အကြောင်းကောင်းအောင် လုပ်နေကြတယ် (၂)

0
1802

ကျွန်တော်နဲ့ သူငယ်ချင်းဟုတ် လုပ်ဖော်ကိုင်ဖက်ဆိုလည်းဟုတ်တဲ့ လူတစ်ယောက်က ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ –

(၁) ဘာကြောင့် ဒီလိုအခြေအနေမျိုးအထိ ဖြစ်သွားရတာလဲ

(၂) လက်ရှိမှာ ဘာတွေဖြစ်နေလဲ

(၃) အောင်မြင်နိုင်ချေရှိပါ့မလား

ဆိုတဲ့ မေးခွန်း(၃)ခုအပေါ် ကျွန်တော့အမြင်ကို ပြောပါလားဆိုပြီး ဆိုင်းမဆင့်ဗုံမဆင့် မေးလာပါ တယ်။ ကျွန်တော်ကလဲ ဘာကောင်မှမဟုတ်တော့ ပါးစပ်ပြောအရပ်ပြောနဲ့ ပြန်ပြောခဲ့တဲ့ မေးခွန်း(၁)ရဲ့ ကျွန်တော့အမြင်ကို ပြီးခဲ့အပါတ်က မျှဝေပြီးဖြစ်လို့ ဒီတစ်ပါတ် မေးခွန်း(၂) နဲ့ (၃) တို့ရဲ့ ကျွန်တော့အမြင်ကို ဆက်လက် မျှဝေလိုပါတယ်။

(၂) လက်ရှိမှာ ဘာတွေဖြစ်နေလဲ

အားလုံးသိတဲ့အတိုင်း စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ ပြည်သူလူထုကြီးဟာ လမ်းမ တွေပေါ်ထွက်ပြီး လက်သုံးချောင်း ထောင်ခဲ့ကြတယ်။ အိမ်မှာနေပြီး သံပုံးတွေတီးခဲ့ကြတယ်။ မီး တွေပိတ်ခဲ့ကြတယ်။ အသံတွေ တိတ်ခဲ့ကြတယ်။ ဒါတွေကို စစ်အာဏာရှင်တွေက ဂရုမစိုက်ခဲ့ ကြဘူး။ အရင်ခေတ်တွေ တုန်းကလိုပဲ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြလိုက်ရင် အချိန်တန် ငြိမ်သွား လိမ့်မယ် ထင်ခဲ့ကြပုံရပါတယ်။

စိတ်ဆန္ဒပြင်းထန်တဲ့ လူငယ်တွေက “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” လို့ ကြွေးကြော်ပြီး လက်လုပ်တူမီးသေနတ်လေးတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြပါတယ်။ လက်ရှိ အချိန်အထိ အချိန်ကာလ နှစ်နှစ်ကျော်လာပြီဖြစ်ပေမဲ့ ဒီပဋိပက္ခကြီးက အရှိန်လျှော့သွားတာမျိုး ဘက်တစ်ခုခုက အားပျော့သွားတာမျိုး မတွေ့ရသေးပါဘူး။ အရှိန်ပိုမြင့် လာပါတယ်။ တစ်ဘက် ကိုတစ်ဘက် အပြီးတိုင်ချေမှုန်းမယ်ဆိုတဲ့ လိုင်းပေါ်မှာပဲ ရှိနေသေးတာကို မြင်နိုင်ပါတယ်။

စစ်တပ်ဘက်က သံသယရှိသူကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၊ ပိုင်ဆိုင်မှုတွေ သိမ်းဆည်း ဖျက်ဆီးတဲ့အဆင့်ကနေ ရွာတွေကို မီးရှို့ဖျက်ဆီး လေယာဉ်တွေနဲ့ ဗုံးကြဲတဲ့အဆင့်ကို ရောက် လာသလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဒလန်ရှင်းလင်းရေး စစ်ယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်ရေးအဆင့်ကနေ မြို့ပြမှာရှိတဲ့ ရုံးတွေ ရဲစခန်းတွေ စစ်တပ်ဂိတ်တွေကို တိုက် ခိုက်လာတာတွေကို တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ တပ်ရင်းတပ်ဖွဲ့တွေအထိ တိကျ တဲ့ပစ်မှတ်တွေ သတ်မှတ်တိုက်ခိုက် လာတာတွေကို ကြားသိနေရပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က အားမလိုအားမရမှုတွေ အချင်းချင်းစိတ်ဝမ်းကွဲပြား စရာသတင်းတွေ ကြားသိလာရသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှု များပြားလာ နေတာတွေ တပ်စွန့်ခွာမှုတွေ ‌တပ်ရင်းတပ်ဖွဲ့အလိုက် အမိန့်မနာခံမှုတွေ ကြားသိနေရပါတယ်။ ဒါတွေဟာ အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ မလွှဲမသွေ ကြုံတွေ့လာရမဲ့ ကိစ္စတွေဖြစ်ပါ တယ်။ အထူးတလည်ကိစ္စ‌တွေတော့ မဟုတ်ဘူးထင်ပါတယ်။

သေချာတာကတော့ စစ်အာဏာရှင်ခိုင်မြဲရေးအတွက် ကြိုးပမ်းနေတဲ့ စစ်ကောင်စီနဲ့ အသိုင်းအဝိုင်းအတွက်သာမက တော်လှန်ရေးအင်အားစုတွေရော ပြည်သူလူထုကပါ ဆုံးရှုံး နစ်နာမှုကြီးမားတဲ့ ကာလကြီးဖြစ်နေပါတယ်။ တနည်းပြောရရင် ဒီနိုင်ငံမှာ တစ်ခါမှမကြုံဘူး သေးတဲ့ လူတန်းစားပေါင်းစုံပါဝင်တဲ့ ခေတ်ပြောင်းတော်လှန်းရေး ဆင်နွှဲနေတဲ့ကာလမို့ မမျှော် လင့်ထားတာတွေ မကြုံဖူး မကြားဖူးတာတွေ ကြုံတွေ့လာဖို့ ရှိလိမ့်ဦးလို့ ထင်ပါတယ်။

(၃) အောင်မြင်နိုင်ချေရှိပါ့မလား

အောင်မြင်နိုင်ချေ ရှိပါတယ်လို့ပဲ ယေဘူဘျဖြေရပါလိမ့်မယ်။ ဘယ်အတိုင်းအတာအထိ အောင်မြင်မလဲ ဘယ်လိုအောင် မြင်မလဲဆိုတဲ့ မေးခွန်းမျိုးကိုပဲ ဆက်မေးရလိမ့်မယ် ထင်ပါတယ်။ ဒီလိုဆက်မေးလာခဲ့ရင်တော့ ပြည်သူလူထုကြီးရဲ့ ပူးပေါင်းပါဝင်နဲ့ လိုအင်ဆန္ဒကပဲ အဓိကကျ တယ်လို့ မြင်ပါတယ်။ ဒီလိုပြောလို့ ပြည်သူလူထုဘက်ကို လွှဲချတယ်လို့ထင်ရင်လဲ ထင်နိုင်ပါ တယ်။

ဒီလိုဘာကြောင့် ပြောရသလဲဆိုရင်တော့ ဒီတော်လှန်ရေး ဖြစ်စဉ်တစ်ခုလုံးဟာ ပါတီ တစ်ခု လူတစ်စုရဲ့ စည်းရုံးလှုံဆော်မှုကြောင့် ပေါ်ပေါက်လာတဲ့ တော်လှန်ရေး မဟုတ်ပါဘူး။ အလွှာပေါင်းစုံပါဝင်တဲ့ ခေတ်ပြောင်းတော်လှန်ရေးကြီး ဖြစ်နေလို့ပါပဲ။

ဒါကြောင့်လည်း အချိန်ကာလတစ်ခုကို အရှိန်အဟုန်မပျက် ကျော်ဖြတ်လာနိုင်ခဲ့တယ်လို့ မြင်ပါတယ်။  ပြည်သူလူထု မပူးပေါင်းတော့ရင် စိတ်ပျက်သွားရင် အောင်မြင်မှုအတိုင်းအတာကို အများကြီး ထိခိုက်သွားလိမ့်လို့ မြင်ပါတယ်။

အောင်မြင်မှုကို ရာနှုန်းပြည့်မျှော်လင့်ထားရင် တော်လှန်ရေးအင်အားစုတွေကို ရာနှုန်း ပြည့် ပူးပေါင်းဖို့ လိုပါလိမ့်မယ်။ ဆိုကြပါစို့ လူငယ်တွေရဲ့ကြွေးကြော်သံဖြစ်တဲ့ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုတဲ့အတိုင်း အမြစ်ပါပြတ်သွားအောင် လိုချင်တယ်ဆိုရင်တော့ အချိန်ပိုကြာနိုင် သလို တော်လှန်ရေးကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဖြစ်စဉ်ဖြစ်ရပ်တွေကို ခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့ သီးခံကျော်လွှားနိုင်ဖို့ လိုပါလိမ့်မယ်။ အကောင်းဆုံးကို လိုချင်ရင်တော့ တန်ဖိုး ကြီးကြီးပေးရတဲ့ သဘောပါပဲ။ ဒါကတော့ ဘယ်အတိုင်းအတာအထိ အောင်မြင်မလဲဆိုတဲ့ အပိုင်းဖြစ်ပါတယ်။

ဘယ်လိုအောင်မြင်မလဲဆိုရင်တော့ နိုင်ငံရေး သံတမန်ရေး စစ်ရေးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ခွဲခြမ်းကြည့်လို့ ရမယ်ထင်ပါတယ်။  ဒါကတော့ ကျွန်တော့အမြင်ပါ။ အပေါ်မှာပြောခဲ့တဲ့ အချက် အလက်တွေအရ နိုင်ငံရေးက နိုင်ပြီးသားအချက်လို့ မြင်ပါတယ်။ သံတမန်ရေးအရလည်း အားလုံး မြင်တွေ့နေကြတဲ့အတိုင်း အထွေအထူးပြောစရာ မလိုတော့ပါ။

နောက်ဆုံးအချက်ဖြစ်တဲ့ စစ်ရေးဟာ လက်ရှိအချိန်မှာ တစ်ဘက်ဘက်က အပြတ်အသတ် အသာစီးရသွားဖို့ မလွယ်ကူတဲ့အခြေအနေမျိုးလို့ ပြောချင်ပါတယ်။ ပြည်သူလူထုကြီးနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးညီညွတ်မှုကောင်းလေ အောင်မြင်မှုနီးလေကြီးလေ ဆိုတဲ့ အခြေအနေမျိုးမှာ ရှိတယ်လို့ မြင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ အနာဂါတ်နိုင်ငံတော်ကို ဘယ်လိုပုံစံနဲ့သွားကြမယ်။ ဘယ်သူ တွေက ဘယ်လိုကိုယ်စားပြုမှုတွေနဲ့ ဦးဆောင်ပါဝင်ကြမယ်ဆိုတာမျိုးကို ကြိုတင်စိတ်ကူးထား ကြဖို့လို အပ်လိမ့်မယ်လို့လည်း ထင်မြင်မိပါတယ်။

သေချာတာကတော့ ဒီနိုင်ငံမှာ စစ်အာဏာရှင်တွေက ပေါကြောင်ကြောင် ခပ်ညံ့ညံ့ အကြောင်းပြချက်တွေနဲ့ စိတ်ကူးပေါက်တိုင်း အာဏာထသိမ်းတတ်တဲ့ အဖြစ်မျိုးတော့ တော်ရုံ ဖြစ်လာနိုင်‌တော့မှာမဟုတ်ဘူး ဆိုတာပြောနိုင်ပါတယ်လို့ ကျွန်တော့အမြင်ကို ပြန်လည်ဖြေ ကြားခဲ့ပါတယ်ခင်ဗျား။

ဧသုနိုင်