နဘုလယ်ဒေသကို စစ်ကြောင်းထိုးလာပြီး ပစ်ခတ်သံများကြားသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်

0
2058

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

နဘုလယ်ဒေသဘက်ကို ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတ်တိုက်တွေ့ပြီး တိုက်ပွဲများဖြစ်လာနိုင်ပြီး လေကြောင်းဖြင့် လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ ဒေသခံများ ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ကမ်းခါး (ခေါ်) ရှမ်းတံတားဘက်မှာ ပစ်သံကြားတယ်။ (လက်နက်) အကြီးရော၊ အငယ်ရော မိုင်းတွေရောပဲ။ ဟိုတစ်လောတုန်းက ဖြစ်တုန်းကတော့ စစ်တပ်ဘက်က လေယာဉ်နဲ့လာပစ်တယ်။ အခု အဲဒီလိုလာပစ်မှာ စိုးလို့ ရွာသားတွေမရှိတော့ဘူး ရှောင်နေလိုက်ပြီ” ဟု ၎င်းက ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း လမ်းပိုင်းတွင် ရှိသည့် ကမ်းခါး (ခေါ်) ရှမ်းတံတားအနီးတွင် ယနေ့ နံနက် ၇ နာရီခန့်ကစပြီး ပစ်ခတ် ပေါက်ကွဲသံများ ထွက်ပေါ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အင်အားတစ်ရာဝန်းကျင်ရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်း ယာယီတပ်စခန်းဘက်သို့ ဦးတည်သွားနေကြောင်း ဒေသခံများထံမှသိရသည်။

“အချိန်မရွေး ပစ်ခတ်မှုတွေဖြစ်နိုင်တယ်။ စစ်ကြောင်းဝင်မယ့် လမ်းကြောင်းတစ်လျှောက်မှာ လူတွေလည်း မရှိတော့ဘူး” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ကလည်း ထားဝယ်အထူးစီးပွားရေးဇုံ ဧရိယာထဲရှိ ရေနက်ဆိပ်ကမ်း ရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် ရေဖြူဘက်မှ လာသည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီက လေယာဉ်အသုံးပြု၍ ပြန်လည်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် ထားဝယ်ဒေသတွင် ပထမဆုံးအကြိမ် ကြုံရသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီက လေယာဉ်အသုံးပြု၍ ထပ်မံတိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက် ရေဖြူမြို့ နယ် နဘုလယ်ဒေသရှိ ထိန်ကြီး၊ လဲရှောင်၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ဧကနိ၊ ကျေးရွာများက ဒေသခံများ ဘေးလွတ်ရာ ထွက်ခွာနေကြကြောင်း ဒေသခံများထံမှ သိရသည်။