ပတ္တရားတွင် ဂျာမန်လုပ်ငန်းရှင်တစ်ဦးကို အပိုင်းပိုင်းခုတ်ထစ်ကာ ရေခဲပုံးအတွင်းထည့်ထား

0
1753
Photo - The Nation

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရားတွင် ၆ ရက်ကျော်ကြာပျောက်ဆုံးနေသော ဂျာမန်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ကာ ရေခဲပုံးအတွင်းထည့်ထားသည်ကို ထိုင်းရဲတပ်ဖွဲ့များက စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

ယင်းသို့အပိုင်းပိုင်းဖြတ်ထားသည့် အလောင်းကို ယမန်နေ့ (ဇူလိုင် ၁၀) ညသန်းခေါင်အချိန်တွင် ရဲတပ်ဖွဲ့များက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

နောက်ဆုံးတွေ့ရှိခဲ့သော သေဆုံးသူ၏ မာစီးတီးကားအနီး မီတာ ၄၀၀ ခန့်အကွာ ချွန်ဘူရီခရိုင် ဘန်းလမူဒေသရှိ Chokchai Garden Home Village တစ်ခုတွင် အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူသည် အသက် ၆၂ နှစ်အရွယ် Hans Peter Ralter Mack အမည်ရှိ ဂျာမန်အိမ်ခြံမြေပွဲစား တစ်ဦးဖြစ်ပြီး ဇူလိုင်လ ၄ ရက်နေ့က မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားသူဖြစ်သည်။

၎င်းပျောက်ဆုံးမှုအတွက် ကူညီရှာဖွေပေးသူကို ဘတ် ၃ သန်း ဆုချီးမြှင့်ပေးမည်ဟုလည်း မိသားစုက ယခင်က ပြောကြားထားခဲ့သည်။

သေဆုံးသူသည် နောက်ပွဲစားတစ်ဦးနှင့် ဘတ် သန်း ၁၀၀ ဝန်းကျင် တန်ဖိုးရှိ အိမ်ခြံမြေရောင်းဝယ်ရေးကိစ္စနှင့် ပက်သက်၍ တွေ့ဆုံဆွေးနွေးကြရန်အတွက် ဇူလိုင်လ ၄ ရက်နေ့တွင် ပတ္တရားရှိ နေအိမ်မှ ထွက်ခွာသွားခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ထိုင်းစုံစမ်းရေးစုံထောက်များက ပျောက်ဆုံးနေသော ဂျာမန်အမျိုးသားနှင့် ပတ်သက်၍ CCTV မှတ်တမ်းများကို ခြေရာခံ စုံစမ်းနေခဲ့ရာမှ အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံထားရသော ရေခဲပုံးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါရေခဲပုံးကို နိုင်ငံခြားသားများဟု ယူဆရသူများက အမဲရောင်ပစ်ကပ်ကားဖြင့် အိမ်ရာတစ်ခုမှ နောက်အိမ်ရာတစ်ခုသို့ သယ်ဆောင်လာခဲ့သည်ကို CCTV မှတ်တမ်းများအရ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းတွင် ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ရေခဲပုံးကို ရှာဖွေနေသောအချိန် ပျောက်ဆုံးနေသော Mr. Mack ၏ အလောင်းဟုတ်မဟုတ် လူအများ လာရောက်စောင့်ကြည့်ခဲ့ကြသည်။

ရေခဲပုံးကို အမဲရောင်တိပ်ဖြင့် တင်းကြပ်စွာ ပိတ်ထားသည်ကို တွေ့ရှိခဲ့ကြပြီး ရေခဲပုံးကို မီးဖွင့်လျက်အနေအထားဖြင့် တွေ့ရှိခဲ့ရကြောင်း‌ ဖော်ပြထားသည်။

ပုံးကို ဖွင့်လိုက်သောအခါ အိတ်အနက်ရောင်ဖြင့် ထုတ်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိခဲ့ရပြီး အစိတ်အပိုင်းအားလုံး တစ်ကွဲတစ်ပြားစီဖြစ်နေကြောင်း ဖော်ပြထားသည်။

စစ်ဆေးချက်အရ အလောင်းသည် ပျောက်ဆုံးနေသော ဂျာမန်အမျိုးသား၏ အလောင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး သေဆုံးမှုအကြောင်းအရင်းကို စစ်ဆေးရန် ဘန်ကောက်ရှိ ရဲဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဖော်ပြထားသည်။

လူသတ်မှုသည် စီးပွားရေးလုပ်ငန်းနှင့် ပက်သက်၍ ငွေကြေးခြိမ်းခြောက်မှုတစ်ခုဖြစ်နိုင်ပြီး သေဆုံးသူ၏ ဘဏ်အကောင့်ထဲမှ ဘတ် ၂ သန်းခန့် လွှဲပြောင်းထားသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း စုံစမ်းစစ်ဆေးရေးမှူး ရဲမှူးကြီး Theerachai Chamnanmor ကဆိုထားသည်။

လူသေဆုံးမှုနှင့် ပက်သက်၍ သံသယရှိသူများကို ဝရမ်းထုတ်ထားပြီး နောက်ထပ် ထိုင်းနိုင်ငံသားများလည်း ပါဝင်ပတ်သက်နိုင်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ဖော်ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။

Ref: Bangkok Post, Khoasod English, The Pattaya News, The Nation Thailand