ပေါင်တွင် နယ်ထိန်းရဲတစ်ဦး ထပ်မံပစ်သတ်ခံရ

0
1415

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရန်‌ကုန်-မော်လမြိုင်ကားလမ်းမတွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်လ ၁၂ ရက် ည‌နေ ၄ နာရီခန့်က ပန်းကုန်းကျေးရွာနှင့် ကတွန်ကျေးရွာအပိုင် နယ်ထိန်းရဲ ထွန်းနိုင်လင်း ဆိုသူသည် သထုံဘက်မှ ဇင်းကျိုက်နယ်မြေရဲစခန်းဘက်သို့ ဆိုင်ကယ်မောင်းနှင်လာစဉ် အမည်မသိ သေနတ်သမား တို့က သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ၎င်းတို့က ပြောသည်။

နယ်ထိန်းရဲ ရင်ဘတ်၊ လက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားနေရာတွင်ပင် သေဆုံးသွားကြောင်း ု ဒေသခံတို့က ဆိုသည်။  

“သေနတ်သမားက နှစ်ယောက် ဆိုင်ကယ်နဲ့ အနောက်ကနေ လိုက်လာပြီးတော့ ပစ်တာ။ လေး ငါးချက်လောက် ပစ်တော့ အဲဒီရဲက လမ်းပေါ်မှာပဲ လဲကျသွားတယ်” ဟု ပန်းကုန်းကျေးရွာခံတစ်ဦးက ပြောသည်။

သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် နယ်ထိန်းရဲ ထွန်းနိုင်လင်း၏ ရုပ်အလောင်းကို လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တို့က ပေါင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

နယ်ထိန်းရဲ ထွန်းနိုင်လင်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကို ပစ်ခတ်သွားသည်ကို အတည်မပြုနိုင်သေးပေ။

ဇူလိုင်လ ၂၂ ရက်ကလည်း ဥတ္တံတားကျေးရွာ နယ်ထိန်းရဲ စိုးဇော်အောင်နှင့် ဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူ ကိုစည်သူ တို့နှစ်ဦး စားသောက်ဆိုင်တွင် ထိုင်နေစဉ် အမည်မသိသေနတ်သမားတို့က လာရောက်ပြီး ပစ်သတ်သွားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းက နယ်ထိန်းနှင့် ရဲတပ်သားတစ်ဦးလည်း ပစ်သတ်ခံခဲ့ရသေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါင်မြို့နယ်အတွင်း၌ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်မှူးနှင့် အဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေးဆိုသူများကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။