမ်းမှောက် ကလေးနှစ်ဦးအပါအဝင် ခုနစ်ဦး ဒဏ်ရာရ

0
1318

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ခရီးသည်တင်မှန်လုံကားတစ်စီးတိမ်းမှောက်ပြီး ကလေးနှစ်ဦးအပါအဝင် ခုနစ်ဦးထိခိုက်ဒဏ်ရာ ရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ရန်ကုန်ဘက်မှ ဘားအံဘက်သို့ မောင်းနှင်လာသည့် မှန်လုံကားသည် အလူးလေး ကျေးရွာ အထပ်သားစက်ရုံအနီးအရောက်တွင် အရှိန်လွန်ပြီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ခရီးသည် ၁၀ ဦးခန့် စီးနင်းလိုက်ပါလာသည့် အဆိုပါမှန်လုံကားတိမ်းမှောက်မှုကြောင့် ကလေးနှစ်ဦး၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတို့က ပြောဆိုသည်။

“ကားက အရှိန်လွန်ပြီး မှောက်သွားတာ။ ကြီးကြီးမားမားဖြစ်သွားတာမရှိပေမယ့် ကလေးနှစ်ဦးနဲ့ အမျိုးသားက တစ်ဦး၊ အမျိုးသမီး လေးဦးတော့ ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရသွားတယ်။ ဒဏ်ရာကတော့ မပြင်းထန်ဘူး” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေးနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတို့ထံမှ သိရသည်။

ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယာဉ်မတော်တဆမှု၊ ဆိုင်ကယ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း သပြေနီကျေးရွာ သံတံတား အနီးတွင် အရှိန်မထိန်းနိုင်သည့် ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီး လေးဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။