ထားဝယ်မြို့တော်ခန်းမနှင့် ဗထူးပန်းခြံကိုဖျက်ပစ်တော့မည်လား

0
3136

ထားဝယ်မြို့တွင် မြို့တော်ခန်းမအသစ်တစ်ခုကို ဆောက်လုပ်လျက်ရှိသည်။

ကျပ်သိန်းပေါင်း ၂၄၀၀၀ ကျော်အသုံးပြုပြီး လက်ရှိ မြို့တော်ခန်းမနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ဗထူးပန်းခြံနေရာတွင် ခန်းမအသစ်ကို ဆောက်လုပ်နေခြင်းဖြစ်သည်။

ဇူလိုင်လ ၇ ရက်နေ့က ခန်းမအသစ်ဆောက်မည့်‌ ဗထူးပန်းခြံထဲတွင် စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကို ဦးဆောင်သည့်အဖွဲ့က ပန္နက်ရိုက်ခဲ့ကြသည်။

ထားဝယ်မြို့တော်ခန်းမအသစ်အား ယခုနှစ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး အချိန်နှစ်နှစ်အတွင်း ပြီးစီးရန်လျာထားကြောင်း တိုင်းလမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။

“ပထမနှစ်မှာကတော့ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး အခြေခံဖောင်ဒေးရှင်းတွေနဲ့ တိုင်ထူတာတွေပဲ လုပ်နိုင်မယ်လို့မှန်းထားတယ်။ ကျန်တာတွေကတော့ နောက်နှစ်မှပေါ့” ဟု ၎င်းတာဝန်ရှိသူကဆိုသည်။

မြို့တော်ခန်းမအသစ် ဆောက်ရသည့်အကြောင်းပြချက်မှာ လက်ရှိမြို့တော်ခန်းမ ဆောက်လုပ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်ခြင်း၊ ‌သေးငယ်နေခြင်းတို့ကြောင့်ဟု တိုင်းလမ်းဦးစီးဌာန တာဝန်ရှိသူပြောဆိုသည်။

မြို့တော်ခန်းမအသစ်ဆောက်မည်ဆိုလျှင် လက်ရှိမြို့တော်ခန်းမနှင့် ဗထူးပန်းခြံကို ဖျက်ပစ်လိုက်မည်လားဆိုသည့် မေးခွန်းပေါ်လာသည်။

လက်ရှိထားဝယ်မြို့တော်ခန်းမ ဆောက်ထားသည့်မြေနေရာသည် ဟိုတယ်ထားဝယ်သို့ ငှားရမ်းထားသည့် မြေနေရာထဲသို့ တစ်စိတ်တစ်ပိုင်းပါဝင်နေကြောင်း ၂၀၁၇ ခုနှစ်ကကျင်းပသည့် တိုင်းလွှတ်တော်အစည်းအ‌ဝေး မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

မြို့တော်ခန်းမမြေနေရာအား ဟိုတယ်ထားဝယ်ထံသို့ မည်ကဲ့သို့သော သဘောတူညီချက်များဖြင့် ငှားရမ်းထားသည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ စုံစမ်းနေဆဲသာရှိပြီး မသိရသေးပေ။

လတ်တလော ထားဝယ်မြို့ထဲတွင်မူ မြို့တော်ခန်းမမြေနေရာကို ဟိုတယ်ထားဝယ်က ပြန်ယူလိုက်ပြီဆိုသည့် ပြောဆိုသံများထွက်ပေါ်နေသည်။

“အရင်ကတည်းက မြို့တော်ခန်းမမြေနေရာက ဟိုတယ်ထားဝယ်ကိုငှားထားတာ။ နာလည်မှုနဲ့ မြို့တော်ခန်းမကို အချိန်အတိုင်းအတာတစ်ခုအထိ သုံးခိုင်းထားတာပဲရှိတယ်။ အဲဒါကြောင့် အရင်ကတည်းက မြို့တော်ခန်းမအသစ်ဆောက်ဖို့ စီစဉ်ရှိတယ်လို့ကြားဖူးတယ်။ အခုမှ အဲဒီအစီအစဉ်ထလုပ်တာဖြစ်မှာ” ဟု ထားဝယ်မြို့ခံတစ်ဦးကဆိုသည်။

ဟိုတယ်ထားဝယ်ပိုင်ရှင်ဖြစ်သူမှာ စစ်ကောင်စီလက်နက်ပွဲစားဟုဆိုသည့် ခရိုနီစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာထွန်းမင်းလတ်ဖြစ်သည်။

ဒေါက်တာထွန်းမင်းလတ်မှာ မူးယစ်ဆေးအမှူ၊ ငွေကြေးခဝါချမှူ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှူများဖြင့် ထိုင်းနိုင်ငံတွင်စွဲချက်တင် ဖမ်းဆီးခံထားရပြီး ၎င်းနှင့်အတူပါဝင်ပတ်သက်သူ ထိုင်းနိုင်ငံသား ၆ ဦးကိုလည်း ထိုင်းတရာရုံးက သေဒဏ်ချမှတ်ထားသည်။

လက်ရှိတွင် မြို့တော်ခန်းမအသစ်ဆောက်ရန် ဘဏ္ဍာငွေလျာထားပြီးဖြစ်သည့်အပြင် ပန္နတင်ပြီးသည့်အဆင့်အထိ ဖြစ်နေသဖြင့် မြို့တော်ခန်းမအဟောင်းမှာ မကြာခင်ဖျက်ပစ်တော့မည်ဟု ယူဆစရာရှိသည်။

အလားတူ ဗထူးပန်းခြံသည်လည်း နေ‌ရာပျောက်နေပြီဖြစ်သည်။

လက်ရှိတွင် ဗထူးပန်းခြံဝင်းထဲ အပင်များကို ခုတ်လှဲရှင်းလင်းပြီး ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နေကြောင်း မြို့ခံအချို့ကပြောသည်။

ထားဝယ်မြို့တွင် ဗိုလ်မှူးဗထူးအထိမ်းအမှတ်ဟု ဆိုနိုင်သည့်နေရာနှစ်ခုသာရှိသည်။

တစ်ခုမှာ လက်ရှိ မြို့တော်ခန်းမအသစ်ဆောက်မည့် ဗထူးပန်းခြံဖြစ်ပြီး နောက်တစ်ခုမှာ ထားဝယ်နှင့် လောင်းလုံးမြို့နယ်ကိုဆက်သွယ်ထားသည့် ကမြောကင်း ထားဝယ်မြစ်ကူးတံတားထိပ်ရှိ ဗထူးပန်းခြံဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါ ဗထူးအထိမ်းအမှတ်နေရာနှစ်ခုစလုံး ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

ကမြောကင်းတံတားထိပ်ရှိ ဗိုလ်မှူးဗထူးရုပ်တုစိုက်ထူးထားသည့် ဗထူးပန်းခြံမှာ လက်ရှိတွင် ရုပ်တုသာကျန်ပြီး ပန်းခြံမရှိတော့ပေ။

ကမြောကင်းတံတား အသစ်ဆောက်ရာတွင် လမ်းနှင့်မလွတ်ဟုဆိုကာ ပန်းခြံကိုဖျက်ပစ်ပြီး ယင်းနေရာတွင် အဝိုင်းပတ်အဖြစ် ပြောင်းလိုက်ပြီဖြစ်သည်။

စစ်ကောင်စီခန့် တိုင်းပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ကမြောကင်းတံတားထိပ်ရှိ ဗထူးပန်းခြံကို မူလအတိုင်းပြန်ပြုပြင်မည်ဟု ၂၀၂၂ ခုနှစ်က ပြောဆိုခဲ့ဖူးသော်လည်း ယနေ့အထိ အကောင်အထည် မပေါ်သေးပေ။

ထို့အပြင် မြို့ထဲရှိ အများပြည်သူ အပန်းဖြေရာနေရာတစ်ခုဖြစ်သည့် ဗထူးပန်းခြံနေရာကိုပါဖျက်ပြီး မြို့တော်ခန်းမအသစ် ဆောက်လုပ်လာပြန်သည်။

မြို့တော်ခန်းမအသစ်ဆောက်ခြင်းကိုမြို့ခံအချို့ လက်မခံကြောင်းပြောဆိုကြသည်။ ဗထူးပန်းခြံကိုဖျက်ပြီး‌ ဆောက်ခြင်းကို ပိုပြီးလက်မခံနိုင်ကြောင်းပြောဆိုကြသည်။

“မြို့တော်ခန်းမအသစ်ဆောက်တာက အခုချိန်မှာ မလိုအပ်သေးဘူး။ အခုက ဘာမှကြီးကြီးမားမား စည်းဝေးလုပ်နေတာမှမရှိတာကို။ အဲဒီအစား ကျန်းမာရေး၊ ပညာရေးတွေမှာသုံးရမှာ” ဟု မြို့ခံတစ်ဦးကဆိုသည်။

မဖြစ်မနေဆောက်ရမည်ဆိုပါက ထားဝယ်ကွန်ပျူတာတက္ကသိုလ်နှင့်မျက်နှာချင်းဆိုင်၊ ဖိုးသီးချိုကလေးကစားကွင်းနှင့် မျက်စောင်းထိုးတွင်ရှိသည့် မြေကွက်လပ်တွင် ဆောက်သင့်ကြောင်း အမည်မဖော်လိုသည့် မြို့ခံတစ်ဦးကဆိုသည်။

ဆောက်လုပ်ရေးဦးစီးဌာန တနင်္သာရီတိုင်းလမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးကမူ လက်ရှိမြို့တော်ခန်းမကို ဖျက်ပစ်မည်မဟုတ်ဟုယူဆကြောင်းပြောဆိုသည်။

“(မြို့တော်ခန်းမအသစ်)စီမံကိန်းက နှစ်နှစ်ဆိုတော့ လောလောဆယ်တော့ ဖျက်မှာမဟုတ်ဘူးထင်တယ်။ အသေးစိတ်ကတော့ အစိုးရအဖွဲ့(စစ်ကောင်စီ)ကပဲ ပိုသိမှာပါ” ဟု ၎င်းကဆိုသည်။

ဗထူးပန်းခြံကိစ္စသည်လည်း အလားတူပင်ဖြစ်သည်။

ထားဝယ်မြို့‌တော်ခန်းမကို ဖျက်မည်၊ မဖျက်မည်နှင့် မည်သည့်အတွက် ဗထူးပန်းခြံနေရာတွင် မြို့တော်ခန်းမဆောက်ရသည်ကို မေးမြန်းရန်အတွက် စစ်ကောင်စီ၏ တိုင်းပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးထံ Dawei Watch က ယနေ့ ဇူလိုင်လ ၇ ရက် နံနက် ၁၀ နာရီကျော်အချိန် ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

မြို့တော်ခန်းမအသစ်မှာ လက်ရှိမြို့တော်ခန်းမထက်ကြီးပြီး ကားပါကင်၊ ကားလမ်းများပါ ပါရှိမည်ဖြစ်သည်။

အကျယ်အဝန်းမှာ ၂၁၅‌ ပေ × ၁၀ ပေ × ၂၈ ပေ ရှိသည်။

အများပြည်သူနှင့်ဆိုင်သည့် ကိစ္စရပ်များကို ပြည်သူကိုအသိမပေးဘဲ ဆောင်ရွက်နေမှုအပေါ်  မြို့ခံအချို့က ဝေဖန်ပြစ်တင်နေကြသည်။

“အခုပုံစံက ဗထူးဆိုတဲ့ဂုဏ်ပုဒ်ကို တဖြည်းဖြည်းနဲ့ အစဖျောက်နေတာလား။ ဒါမှမဟုတ် မြို့တော်ခန်းမမြေကို ဟိုတယ်ထားဝယ်ကို အပြီးပေးချင်လို့ပဲ လုပ်နေတာလား။ နှစ်ခုစလုံးအတွက် လုပ်နေတာလည်းဖြစ်နိုင်တယ်” ဟု မြို့ခံတစ်ဦးက ဝေဖန်လိုက်သည်။