ကလေးများတွင် အဖြစ်များနေသည့် ပြင်းထန်အဆုတ်ရောင်

0
2085

မြန်မာနိုင်ငံတွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုများနေပြီး ကူးစက်ပျံ့နှံ့မှုလည်းရှိနေသည်။

အဓိကအားဖြင့် အသက်ငယ်ရွယ်သည့် ကလေးများတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ကြခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကျောင်းအချို့ ယာယီပိတ်ထားရသည်အထိ ဖြစ်ပွားမှုနှုန်းအလွန်များနေပြီး အချို့အသက်အန္တရာယ် ဖြစ်သည်အထိပင် ပြင်းထန်ကြောင်းတွေ့ရသည်။

ယင်းအပြင် ရာသီတုပ်ကွေးနှင့် ကိုဗစ်ရောဂါ ကူးစက်မှုကလည်း ရှိနေသေးသဖြင့် ပြင်းထန်အဆုတ်ရောင်၏ လက္ခဏာများနှင့် ယင်းရောဂါအကြောင်းကို သိရှိနိုင်စေရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်သည်။

DW – လက်ရှိမှာဆိုရင် ပြင်းထန်အဆုတ်ရောင်ရောဂါက ကလေးတွေမှာ အတော်များများဖြစ်နေကြတယ်ပေါ့နော်ဆရာ။ ဆိုတော့ အဲဒါက ဘာကြောင့်ဖြစ်ရတာလဲဆိုတာ ရှင်းပြပေးစေချင်ပါတယ်ခင်ဗျား။

Dr – သူက ဗိုင်းရပ်စ်ကြောင့်ပဲဖြစ်တာခင်ဗျား။ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီးတော့ သူက အဆုတ်ထဲမှာရှိတဲ့ အချွဲအလွှာတွေ ရောင်တာပေါ့နော်။ အဲလိုရောင်ရင်းနဲ့မှ ဘက်တီးရီးယားဝင်တာခင်ဗျား။ ရောင်တဲ့အချိန်မှာ ဗိုင်းရပ်စ်က ရောင်တဲ့ဟာသည့် အရမ်းပြင်း(ထန်)တာပေါ့။ ပြင်းတော့ ကလေးတွေက မခံနိုင်ဘူးရယ်။ ပြီးရင် ဘက်တီးရီးယားလည်း ဝင်ပုံရတယ် အခုတွေ့သလောက်ဆိုရင် ကလေးတွေက အသက်ရှူမြန်တဲ့အပြင်ကို ချောင်းတွေဆိုးတယ် သလိပ်တွေထွက်တယ်။ သလိပ်တွေက ဘက်တီးရီးယားဝင်တဲ့လက္ခဏာတွေပေါ့နော်။ အစိမ်းရောင်တွေ အဝါရောင်တွေ ပျစ်ပျစ်ခဲခဲကြီးတွေဖြစ်တယ်။ အဲဒါတွေကြောင့်မို့လို့ (ပန်းနာရင်ကြပ်သည့်အချိန်သုံးသည့် ဖျန်းဆေး) အာဖျန်းတဲ့ဟာတွေကအစ ရှူရတယ်ပေါ့ခင်ဗျား။

ပြောရတာကတော့ ခက်တယ်ခင်ဗျား။ အခုဟာကဖြစ်နေတာက နည်းနည်းလေးဖြစ်ပြီဆိုတာနဲ့ နှာစေးချောင်းဆိုးပြီ ဆိုတာနဲ့ ချွဲတိုင်ကြီးတွေပါလာပြီး တစ်ခါတည်းပိုးဝင်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့နော်။ ပြီးရင်အိမ်မှာလည်း ဘယ်လိုပဲထားထား မကောင်းဘူး။ ဆေးရုံဆေးခန်းသွားပြီး ပိုးသတ်ဆေးပြင်းပြင်း ပေးလိုက်ပြီးတော့မှ ကောင်းတယ် ခင်ဗျား။ အချို့တွေဆိုရင် အောက်ဆီဂျင်တွေပေးပေါ့နော်။တစ်ချို့တွေဆိုလည်း အသက်ရှူ လမ်းကြောင်းတစ်လျှောက် လေပြွန်တစ်လျှောက် ရောင်တဲ့ဟာတွေလျော့အောင်လို့ (ဆေး)ရှူခိုင်းရတာပေါ့နော်။ရောင်တဲ့ဟာတွေလျော့မှ ပိုးလည်းသတ်မှ သက်သာတာခင်ဗျား။

ပိုးသတ်ဆေးကိုလေ အရင်တုန်းကဆိုရင် နှာစေးချောင်းဆိုးတယ်ပေါ့နော်။ လေပြွန်တွေရောင်တယ်ပေါ့။ ဒီလိုဆိုရင် ကျွန်တော်တို့က ပိုးသတ်ဆေးတစ်မျိုးလောက်နဲ့ လွယ်လွယ်ကူကူကောင်းတယ်ခင်ဗျား။ အခုဆိုရင် ပိုးသတ်ဆေး နှစ်မျိုးလောက် ပေါင်းပေးရတယ်။ ပြီးရင် ရက်ရှည်ရှည်ပေးရတယ်။အဲလိုပေးနေရင်းမှတောင်ပဲ တစ်ခါတစ်လေ ပေါ့လေ အချို့အခံသိပ်မကောင်းတဲ့ကလေးတွေဆိုရင် ဆေးရုံတင်ရတဲ့အဆင့်ထိ ဖြစ်တာပေါ့နော်။ ဆေးရုံတင်ရတာက အသက်ရှူတွေမြန်လာတယ်။ ကလေးကမှိန်းသွားတယ်။ မောပြီးဖုတ်လိုက်ဖုတ်လိုက်ဖြစ်လာတာပေါ့။ အဲဒါတွေဆိုရင် ဆေးရုံတင်ရတာပေါ့။ အချို့တွေကျတော့လည်း မောပြီးဖုတ်လိုက်ဖုတ်လိုက်တော့မဖြစ်ဘူး ကလေးက နည်းနည်းပြာလာတယ်။ ချွဲအသံကြီးတွေနဲ့ မှိန်းတယ်ပေါ့ အဲလိုဆိုတော့လည်း သေကြတယ်ခင်ဗျား။

ပိုးသတ်ဆေးနှစ်မျိုးပေါင်းပြီးပေးတာက ကျွန်တော်တို့ပေးတာမဟုတ်ဘူး။ ကလေးအထူးကုတွေလေ သူတို့ပေါင်းတယ်။ အမြဲမပေါင်းတဲ့ဆရာတွေတောင်လေ ဆေးနှစ်မျိုး သုံးမျိုးပေါင်းတဲ့အပြင် လေပြွန်ရောင်တာတွေလျော့အောင်ဆိုပြီးတော့ ရင်ကြပ်ပန်းနာရှူတဲ့ပုံစံမျိုးရှူဆေးတွေကို စက်တွေနဲ့မှုတ်ပြီးရှူခိုင်းတယ်။

DW – ဆိုတော့လေ ဆရာ ။ အဲဒီဗိုင်းရပ်စ်က တစ်ယောက်နဲ့တစ်ယောက် ကူးနိုင်လား။ ဘယ်အရွယ်တွေမှာ အဖြစ်များလဲပေါ့နော်ခင်ဗျား။

Dr – တစ်ယောက်နဲ့တစ်ယောက် ကူးနိုင်တယ်ခင်ဗျား။ ကိုဗစ်စည်းကမ်းတွေကို ပြန်လိုက်နာဖို့လိုတယ်။ (ပါးစပ်နှာခေါင်းစည်းတပ်၊ ခပ်ခွာခွာနေ၊ လက်ဆေး၊ နှာချေချောင်းဆိုးရင် အုပ်ပြီးဆိုး၊ တံတွေးမထွေးနဲ့) ကိုဗစ်မဟုတ်ဘူးနော်။ ဒါပေမဲ့ ဘာဗိုင်းရပ်စ်ကြောင့်မှန်းမသိဘဲနဲ့ လေပြွန်တွေရောင်တာပေါ့နော်။ နောက်ပြီးတော့ ချွဲအလွှာတွေမှာ ပိုးဝင်တာပေါ့။ အဲတော့ တစ်ယောက်နဲ့တစ်ယောက် ကူးနိုင်လားဆို ကူးနိုင်တယ်။ ဘယ်အရွယ်တွေမှာ ဖြစ်တုန်းဆိုရင် ၁၀ နှစ်အောက်ကလေးတွေမှာ အဖြစ်များတယ်။ (လက္ခဏာ)ဆိုးတယ်။၁၀ နှစ်အထက်မှာရော မဖြစ်နိုင်ဘူးလားဆိုရင် ဖြစ်တယ်။သိပ်သာမဆိုးတာ။ လူကြီးတွေလည်းဖြစ်တယ်။

DW – ကလေးတွေမှာ ရောဂါဖြစ်လာပြီဆိုရင် ဘယ်အခြေအနေမှာဆိုရင် ဆေးခန်း သို့မဟုတ် ဆေးရုံသွားသင့်လဲပေါ့နော်ခင်ဗျား။

Dr – ချောင်းဆိုးတယ် သလိပ်ပါတယ်။ ရက်ရှည်နေပြီဆိုရင် သွားသင့်တယ်။ ဥပမာ တစ်ရက်နှစ်ရက်ပဲ ရှိသေးတယ်ဆိုရင် မသွားချင်ရင်မသွားနဲ့ပေါ့နော်။ သုံးလေးရက်ဖြစ်လာပြီဆိုရင် ဆေးခန်းလောက်ကတော့ စပြသင့်တယ်ပေါ့လေ။ ဘာဖြစ်လို့လဲဆို စဖြစ်ဖြစ်ချင်းကို ပိုးသတ်ဆေးဦးအောင်ထည့်(သောက်)လိုက်ပြီဆိုရင် ပြင်းထန်တဲ့နှုန်းက လျော့တာခင်ဗျား။ ပိုးသတ်ဆေးက မဦးလို့ ဘက်တီးရီးယားက ဦးသွားရင် ချွဲတွေအပေါ်မှာ ဘက်တီးရီးယားတွေက သွားကပ်လို့ပေါက်ပြီဆိုတဲ့အချိန်ကျရင် ပိုးသတ်ဆေးနောက်ကလိုက်ရင် ကလေးလည်း ခံစားရတယ်။ ပြီးရင် ရောဂါဖြစ်တဲ့အချိန်လည်း ကြာတာပေါ့နော်။ ကလေးလည်း ပြင်းပြင်းထန်ထန်ခံစားရတာပေါ့။

နေမကောင်းဘူး၊ ဖျားတယ် နှာစေးချောင်းဆိုးဖြစ်တယ်ဆိုရင် ကျွန်တော်အကြံပေးချင်တာက ဆေးရုံမတက်ရင် တောင်မှ သက်ဆိုင်ရာကျွမ်းကျင်တဲ့ ဆရာဝန်မဟုတ်ရင်တောင်မှ ကျန်းမာရေးဝန်ထမ်းဆီမှာ သွားပြထားသင့်တယ်ပေါ့ နော်။ သူတို့က အဆုတ်တွေဘာတွေကို နားထောင်ပြီးရင် လိုအပ်ရင် ပိုးသတ်ဆေးထည့်(ပေး)မှာပေါ့လေ။ ကျွန်တော်ကတော့ အကြံပေးချင်တာကတော့ စောနိုင်သမျှစောစော ဆေးခန်းကိုသွားသင့်တယ်။

DW – ဘယ်လိုအခြေအနေမျိုးဆိုရင် မဖြစ်မနေ ဆေးရုံတက်သင့်လဲခင်ဗျား။

Dr – ဆေးခန်းကို သွားနေရင်းနဲ့မှ ကလေးက အသက်ရှူတွေမြန်လာတယ်။ ခါတိုင်းရှူနေတာ တစ်မိနစ်ကို ၁၅ ကြိမ်လောက်ပဲရှူမယ်။ ကလေးအမေတွေဆိုရင် သိတယ်လေ။ ကလေးတွေပုံမှန်ထက် မြန်နေတယ်ဆိုရင် ဆေးရုံတင်ရမယ်ပေါ့နော်။ နောက်ပြီးရင် နှုတ်ခမ်းက ပြာလာမယ်။ နံရိုးနဲ့ ဗိုက်ကြား(နံရိုးအောက်) ချိုင့်ချိုင့်ဝင်သွားမယ် အသက်ရှူရင်။ ကလေးမှိန်းမယ်ပေါ့နော်။ ဒါမှမဟုတ် အပူအရမ်းကြီးမယ်။ အဲဒါဆိုရင်တော့ ချက်ချင်းဆေးရုံရလိမ့် မယ်ခင်ဗျား။ နည်းနည်း နှာစေးချောင်းဆိုးနဲ့ အဖျားလောက်ရှိရင်တော့ သက်ဆိုင်ရာ ကျန်းမာရေးနဲ့ဆိုင်တဲ့ တစ်ယောက်ယောက်နဲ့ ပြပေါ့နော်။ 

ကလေးများ ပုံမှန်အသက်ရှူနှုန်း

အသက်(နှစ်)တစ်မိနစ် အသက်ရှူနှုန်းအကြိမ်ရေ
၁ နှစ်အထိ၂၄-၃၈
၁ နှစ်မှ ၃ နှစ်၂၂-၃၀
၄ နှစ်မှ ၆ နှစ်၂၀-၂၄
၇ နှစ်မှ ၉ နှစ်၁၈-၂၄
၁၀နှစ်မှ ၁၄ နှစ်၁၆-၂၂
၁၄ နှစ်မှ ၁၈ နှစ်၁၄-၂၀
Credit-Harriet Lane Handbook 2015