ကျပ်နှစ်သောင်းဂယက်၊ ပြည်သူအရေး စဉ်းစားပေးစေချင်

0
1620

စစ်ကောင်စီက ထုတ်ဝေမယ့် ကျပ်နှစ်သောင်းတန် မတော်တဆ လက်ထဲရောက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြရပါပြီ။ သူတို့ဘာကို စိုးရိမ်နေကြတာပါလဲ။ ဘာကြောင့် စိုးရိမ်နေကြပါသလဲ။ ဘာကြောင့် လူထု စိုးရိမ်ချက်ကို အလေးထား သင့်တာလဲ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံရဲ့နေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ တော်လှန် ရေးအဖွဲ့များရဲ့ တပ်ဦးလို့ ပြောနိုင်ပါတယ်။

NUG အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို စတင်ဆန့်ကျင် တော်လှန်စဉ်ကတည်းက နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စတဲ့ စစ်မျက်နှာပေါင်းစုံနဲ့ ထိုးနှက်တိုက်ပွဲဝင် ခဲ့တာကို တွေ့ရှိရပါတယ်။

အခုတလော မူလစစ်မျက်နှာများအပြင် ဘဏ္ဍာ‌ရေးစစ်မျက်နှာကိုပါ တိုးချဲ့ ဖွင့်လှစ်ပြီး ခပ်စိပ်စိပ် တိုက်စစ်ဆင်နေတာကို ထပ်မံတွေ့လာ နေရပါတယ်။

NUG က ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတွေကို လေ့လာကြည့်ရင် လိုအပ်ချက်အရသာ ဖွဲ့စည်း ထားတဲ့ ဝန်ကြီးဌာနတွေရှိသလို တော်လှန်ရေးကို လက်တွေ့ကျကျ အထောက်အကူပြုနေတဲ့ ဝန်ကြီးဌာန တစ်ချို့လည်း ရှိနေတာကို တွေ့ရပါတယ်။

ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲ‌ရေး၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတွေဟာ တော်လှန်ရေးကို အဓိကမောင်းနှင်နေကြ တဲ့ ဝန်ကြီးဌာနတွေလို့ ပြောနိုင်မယ် ထင်ပါတယ်။

အဲဒီဝန်ကြီးဌာနတွေအထဲက စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (MOPFI) ရဲ့ စွမ်းဆောင်မှုတွေကို အထူးတလည် သတိပြုမိပါတယ်။ တော်လှန်ရေးအတွက် လိုအပ်တဲ့ရန်ပုံငွေ ရရှိရေးအတွက် ဖြစ်နိုင်ခြေတွေကို အသုံးချပြီး ရနိုင်သမျှကို အကောင်းဆုံး ကြိုးပမ်းဆောင်ရွက် နေတယ်လို့ ဆိုချင်ပါတယ်။ ဖြစ်တည်မှုအရ စိတ်တိုင်းကျ မဆောင်ရွက်နိုင်တာတွေလည်း ရှိပါတယ်။

ရန်ပုံငွေရရှိရေးအတွက် သူ့ရဲ့ဆောင်ရွက်ချက်တွေကို ပြည်သူလူထု စိတ်ဝင်စားခဲ့ကြပါတယ်။ လိုက်ပါဆောင်ရွက်ခဲ့ကြပါတယ်။ အောင်မြင်မှုတွေလည်း အတိုင်းအတာတစ်ခုအထိ ရရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်။

အထူးသဖြင့် ဒီနှစ်အတွင်းမှာ ရန်ပုံငွေရှာဖွေတဲ့အဆင့်ကနေ ငွေကြေးဝန်‌ဆောင်မှုပေး မဲ့ အစီအစဉ်တွေအထိ ဆောင်ရွက်လာတာကို တွေ့မြင်ရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် အမျိုးသားညီညွတ်‌ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်(၁/၂၀၂၃) ကိုထုတ်ပြန်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် ကြားကာလဗဟိုဘဏ် ( Interim Central Bank ) ကို ဖွဲ့စည်း ကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၃)ရက်မှာ ကြားကာလဗဟိုဘဏ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် Mr. Sean Turnell ကို ခန့်အပ်ခဲ့ပါတယ်။ ဒါတွေဟာ ပြည်သူလူထုကို အံ့သြစေတဲ့ ဆောင်ရွက်ချက်တွေလို့ ပြောချင်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှာ နွေဦးဖွံ့ဖြိုးရေးဘဏ်တည်ထောင်တဲ့ စည်းမျဉ်းများကို ထုတ်ပြန်ပါတယ်။ စည်းမျဉ်းရဲ့အခန်း(၂) ရည်ရွယ်ချက် (ခ)မှာ “အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်မှ ထိန်းချုပ်သော ဘဏ်များသို့ စီးဆင်းနေသည့် နိုင်ငံခြားငွေများအပါအဝင် ငွေကြေးများအား ထိန်းချုပ်၍ နွေဦးဖွံ့ဖြိုးရေးဘဏ်သို့ စီးဝင်စေခြင်းဖြင့် စစ်ကောင်စီ ထိန်းချုပ်ထားသော ငွေကြေးစနစ်အား ဟန့်တားနိုင်ရန်” ဆိုတဲ့အချက်ပါတာကို တွေ့ရှိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှာ ဒုဥက္ကဋ္ဌနဲ့ အဖွဲ့နှစ်ဦးပါတဲ့ ကြားကာလဗဟိုဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှာ စစ်ကောင်စီက ရိုက်နှိပ်ထုတ်ဝေမယ့် နှစ်သောင်းတန် ငွေစက္ကူအား တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း ကြေညာပါတယ်။ ဒီကြေညာချက်ဟာ ပြည်သူလူထုအကြားမှာ အတိုင်းအတာတစ်ခုအထိ ရိုက်ခတ်စေခဲ့ပါတယ်။

ကြေညာချက်မှာ အပိုဒ် ၅ ပိုဒ်ပါဝင်ပြီး အဓိက သူပြောလိုတဲ့အချက်တွေက အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အ‌ရေးပေါ်ရန်ပုံငွေဖြည့်တင်းနိုင်ဖို့ နှစ်သောင်းတန်ငွေစက္ကူကို ရိုက်နှိပ်ထုတ်ဝေ တာဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ငွေစက္ကူအမျိုးအစားအသစ် ထုတ်ဝေခြင်းသည် တရားဝင်မှု မရှိကြောင်း၊ ငွေစက္ကူအမျိုးအစားအသစ် ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေကြောင်း၊ ဒါကြောင့် နှစ်သောင်းတန်ငွေစက္ကူကို NUG အနေနဲ့ရော NUG ကို ဆက်ခံမယ့် အစိုးရတွေကပါ အသိအမှတ်မပြုကြောင်း၊ တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း ဖြစ်ပါတယ်။

ကြေညာချက်တစ်ခုလုံးကို ခြုံငုံကြည့်ရင် နိုင်ငံရေးအရ ထိုးစစ်ဆင်ခြင်း သို့မဟုတ် နိုင်ငံရေး တရားဝင်မှုကို အားပြိုင်ခြင်းတစ်ခုလို့ မြင်ပါတယ်။

အဓိကပြောချင်တာက နှစ်သောင်းတန်ငွေစက္ကူ သုံးစွဲတဲ့ ပြည်သူတွေကို ဘယ်လိုအ‌ရေးယူမယ် ဆိုတာမျိုး မပါဝင်ပါဘူး။

နှစ်သောင်းတန်ငွေစက္ကူ သုံးခြင်းမသုံးခြင်းကို ပြည်သူလူထုကပဲ ဆုံးဖြတ်ကြပါလိမ့်မယ်။ ဒီအချိန်အထိ တော်လှန်ရေးကာလကို ခက်ခက်ခဲခဲ ဖြတ်သန်းနေခဲ့ကြတဲ့ ပြည်သူလူထုကြီးအနေနဲ့ ဘယ်လိုအခြေအနေမှာ ဘာလုပ်ကြရမယ်ဆိုတာကို ကောင်းကောင်းကြီး သိနေကြပြီလို့ ထင်ပါတယ်။ ဒါကြေင့် NUG ရဲ့ MOPFI က ထုံးစံအတိုင်း သူ့အလုပ်ကို သူလုပ်တယ်လို့ပဲ ရိုးရိုးသားသား မြင်မိ ပါတယ်။

အခုတလော ဒေသအတွင်းက တော်လှန်‌ရေးအဖွဲ့အစည်း တချို့က နှစ်သောင်းတန်ငွေစက္ကူနဲ့ ပတ်သက်တဲ့ NUG , MOPFI ရဲ့ ကြေညာချက်အပေါ်မှာ အားမလိုအားမရစိတ်နဲ့ တရားမဝင်ကြောင်း ကြေညာရုံမျှ မဟုတ်တော့ဘဲ စစ်ဆေးလို့တွေ့ရင် အရေးယူမယ်ဆိုတဲ့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန် ကြေညာလာကြတာကို တွေ့မြင်လာရပါတယ်။ တစ်ချို့နေရာတွေမှာ မြေပြင်အရောက် စစ်ဆေးအရေးယူ နေကြတာကိုလည်း ကြားသိလာ နေရပါတယ်။

ဒီလိုကြေညာချက်တွေ ထွက်ပေါ်လာပြီးနောက် ပြည်သူလူထုအကြားမှာ စိတ်သောက ရောက်နေကြရကြောင်း တစ်ဆင့်ခံကြားသိလာရတဲ့အပြင် သတင်းမီဒီယာတွေမှာပါ မြင်တွေ့လာရတယ်။ အဲဒီတော့ တော်လှန်ရေးအင်အားစုတွေအပေါ်မှာ ပြည်သူတွေက ကြောက်ရွံ့ စိတ်ပျက် ငြီးငွေ့သွားမှာကို စိုးရိမ်မိပါတယ်။

NUG သည် နိုင်ငံတော်အဆင့် တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်လို့ သူ့ရဲ့ကြေညာချက်ဟာ သူ့ကိုထောက်ခံတဲ့ နယ်မြေအားလုံးကို လွှမ်းခြုံသက်ရောက်မှုရှိတယ်လို့ ယူဆနိုင်ပါတယ်။ နယ်မြေအလိုက် ထပ်မံထုတ်ပြန်လာကြတဲ့ ကြေညာချက်များကြောင့် အခြေအနေကို ပိုမိုရှုပ်ထွေး သွားစေတယ်လို့ မြင်မိပါတယ်။ နှစ်သောင်းတန်ငွေစက္ကူက ထပ်မံကြေညာချက် မထုတ်ပြန်တဲ့ နယ်မြေတွေမှာ သုံးချင်သုံး မသုံးချင်နေ တရားတော့ မဝင်ဘူး။ အရေးလည်း မယူဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးဆောင်ပြီး ထပ်မံကြေညာချက် ထုတ်ပြန်တဲ့ နယ်မြေတွေမှာတော့ လုံးဝမသုံးနဲ့ စစ်ဆေး လို့ တွေ့ရှိရင် အရေးယူခံရမယ် ဆိုတဲ့သဘောမျိုး ဖြစ်နေပါတယ်။

တော်လှန်ရေး အဖွဲ့အစည်းများအနေနဲ့ တော်လှန်ရေးအမြန်ဆုံး အပြီးသတ်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံသုံးပြီး အကြမ်းဖက်စစ်ကောင်စီအပေါ် ဆန့်ကျင်တော်လှန်နေကြတာကို အလေးအနက် အသိအမှတ်ပြုပါတယ်။ နားလည်သဘောပေါက်ပါတယ်။ ကိုယ်ချင်းလည်း စာပါတယ်။

ဒီလိုပါပဲ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ အခက်အခဲတွေကိုလည်း နားလည်ပေးဖို့ ကိုယ်ချင်းစာပေးဖို့ လိုမယ်ထင်ပါတယ်။

ပိုက်ဆံ(ငွေ)ဟာ နေ့စဉ်လူနေမှုဘဝအတွက် မဖြစ်မနေ ထိတွေ့နေရတဲ့အရာ ဖြစ်ပါတယ်။ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နှစ်သောင်းတန်ငွေစက္ကူက ပြည်သူလူထုကို တစ်နည်းနည်းနဲ့ ပတ်သက်လာနိုင်ပါတယ်။

ပတ်သက်လာနိုင်တဲ့ နည်းလမ်းကလည်း မျိုးစုံရှိနေပါတယ်။ ငြင်းပယ်လို့ရတဲ့ အခြေအနေမျိုးမှာ ငြင်းပယ်ဖို့ လွယ်ကူပေမဲ့ ငြင်းပယ်ခြင်းကြောင့် အန္တရာယ် တစ်စုံတစ်ရာ မကျရောက်နိုင်ဘူးလို့ အာမ မခံနိုင်တဲ့ အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။

နှစ်သောင်းတန်ငွေစက္ကူကို ဖြစ်နိုင်သမျှ မသုံးကြဖို့ အခြားနည်းလမ်းတွေနဲ့ စည်းရုံးလှုံ့ဆော်သင့် ပါတယ်။ အများအားဖြင့် သိလည်းသိနေကြပြီလို့ ထင်ပါတယ်။ ဒီတော်လှန်ရေးကြီးဟာ ပြည်သူလူထု ပါမှ အောင်မြင်မှာ ဖြစ်ပါတယ်။ ပြည်သူလူထု စိတ်ပျက်သွားစေမယ့် လုပ်ဆောင်မှုမျိုး၊ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမဲ့ ကြေညာချက်မျိုးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ခြင်းက တော်လှန်ရေး အောင်မြင်ဖို့အတွက် ပိုပြီးအထောက်အကူ ပြုလိမ့်မယ်လို့ ယူဆမိပါတယ်။

တစ်နည်းပြောရရင် ပြည်သူလူထုအရေးကို အလေးထားစဉ်းစားပေးကာ အသိပညာပေးတဲ့ စည်းရုံးရေးဆန်ဆန် ကြေညာချက်မျိုးကိုသာ ထုတ်ပြန်သင့်ပါကြောင်း၊ ပြည်သူပါမှ ဖြစ်မှာမို့ ပြည်သူကို မျက်နှာမူသင့်ပါကြောင်း နှိုးဆော် တင်ပြ အပ်ပါတယ်ခင်ဗျား။

မင်းနီ