ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဟု Pheu Thai ပါတီကြေညာ

0
1886

ထိုင်းနိုင်ငံရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီက တော်ဝင်ဥပဒေကို ပြင်ဆင်ရေး လက်မလျော့နိုင်ဟု ပြောကြားခဲ့ပြီးနောက် ညွန်းပေါင်းအဖွဲ့ကို ဖျက်သိမ်းကြောင်း Pheu Thai ပါတီက ယနေ့ (ဩဂုတ် ၂) နေ့လယ်ပိုင်းတွင် ကြေညာခဲ့သည်။

Pheu Thai ပါတီအနေဖြင့် ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းပြီး Move Forward ပါတီမပါဘဲ အစိုးရအသစ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

Pheu Thai ပါတီအနေဖြင့် လာမည့် ဩဂုတ်လ ၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် Srettha Thavisin ကို အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Move Forward ပါတီကို ၎င်း၏ ရွေးကောက်ပွဲကတိဖြစ်သော တော်ဝင်ဥပဒေပြင်ဆင်ရေးကို လက်လျော့ဖို့ ကနဦးတောင်းဆိုခဲ့ပြီး လက်မလျော့နိုင်ပါက Move Forward ပါတီမပါဘဲ အစိုးရအသစ်ကို ဖွဲ့စည်းသွားမည်ဟု Pheu Thai ပါတီဘက်က ကြိုတင်ပြောဆိုထားသည်။

ယင်းနောက် Move Forward ပါတီဘက်ကလည်း တော်ဝင်ဥပဒေပြင်ဆင်ရေး လက်မလျှော့နိုင်ကြောင်း ထပ်မံပြောကြားခဲ့သဖြင့် Pheu Thai ပါတီက ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး ကျန်ပါတီများနှင့် ညွန့်ပေါင်းအသစ် ထပ်မံဖွဲ့စည်းသွားမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ပီထာကို ထပ်မံအမည်စာရင်းတင်သွင်းခွင့် ပိတ်ပင်ခဲ့ပြီးနောက် Move Forward ပါတီက Pheu Thai ပါတီကို အစိုးရဖွဲ့ခွင့်ပေးမည်ဟု ကြေညာခဲ့သည်။

Pheu Thai ပါတီကလည်း အစိုးရဖွဲ့ရန် လုံလောက်သော မဲအရေအတွက်ရရှိဖို့ အထက်လွှတ်တော်အမတ်များနှင့် စစ်တပ်နောက်ခံပြုထားသော အတိုက်အခံပါတီများနှင့် ဆက်တိုက်ဆွေးနွေးနေခဲ့ခြင်းဖြစ်သည်။

Ref: Khaosod English, Thai Enquirer, The Nation Thailand