မော်တုန်းရွာသားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေ

0
2413

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ဒေသခံရွာသားအချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

ဘန်းလမွတ်ကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်သားများသည် အရှေ့မော်တုန်းကျေးရွာအုပ်စုသို့ ဩဂုတ်လ ၁၂ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။

ယင်းနောက် အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ အန်းနာပြင်ရွာက ဒေသခံအမျိုးသားငါးကိုကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အန်းနာပြင်က အမျိုးသားငါးဦးကို ဖမ်းထားပြီး စစ်ဆေးတယ်။ သုံးဦးကိုတော့ ပြန်လွှတ်ပြီး ကောင်လေး နှစ်ယောက် ကိုတော့ ပြန်လွှတ်တာ မကြားရသေးဘူး။ဘာကြောင့် ဖမ်းတယ်ဆိုတာ ရေရေရာရာ မသိရသေးဘူး” ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီးတစ်ဦးက ယနေ့ ဩဂုတ်လ ၁၃ရက် နံနက်တွင် ပြောဆိုသည်။

ဩဂုတ်လ ၁၂ရက် နံနက်က အင်အားတစ်ရာနီးပါးရှိ စစ်ကောင်စီတပ်သားများ အုပ်စုခွဲကာ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ ထုံနွယ်၊ ရွာမ၊ အန်းနာပြင်၊ အောက်ကိုင်း စသည့် ကျေးရွာနေ ဒေသခံရာချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

“ဆိုင်ကယ်ငါးစီးကိုလည်း သိမ်းတယ်။ ပထမတော့ ကြေးပြား (ပိုက်ဆံ) နဲ့ ရွေးခိုင်းပြီး နောက်တော့ ဒီအတိုင်း ပြန်ပေးလိုက်တယ်လို့လည်း ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အရှေ့မော်တုန်းရွာ တဖက်ကမ်းတွင် အနောက်မော်တုန်းကျေးရွာရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ယင်းကမ်းတွင် ဝင်ထွက်သွားလာ လှုပ်ရှားကြသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်အကြား မနေ့ကနှင့် ယနေ့နံက်အချိန်အထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း အချိန်မရွေးဖြစ်ပွားလာနိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။

“ဟိုဖက်ကမ်းကူးတာနဲ့ တိုက်ပွဲက ဖြစ်လာနိုင်တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက မော်တုန်းအရှေ့ကမ်းရှိ စစ်ကောင်စီတပ်နှင့် အနောက်ကမ်းသို့ ရောက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ဖူးသည်။

ယင်းနောက် စစ်ကောင်စီတပ်က မော်တုန်းအနောက်ကမ်းသို့ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်ခဲ့သည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်ကြောင့်လည်း လက်ရှိအချိန်အထိ မော်တုန်းအနောက်ကမ်းနေ ရွာသားတစ်ဒါဇင်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။