အကြောင်းကောင်းအောင် လုပ်နေကြတယ်

0
2376

ကျွန်တော်နဲ့ သူငယ်ချင်းဟုတ် လုပ်ဖော်ကိုင်ဖက်ဆိုလည်းဟုတ်တဲ့ လူတစ်ယောက်က ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ –

(၁) ဘာကြောင့် ဒီလိုအခြေအနေမျိုးအထိ ဖြစ်သွားရတာလဲ

(၂) လက်ရှိမှာ ဘာတွေဖြစ်နေလဲ

(၃) အောင်မြင်နိုင်ချေရှိပါ့မလား

စတဲ့ မေးခွန်း(၃)ခုအပေါ် ကျွန်တော့အမြင်ကို ပြောပါလားဆိုပြီး ဆိုင်းမဆင့်ဗုံမဆင့် မေးလာပါ တယ်။ ကျွန်တော်ကလဲ ဘာကောင်မှမဟုတ်တော့ ပါးစပ်ပြောအရပ်ပြောနဲ့ ကျွန်တော့အမြင်ကို ပြန်ပြောခဲ့တာလေးကို မျှဝေချင်ပါတယ်။

(၁) ဘာကြောင့် ဒီလိုအခြေအနေမျိုးအထိ ဖြစ်သွားရတာလဲ

ဘာကြောင့် ဒီလိုအခြေအနေမျိုးအထိ ဖြစ်သွားရတာလဲဆိုတော့ အကြောင်းမကောင်း လို့ မကောင်းတဲ့အကျိုးဆက်တွေ ဖြစ်နေရတာလို့ပဲ ပြောချင်ပါတယ်။ လောကမှာ ဘယ်အရာမှ အကြောင်းမဲ့ဖြစ်တဲ့ အကျိုးဆိုတာ မရှိပါဘူး။

ဒီလိုပါပဲ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပျက်နေ တဲ့ တုန်လှုပ်ခြောက်ခြားဖွယ် အခြေအနေဆိုးကြီးဟာ အကြောင်းမကောင်းလို့ ဖြစ်နေရတာလို့ မြင်ပါတယ်။

ပဋိပက္ခ စတင်ဖြစ်ပေါ်လာရခြင်းဟာ အာဏာသိမ်းရာက စပါတယ်။ အာဏာသိမ်းရခြင်း ကို မဲစာရင်းမှားယွင်းလို့၊ မဲစာရင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ တာဝန်မခံကြလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ ဒီအကြောင်းပြချက်ဟာ ဘယ်လောက် မှန်သလဲ။ လုံလောက်တဲ့ အကြောင်းပြချက်ရော ဟုတ်ရဲ့လား စသဖြင့် ပြောစရာတွေအများကြီး ရှိမယ်ထင်ပါတယ်။

ကျွန်တော်သိသလောက်လေးကို အရပ်ပြောပြောရရင် ဒီမိုကရေစီ လုံးဝဆိတ်သုဉ်းနေတဲ့ ၁၉၉၀ တုန်းက စစ်တပ်ကိုယ်တိုင် ဦးဆောင်ပြီး ရွေးကောက်ပွဲလုပ်ပေးခဲ့တယ်။ NLD ပါတီ အနိုင် ရခဲ့ပါတယ်။ မဲစာရင်းကို အကြောင်းမပြခဲ့ပါဘူး။ အာဏာလည်း လွှဲမပေးခဲ့ပါဘူး။

ဒီမိုကရေစီနဲ့သွားမယ်ဆိုတဲ့ကာလ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း မဲစာရင်းနဲ့ပတ်သက်ပြီး ဘယ်သူမှ ဘာမှမပြောကြဘူး။ ပြိုင်ဘက်ပါတီတွေ ကြီးကြီးမားမားမရှိလို့ ထင်ပါတယ်။ မဲရလာဒ် နဲ့ပတ်သက်လို့တော့ ဆူဆူညံညံ ကြားခဲ့ရပါတယ် ကိုယ်တိုင်လည်း ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အေးအေးဆေးဆေးပဲ ပြီးသွားပါတယ်။

ဒီမိုကရေစီအစိုးရ တာဝန်ယူနေတဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီ ဝင်လာတော့ မဲစာရင်းနဲ့ပတ်သက်ပြီး ပါတီတွေကြားမှာရော မဲဆန္ဒရှင်တွေကြားမှာပါ ဝေဖန်တဲ့ အသံတွေ စပြီးကြားရပါတယ်။

၂၀၁၅ မှာတော့ ပိုပြီး ဆူဆူညံညံ ကြားလာရလို့ ထင်ပါတယ် ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် မဲစာရင်းဟာ ၃၀% ပဲ မှန်နိုင်မယ်လို့ ထွက်ပြောခဲ့တာ မှတ်မိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးသွားပါတယ်။ အာဏာလွှဲပြောင်းမှုဖြစ်စဉ်လဲ ချောချောမွေ့မွေ့နဲ့ပဲ ပြီးသွားပါတယ်။

ဒီမိုကရေစီအရှိန်ရလာတဲ့ ၂၀၂၀ ရွေးကောက်ပွဲရောက်တော့ ထုံးစံအတိုင်း မဲစာရင်းနဲ့ ပတ်သက်လို့ အသံတွေကြား ရပါတယ်။ အထူးသဖြင့် မဲဆန္ဒရှင်တွေကြားမှာထက် ပါတီတွေ ဘက်က ပိုပြီးဆူဆူညံညံ ကြားခဲ့ရတယ်။

သေသေချာချာ မှတ်မိတာကတော့ ရွေးကောက်ပွဲအပြီး မဲရှုံးပါတီတွေစုပြီး စစ်တပ်ခေါင်းဆောင်ကို သွားတွေ့ခဲ့တဲ့ အချိန်ကာလတွေမှာ ကျယ်ကျယ် လောင်လောင်ကို ကြားခဲ့ရပါတယ်။ အာဏာသိမ်းဖို့ လှုံဆော်တဲ့ လှုပ်ရှားမှုတချို့ကိုလည်း မြင် လာခဲ့ရတယ်။

ဒါတွေဟာ အာဏာသိမ်းဖို့ အကြောင်းတရားတွေ ဖြစ်လာပြီး အာဏာသိမ်းလိုက်ပါတယ်။ ဒီထက်ပိုတဲ့ အကြောင်းတရားတွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အာဏာသိမ်းသူတွေ အကြောင်း ပြချက်က မဲစာရင်းမှားယွင်းမှုဆိုတာပါပဲ။

ဒီအကြောင်းပြချက် ဘယ်လောက်မှန်သလဲဆိုတာနဲ့ပတ်သက်လို့ မဲစာရင်းကို အဓိက တာဝန်ယူပြုစုကြတဲ့ ရပ်ကျေးအဆင့် ထွေအုပ်ဝန်ထမ်းတွေ၊ မဲရုံတာဝန်ယူကြတဲ့ ဆရာ/ဆရာမ တွေ၊ နိုင်ငံ့ဝန်ထမ်းတွေအပြင် ကိုယ်တိုင်မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူလူထုကပါ လမ်းမတွေ ပေါ်ထွက်ပြီး လက်မခံနိုင်ကြောင်းကို ပြောခဲ့ကြပါတယ်။

ပြောချင်တာက အာဏာရှင်စနစ်မှာ ဘာမှပြောဆိုခွင့်မရှိတဲ့ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာပြောဆိုခွင့်အရ သဘောထားကွဲလွဲမှုရှိရင် ရှိသလို ပြောဆိုကြ တာ သဘာဝဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းပြချက်ဟာ မလုံလောက်ဘူးလို့ မြင်ပါတယ်။

ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ ကိုယ့်ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိ ခဲ့တဲ့ အချိန်ဟာ တကယ့်ကို နည်းပါတယ်။ သန်းငါးဆယ်ကျော်သော လူထုကြီးက လေးငါးသိန်း လောက်သော လက်နက်ကိုင်ထားသူ လူတစ်စုရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်မှာ ပြားပြားဝပ် နေခဲ့ကြရတယ်။

အုပ်ချုပ်သူ လူတန်းစားတွေက သားစဉ်မြေးဆက် ကျိကျိတက် ချမ်းသာနေကြပြီး အုပ်ချုပ်ခံတွေက ဒုက္ခသုက္ခ ပေါင်းများစွာကို အလူးအလဲ ခံစားခဲ့ကြရပါတယ်။

တရားသဖြင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တရားမျှတမှုတွေကို မရရှိခဲ့ကြဘူး။ အကျယ်ချဲ့ပြောရင် ပြောစရာအများကြီး ရှိပါလိမ့်မယ်။

ပြည်သူလူထုကို ဘာဖြစ်ချင်တာလဲလို့မေးရင် လူကိုလူလိုဆက်ဆံသူတွေ၊ သူတို့ကို စစ်စစ် မှန်မှန် ကိုယ်စားပြုသူတွေ၊ သူတို့ဆန္ဒနဲ့ လွတ်လပ်စွာရွေးချယ် တာဝန်ပေးအပ်သူတွေက စီမံ အုပ်ချုပ်တဲ့ဘဝမှာ နေချင်ကြတယ်လို့ ဖြေကြလိမ့်မယ်ထင်ပါတယ်။

ဒီလိုအခြေအနေမျိုးရရှိဖို့ ပြည်သူထုက မျှော်လင့်ချက်ကြီးစွာနဲ့ ခက်ခက်ခဲခဲဖော်ထုတ်ခဲ့တဲ့ ဆန္ဒသဘောထားတွေကို မမှန်မကန် မလုံလောက်တဲ့ အကြောင်းပြချက်တွေနဲ့ အကြိမ်ကြိမ် လျစ်လျှူ ရှူတာ မထီမဲ့မြင်ပြုတာ စော်ကားတာကို ဒေါသထွက်ကြပါတယ်။

ဒီလိုပုံစံမျိုး ဒီနိုင်ငံမှာ ဒါဟာ နောက်ဆုံးအကြိမ် ဖြစ်စေရမယ်ဆိုတဲ့ လူငယ်ထုရဲ့ကြိမ်းဝါးသံတွေ ပဲ့တင်ထပ်ခဲ့ပါတယ်။

စစ်အာဏာရှင်တွေ ဝါဒဖြန့်နေသလို နိုင်ငံရေးပါတီ (NLD) က လှုံ့ဆော်လို့ ဒီလိုဖြစ်နေ ရတယ်ဆိုတာ မဟုတ်ပါဘူး။ ဒါဟာ တော်လှန်ရေးကို ပုံဖျက်ခြင်းသက်သက်သာ ဖြစ်ပါတယ်။

(NLD) ပါတီရဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်အများစုက အဖမ်းအဆီး အကျဉ်းကျခံနေ ကြရတာပါ။ အစိတ်ပိုင်းတစ်ခုအနေနဲ့ ပါဝင်နေကြတာမှန်ပေမဲ့ အများစုက ပညာရှင်တွေ နိုင်ငံဝန်ထမ်းတွေ ကျောင်းသူကျောင်းသားတွေ တက်ကြွလှုပ်ရှားသူတွေ လူငယ်မျိုးဆက်တွေက စုပေါင်းခေါင်းဆောင်မှုနဲ့ ညီညီညွတ်ညွတ် လုပ်နေကြပါတယ်။

အမှန်တရားကို ချစ်မြတ်နိုးသူတဲ့ ပြည်သူလူထုကြီးက ထောက်ခံဝန်းရံနေကြတယ်လို့ မြင်ပါတယ်။ ဒါကြောင့်လဲ ဒီနေ့အထိ ကြံ့ကြံ့ခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

အချုပ်ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ မမှန်မကန် မလုံလောက်တဲ့ အကြောင်းပြချက်တွေနဲ့ အာဏာသိမ်းခဲ့မှုကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။

နောင်ကာလတွေမှာ ဒီလိုမျိုး လက်နက်ကိုင်လူတစ်စုရဲ့ ခပ်ညံ့ညံ့အကြောင်းပြ ချက်တွေနဲ့ ပြည်သူလူထုကို သူတို့ဖြစ်စေချင်တဲ့ ပုံစံခွက်အထဲ ဇွတ်အတင်းသွပ်သွင်းတာ မကြာခဏ ခံခဲ့ကြရတဲ့ဘဝက ရာသက်ပန် လွတ်မြောက်ရေးအတွက် အားစိုက် ကြိုးပမ်းနေကြရ လို့ ဒီလိုအခြေအနေမျိုးအထိ ဖြစ်သွားရတာပါလို့ မြင်ပါတယ်။

ဧသုနိုင်

>>>>> အမှတ်စဉ်(၂) နဲ့ (၃) ကို ဆက်လက်ဖတ်ရှုရန်။