လုရာကနေ အသက်ပါရန်ရှာလာတော့

0
1834

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် နေ့ခင်းဘက်အချိန် လူမြင်ကွင်းတွင်ပါ လုယက်သည်အထိ အတင့်ရဲလာကြသည်။

လူပြတ်သည့်နေရာများတွင် ပိုမိုဆိုးရွားပြီး ဆိုင်ကယ်အခိုးခံရခြင်း၊ ဖုန်းလုခြင်း၊ လက်ကိုင်အိတ်လုခြင်း၊ ဆွဲကြိုးလုခြင်း စသဖြင့် ခိုး၊ ဆိုး၊ လုယက်မှုများ နေ့စဉ်နဲ့အမျှ ကြုံတွေ့လာနေခဲ့သည်။

အာဏာသိမ်းနောက်ဆက်တွဲဂယက်အဖြစ် အလုပ်အကိုင်ရှားပါးမှု၊ ငွေကြေးအကျပ်အတည်းအကြား ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလာသော်လည်း ထိထိရောက်ရောက် အရေးယူခြင်းမရှိသောကြောင့် ပိုမိုဆိုးရွားလာသည့်သဘော ဖြစ်သည်။

မြို့ခံများကမူ ဒေသတွင်း မူးယစ်ဆေးဝါး ပေါများလာမှုနှင့်အတူ ဆေးသုံးသူများလာခြင်းနှင့် သက်ဆိုင်ရာက အရေးယူမှု မရှိခြင်းတို့ကြောင့် လု၊ယက်မှု ပိုများလာခြင်းဟုဆိုကြသည်။

တနင်္သာရီတိုင်း‌ဒေသကြီးအတွင်း ရေလုပ်ငန်းများ ပေါကြွယ်ဝပြီး ဝင်ငွေကောင်းကြသဖြင့် စီးပွားရေးမြို့တော်ဟု တင်စားခံနေရသည့် မြိတ်မြို့တွင်လည်း အလားတူ လုယက်မှုများနှင့် ရင်ဆိုင်နေကြရသည်။

မြိတ်မြို့ မြစ်ငယ်နဲ့ ကန်ကြီးရပ်ကွက် အတွင်းရှိ ရေကန်ဘောင်တွင် ညဘက်အချိန်များ၌ ချိန်းတွေ့သည့် သမီးရည်းစားတို့ထံမှ ဖုန်း၊ လက်ဝတ်ရတနာ စသည့် တန်ဖိုးရှိပစ္စည်းများ မကြာမကြာလုယက်ခံနေရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက် ညပိုင်းအချိန်က သမီးရည်းစားထံမှ လူငယ်တစ်စုက ဓားဖြင့်ခြိမ်းခြောက်ကာ ဖုန်းလုယက်ရင်း လူသေတဲ့အထိဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် မြို့ပေါ်ရပ်ကွက်များတွင်လည်း လုယက်မှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လာနေခဲ့သည်။

အဆိုပါ လုယက်မှုများနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ရသူ၊ မျက်မြင်‌တွေ့ရှိသူတို့နှင့် မြို့ခံအချို့ကို မေးမြန်း၍ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“ရေကန်ဘောင်မှာဆို လနဲ့ချီကြာနေပြီ လုယက်နေကြတာ……. အခုတော့ လူသေဆုံးတဲ့အထိ ဖြစ်လာပြီ”

မကြာခဏ လုယက်မှုဖြစ်သည့် မြိတ်မြို့ရှိရေကန်ဘောင်အနီး နေထိုင်သူအမျိုးသား

DW ။ ရေကန်ဘောင်မှာ ဖုန်းလုတာတွေနဲ့ ပတ်သက်ပြီး ဘာသိထားရလဲ။

ဖြေ ။ ရေကန်ဘောင်မှာဆို လနဲ့ချီကြာနေပြီ လုယက်နေကြတာ၊ လုနေတာတွေလည်း ခဏခဏပဲ၊ တော်ကြာ ဖုန်းလုပြီ၊ တော်ကြာရင် ဆွဲကြိုးလုခံထိတာနဲ့ စုံနေတာပဲ၊ တစ်ခါတစ်လေဆို နေ့ခင်းဘက်ကြီး လူမြင်ကွင်းမှာပဲ ဖုန်းလုလို့ အိုင်ဖုန်းတစ်လုံးတောင် ပါသွားသေးတယ်။ လုပြီးရိုက်သွားလို့ ကန်‌ဘေးနားက မြင့်မိုရ်ဆေးရုံကို တင်လိုက်ရတွေရှိတယ်။ အခုတော့ လူသေဆုံးတဲ့အထိ ဖြစ်လာပြီပေါ့။

DW ။ ဒီလို လူသေဆုံးအထိ ဖြစ်သွားတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ရေကန်ဘောင်မှာက မီးတိုင်‌တွေရှိတာပဲ၊ မီးမလင်းတဲ့ မီးတိုင်တွေပေါ့၊ မီးမလာတာကြာပြီ၊ အရင်တုန်းကဆို မီးမရှိဘူး၊ မီးမရှိလို့ ခဏခဏလုခံထိတာ၊ နောက်ပိုင်းတော့ မီးတိုင်တွေဖြစ်လာတယ်၊ တစ်ရက်နှစ်ရက် ရက်ပိုင်းလောက်ပဲ မီးလာတယ်။ အခု ဖုန်းလုရင်း ဓားထိုးခံရထိတဲ့အချိန်ဆို မီးမလာဘူး၊ ဖုန်းလုရင်း လူသေတဲ့အထိ ဖြစ်သွားပြီဆိုတော့ မကြာခင် မီးပြန်လာတော့မယ်၊ လာရင်လည်း ရက်ပိုင်းလောက်ပဲပေါ့၊ ပြီးရင် ပြန်သေသွားမယ်၊ အလင်ဒါကျစဉ်လို ဖြစ်နေတာ၊ မီးသေရင် အတွဲတွေ ပြန်ပေါ်လာမယ်၊ လုတာတွေ ပြန်ဖြစ်လာမယ်၊ ဒုံရင်း ဒုံရင်းပေါ့၊ ဒီအတိုင်းသွားနေရင် ဒီလို လုယက် လူသေတဲ့အထိဖြစ်တာတွေကတော့ ထပ်ရှိနေဦးမှာပဲ။

DW ။ အာဏာမသိမ်းမီအချိန်နဲ့ သိမ်းပြီးနောက်ပိုင်းမှာ ဒီလိုလုယက်တာတွေ ဘယ်လိုကွာခြားချက်ရှိမလဲ။

ဖြေ ။ တကယ်တော့ ဖုန်းလု၊ ဘာလုတာတွေက အရင်ကတည်းကလည်း ရှိပါတယ်၊ နည်းတယ်ဗျ၊ လုပြီဆိုလည်း ‌အဖမ်းခံထိတာ များတယ်။ အာဏာသိမ်းပြီးတော့ ပိုတောင် ဆိုးလာနေတယ်၊ နေ့စဉ်ရက်ဆက်ဆိုသလိုပါပဲ။

DW ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီလို ခိုးဆိုးလုယက်တာတွေ များလာနေတဲ့သဘောပေါ့၊ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ခုခေတ်က အားလုံးကျပ်တည်းနေကြတာ၊ ကုန်ဈေးနှုန်းတွေ အဆမတန် ထိုးထိုးတက်တယ်၊ အလုပ်အကိုင်တွေရှားတယ်၊ အလုပ်ရှားတော့ ငွေကြေးလိုအပ်ချက်ဖြစ်လာတယ်၊ ငွေလိုလာတော့ လုကြပြီပေါ့၊ ကိုယ်‌တွေတောင် ပုံမှန်အလုပ်တစ်ခုနဲ့ ကြိုးကြိုးစားစားလုပ်နေတာတောင် ထမင်းစားဖို့ နပ်မမှန်ဘူး ဆိုတော့ စဉ်းစားကြည့်လို့ရတယ်။ မူးယစ်ဆေးသုံးပြီး အလုပ်အကိုင်မရှိတဲ့သူတွေဆို ဘယ်လောက်အထိ ငွေလိုအပ်နေမလဲပေါ့၊ လုတဲ့သူတွေကလည်း လူငယ်တွေပါပဲ၊ မူးယစ်ဆေးသုံးဖို့ပဲ လုကြတာကိုး။

DW ။ ဘယ်လိုလူတွေမျိုးမှာ လုယက်ကြတာလဲ။

ဖြေ ။ ရေကန်ဘောင်မှာဆိုရင် လုခံထိတဲ့သူအများစုက အတွဲတွေပဲ၊ အတွဲတွေကို ပစ်မှတ်ထားပြီး လုနေကြတာ၊ ရေကန်ဘောင်ဘေးမှာ လှုပ်ရှားနေတဲ့တစ်စုရှိတယ် တစ်ခါတလေ ညဘက်ဆို စုစုပြီး အရက်တွေသောက်နေကြတာ၊ အတွဲတွေကလည်း ကန်ဘောင်မှာ ထိုင်ခုံတွေမလုပ်ပေးခင်တုန်းက ဘယ်နေရာ‌တွေမှာ သွားချိန်းနေကြလဲမလဲ၊ ထိုင်ခုံတွေ လမ်းတွေလည်းပြီးရော ပေါ်လိုက်တဲ့ အတွဲတွေ။

DW ။ သက်ဆိုင်ရာက အရေးယူမှုအပိုင်းကရော ဘယ်လိုရှိပါသလဲ။

ဖြေ ။ တာဝန်ရှိတဲ့သူတွေကလည်း ဘာ‌တွေ လုပ်နေကြလဲမသိဘူး၊ သူတို့က ဒါမျိုးဆို စိတ်မဝင်စားဘူး၊ ဆိုင်ကယ်နှစ်ယောက်စီးဖမ်းမယ်၊ ဦးထုတ်ဖမ်းမယ်၊ ကြေးပြား(ပိုက်ဆံ)ရတဲ့ အပေါက်တွေပဲ လုပ်နေကြတာ၊ လုယက်တာတွေကို စိတ်မဝင်စားကြဘူး။

DW ။ ရေကန်ဘောင်တစ်ဝိုက်မှာ ခိုးဆိုးလုယက်တာတွေ ပပျောက်အောင် ဘာတွေဆောင်ရွက်သင့်သလဲ။

ဖြေ ။ တကယ်တော့ ဖမ်းရင်မိတယ်၊ အသွင်ယူပြီး ပိတ်ဖမ်းလို့ရတယ်၊ ကိုယ်တွေက ဖမ်းချင်လွန်းလို့ လက်ယားနေတာ၊ အနီးအနားက လူစုလိုက်ရင် ၇ ယောက် ၈ ယောက်လောက်ရှိမယ်ဆိုတော့ ကန်ရဲ့လမ်း ဟိုဘက် ဒီဖက် ပိတ်ပြီးဖမ်းမယ်ဆို ဖမ်းလို့ရတယ်၊ ဒီလိုဆိုရင် ထိုက်သင့်သလောက်တော့ ပျောက်သွားမယ်၊ နောက်လူတွေလည်း လုရဲကြတော့မယ် မဟုတ်ဘူး၊

ဆိုးတာက ကိုယ်တွေကပဲ ဖမ်းချင်နေတာ တစ်ခုခုဆို ကာပေးမယ့်သူ တာဝန်ယူပေးမယ့်သူမရှိဘူး၊ ထိခိုက်တာမျိုးနဲ့ အသက်အန္တရာယ်တစ်ခုခု ထိခိုက်သွားမျိုးဆိုရင် တာဝန်ယူပေးမယ့်သူမရှိဘူး၊ ကိုယ်ဖြစ်ရင် ကိုယ်ခံပဲ၊ အချုပ်ကျမယ်ဆိုရင် ကိုယ်ခံပဲ၊ ဒါကြောင့် မလွှဲသာလို့ လက်ပိုက်ကြည့်နေရတာ။

“ဌာနဆိုင်ရာတွေဆိုရင် အကျင့်ပျက်လာဘ်စားဖို့ပဲ စဉ်းစားနေကြတယ်”

မြိတ်မြို့နေ အသက် ၅၀ နှစ်ကျော်ရှိအမျိုးသားတစ်ဦး

DW ။ အခုဆိုရင် မြို့ပေါ်မှာ ဘာကြောင့်လုယက်တာတွေ များလာနေရတာလဲ။

ဖြေ ။ လုယက်တာတွေ များလာတာက တစ်ခါတစ်လေ ပြန်စဉ်းစားရင် မူးယစ်ဆေးဝါးက တစ်ကြောင်းပေါ့‌နော်။ အလုပ်မရှိ အကိုင်မရှိတဲ့ကြားထဲ လူငယ်တွေတော်တော်များများက အွန်လိုင်းဂိမ်းဆော့မယ်၊ မူးယစ်ဆေးတွေသုံးမယ်၊ ငွေလိုလာလို့ လုလာကြမယ်၊ နောက်တစ်ခုက ငွေရလွယ်လို့ လွယ်လွယ်လုပ်လို့ရတဲ့သဘောပေါ့၊ ဖမ်းတာဆီးတာတွေလည်း မရှိတော့ ပိုဆိုးလာတာပေါ့။

DW ။ သက်ဆိုင်ရာတွေက ဖမ်းဆီးအရေးယူတာတွေ မရှိဘူးဆိုတဲ့သဘောလား။

ဖြေ ။ ဟုတ်တယ်၊ အရင်တုန်းက ဒါတွေမရှိပါဘူး၊ ဖြစ်လာရင်လည်း ဖမ်းဆီးအရေးယူတာတွေ ရှိတယ်၊ အခုက ဖြစ်လာရင် ဘာမှ လုပ်ပေးတာတွေမရှိဘူး၊ လုပ်ဖို့လူလည်း မရှိကြဘူး၊ ရေပေါ်ဆီတွေပဲ၊ သူတို့ဟာ သူတို့ လုံခြုံရေးကိုပဲ ဂရုစိုက်နေတာလား၊ ပေါ့ဆနေတာလား၊ ကိုယ်ဟာကိုယ် လွတ်ရာလွတ်ကြောင်း နေနေကြတာလားတော့ မပြောတတ်တော့ဘူး၊ တာဝန်ယူမှု တာဝန်ခံမှုတွေ မရှိဘူးပေါ့။

DW ။ လုယက်ခံရတာတွေက လူထုတွေရဲ့ လုံခြုံရေးပိုင်းမှာ အားနည်းလာတယ်၊ လုံခြုံမှုမရှိတာတွေ ဖြစ်လာတာပေါ့၊ ဒါဆိုရင် သက်ဆိုင်ရာဘက်ရော ဘာတွေလုပ်နေကြတယ်လို့ မြင်ပါသလဲ။

ဖြေ ။ အခုက အုပ်ချုပ်မှုစနစ်က အရမ်းအားနည်းလာတယ်၊ လစ်ဟင်းလာတာ၊ တစ်ခါတစ်လေ လူတွေပြောကြနေတာ မှန်တာပဲ၊ အခုအုပ်ချုပ်နေသူတွေက ဘာတွေ လုပ်နေကြလဲပေါ့၊ ဌာနဆိုင်ရာတွေဆိုရင် အကျင့်ပျက်လာဘ်စားဖို့ပဲ စဉ်းစားနေကြတယ်၊ နေရာတိုင်းမှာ အသံထွက်နေတာ၊ ငွေမပေးနိုင်ရန် ဘာမှ လုပ်လို့မရဘူး၊ သူတို့ကိုယ်တိုင်ပဲ အကျင့်ပျက်နေကြတာကိုး၊ ဝန်ထမ်းတွေကအစ အားကိုးချင်စရာ မရှိဘူး၊ လုပ်တော့ လုပ်နေကြတာပဲ၊ ထမင်းငတ်မှာ ကြောက်လို့ လုပ်နေတဲ့ အဆင့်ပဲရှိတယ်၊ ဒီတော့ လုယက်ခံရရင် တိုင်ကြားဖို့ နေရာတောင်မရှိဘူး၊ ဒီအလုပ်က ငွေရပေါက်မဟုတ်တော့ ဘယ်သူမှတာဝန်ယူပြီး ဖြေရှင်းပေးတာမရှိဘူး၊ ကိုယ်ဖြစ်ရင် ကိုယ်ခံပဲ။

DW ။ ဒီလိုဆိုရင် ခိုးဆိုးလုယက်တာတွေက ပိုအတင့်ရဲပြီး ပိုများလာနိုင်မလား။

ဖြေ ။ အမှန်ပဲ၊ ဆက်ဆိုးလာမယ့် အနေအထားတွေ ရှိတယ် ဒီလို အရေးယူဖမ်းဆီးတာတွေ လူထုရဲ့ လုံခြုံရေးအပိုင်းတွေကို ကြီးကြပ်မှု အားနည်းနေသရွေ့ ဒါတွေက ဆက်ရှိနေဦးမယ်၊ ဆက်ပြီးလည်း များလာဖို့ပဲရှိတယ်။

DW ။ ဆိုတော့ လူထုအနေနဲ့ရော အလုမခံရအောင် ဘာတွေပြုလုပ်သင့်လဲ။

ဖြေ ။ လုတာတွေ အခိုးခံထိတဲ့အဆင့် မဆိုထားနဲ့ဦး၊ ကိုယ့်ကိုကြည့်မရလို့ဆိုပြီး သေနတ်နဲ့ လာပစ်သွားရင်တောင် တရားခံဘယ်သူမှန်း မသိရတဲ့ခေတ်၊ လုံခြုံမှုမရှိတဲ့ခေတ်ကြီးမှာ ကိုယ့်ကိုကိုယ် ဂရုစိုက် သတိထားတာ အကောင်းဆုံးပဲ၊ လမ်းထွက်ရင် လူပြတ်တဲ့နေရာမျိုး မသွားတာ၊ ဆိုင်ကယ်စီးရင်း ဖုန်းပြောတာတွေ၊ ပြီးတော့ အချို့မိန်းမငယ်လေးတွေဆိုရင် လက်ကိုင်အိတ်လေး ဘေးလွယ်ထားတာတွေ၊ ကိုင်ထားတာတွေ မလုပ်သင့်ဘူး၊ လုတတ်တယ်၊ အလုခံထိတာတွေ ကြားနေရတယ်ဆိုပြီး သတိကပ်ရင်းနဲ့ သတိထားသွားလာတာ အသင့်တော်ဆုံးပဲ၊ တော်ကြာ အခန့်မသန့်ရင် ဖုန်းတစ်လုံးကြောင့်နဲ့ အသက်ပါပေးလိုက်ရတဲ့ ရေကန်ဘောင်က အဖြစ်မျိုးတွေ ဖြစ်သွားဦးမယ်။

DW ။ အခုလို အချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“ခေတ်က မငြိမ်ဘူး၊ ခေတ်မငြိမ်တော့ ခိုးမယ်၊ လုမယ်၊ တိုက်မယ် ဒါတွေ ဖြစ်လာဦးမှာပဲ”

ဖုန်းလုခံရသူ လူငယ်တစ်ဦး၏ မိသားစုနဲ့ နီးစပ်သည့် အမျိုးသမီးတစ်ဦး

DW ။ ဖုန်းလုခံထိတဲ့ အခြေအနေလေး တစ်ချက်လောက် ပြောပြပေးပါ။

ဖြေ ။ ဖုန်းလုခံထိတာက တစ်လနီးပါးလောက်တော့ ရှိသွားပြီ၊ အိမ်နားမှာပဲ ညဦးဘက် ဆည်းဆာကျော်ကျော်လေးအချိန်ပေါ့၊ ကောင်လေးက အိမ်နားက လမ်းနံဘေးပလက်ဖောင်းပေါ်မှာ ထိုင်ပြီး ဖုန်းသုံးနေတာ၊ ဖုန်းအားနည်းနေလို့ ပါဝါဘဏ်နဲ့ချိတ်ပြီး သုံးနေတယ်၊ နည်းနည်းမှောင်စပြုတော့ ဆိုင်ကယ်နဲ့ လူငယ်သုံးယောက်ရောက်လာတယ်၊ နောက်ဆုံးတစ်ယောက်က ဆိုင်ကယ်ပေါ်ကဆင်းလာပြီး ဓားတိုလေးတစ်ချောင်း ထုတ်ပြလိုက်တယ်၊ ဖုန်းပေးပေါ့ မပေးရင် ဓားနဲ့ထိုးမယ်ပေါ့၊ ကောင်လေးကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ပေးလိုက်ရတာ၊ ဖုန်းပေးတော့ ပါဝါဘဏ်ပါ အဆက်တောင်းသွားသေးတယ်။

DW ။ ဒီလို ဖုန်းလုခံရတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ဖုန်းလုနေတွေက မကြာမကြာကြားနေရတာပါ၊ ဆိုင်ကယ်ပျောက်တာတွေဆို ဈေးထဲမှာ နေ့တိုင်းလိုလိုကြားနေရတယ်၊ ကောင်လေးက ခါတိုင်းဆို သူငယ်ချင်း သုံးလေးယောက်နဲ့ အတူထိုင်နေကြပဲ၊ ဖြစ်တဲ့နေကျမှပဲ တစ်ယောက်တည်းဖုန်းသုံးရင်း သူငယ်ချင်းတွေ စောင့်နေတဲ့ အချိန်မှာပဲ ဖုန်းလာလုသွားတာ။

DW ။ လုတဲ့သူတွေက ဘယ်သူတွေ ဖြစ်နိုင်မလဲ၊ ဘာကြောင့် လုကြတာလဲ။

‌ဖြေ ။ အရပ်ထဲမှာ ကြားရသလောက်ဆိုရင် လူငယ်တွေများတယ်၊ လူငယ်တွေဆိုတော့ မူးယစ်ဆေးသုံးဖို့ ငွေလိုလို့ လုကြတာထင်တယ်၊ ဒီကောင်တွေက ဆေးသုံးပြီး အလုပ်မှမလုပ်ကြတာ၊ ခိုးလုတာတွေ လုပ်လာကြတာပေါ့၊ အချို့ဆို ဆိုင်ကယ်အကောင်းစား သားသားနားနားဝတ်စားထားကြတယ်၊ ထင်တောင်မထင်ရဘူး၊ တစ်ခါတစ်လေဆို လမ်းမေးဟန်လုပ်ပြီး လက်ကိုင်အိတ်တို့ ဆွဲကြိုးတို့ လုသွားတာမျိုးတွေ ကြားမိသေးတယ်၊ ကုန်ကုန်ပြောရရင် ဈေးသည်တောင် မချန်ဘူး၊ အချို့ကတော့ မိသားစုစားသောက်ရေးအတွက် မရှိလို့ ခိုးစားတာတွေလည်း ရှိချင်ရှိမယ်။

DW ။ ဒီလို လုယက်တာတွေ များလာတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ တောမီးလောင်တော့ တောကြောင်လက်ခမောင်းဆိုလား အဲသည်အတိုင်းပေါ့၊ ခေတ်က မငြိမ်ဘူး၊ ခေတ်မငြိမ်တော့ ခိုးမယ်၊ လုမယ်၊ တိုက်မယ် ဒါတွေ ဖြစ်လာဦးမှာပဲ၊ မြိတ်မှာက ဖုန်းလုခံထိသွားတယ်၊ ဘယ်သူ့ဆိုင်ကယ်တစ်စီးတော့ ဘယ်နေ့က ဘယ်နားမှာ အခိုးခံရလို့ ပျောက်သွားတာတွေက ဈေးထဲမှာ အပြောများဆုံးစကားပဲ၊ ကုန်ဈေးနှုန်းကကြီး စားဝတ်နေရေးကကြပ်တည်း၊ အလုပ်တွေကလည်း မရေရာ မသေချာ၊ ခရီးတွေနယ်တွေ သွားလာဖို့ကလည်း တိုက်ပွဲတွေ ဖြစ်နေကြတာဆိုတော့ လုတာတွေက ပိုများလာဦးမယ် ထင်ပါတယ်။

“အာဏာမသိမ်းခင်က (လုယက်တာ)တော်တော်များများ မကြားရဘူး”

ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦး။

DW ။ ကော့သောင်းမှာ ဖုန်းလုတာ၊ လက်ကိုင်အိတ်လုတာ စတဲ့ ခိုးဆိုးလုယက်တာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုရှိနေလဲ။

ဖြေ ။ ကော့သောင်းမှာက ဒီမနက်(ဇူလိုင်လ ၇ )ကပဲ မိုးကုတ်ရိပ်သာလမ်းမှာ ဖုန်းလုခံရတယ်ဆိုပြီး လိုင်းပေါ်တင်ထားတယ်၊ OPPO ဖုန်းလုခံထိတာတဲ့ ဆိုင်တွေမှာ လော့(Lock)လာဖြေရင် အကြောင်းကြားပေးဖို့ ရေးတင်ထားတယ်၊ ကြားတော့ ကြားနေတယ် အခုတလော လုတာတွေ တော်တော်များတယ်။

DW ။ အာဏာမသိမ်းမီအချိန်နဲ့ သိမ်းပြီးတဲ့အချိန် နိုင်းယှဉ်မယ်ဆိုရင် ဘယ်အချိန်က ပိုများမလဲ။

ဖြေ ။ အာဏာမသိမ်းခင်က တော်တော်များများ မကြားရဘူး၊ ရှိတော့ရှိတယ် နည်းတယ်၊ မကြားသလောက်ပေါ့၊ အခုကတော့ နေ့တိုင်းလိုလို ကြားနေတာ ဈေးထဲမှာ လုတာတွေရှိတယ်၊ ဆီဆိုင်တွေမှာ လိမ်သွားတာတွေ၊ ဆီဝယ်နေရင်း အနောက်ကနေ လက်ကိုင်အိတ်ကို ဖောက်သွားတာတွေ ရှိပါတယ်။

DW ။ ဒီလို လုယက်ခံရတဲ့သူတွေကရော သက်ဆိုင်ရာကို တိုင်ကြားတာ၊ ဖမ်းဆီးတာတွေရော ရှိရဲ့လား။

ဖြေ ။ ဖြစ်သွားရင်တော့ တိုင်တော့တိုင်ကြတာပေါ့၊ အမှုလိုက်တဲ့အခါလည်းရှိတယ်၊ မလိုက်တဲ့အခါလည်းရှိတယ်၊ မလိုက်တာက များတယ်၊ လုံခြုံရေးကျနေတာတို့ ဘာတို့ပြောပြီး မလိုက်တာက များတယ်။

DW။ လုယက်ခံရရင် ဖမ်းဆီးအရေးယူတာတွေ မရှိတဲ့သဘောပေါ့နော်၊ ဒီလိုဖမ်းဆီး အရေးယူတာတွေမရှိတော့ လုယက်တာတွေ မခံရအောင် ဘယ်လိုသွားလာနေရတာလဲ။

ဖြေ ။ အခုက လမ်းထွက်ရင် ဆိုင်ကယ်နဲ့သွားရင် နောက်ကြည့်မှန်ကနေ တစ်ချိန်လုံးချက်(စောင့်ကြည့်) နေရတယ်၊ အနောက်က ဆိုင်ကယ်က ကိုယ့်နား ကပ်လာတာလား၊ လူက ဘယ်လိုပုံစံလဲ၊ ကိုယ့်အသိထဲကလူ ဟုတ် မဟုတ်၊ မသိတဲ့သူဆိုရင် လမ်းဘေးကပ်မောင်း၊ အခြေအနေကြည့်မောင်း စိတ်တထစ်ထစ်နဲ့ သွားနေရတာပေါ့။

DW ။ အခြားဖြည့်စွတ်ပြောချင်တာများ ရှိမလား။

ဖြေ ။ လူတွေရဲ့ လုံခြုံမှုက အရင်လို လုံခြုံမှု မရှိတော့ပါဘူး။

DW ။ အခုလို ‌ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။