အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဟောင်ကောင်ပြည်သူများ၏ စိတ်ကျန်းမာရေး

0
1792

ဟောင်ကောင်တွင် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ပြည်သူများအနေနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း စိတ်ကျန်းမာရေးဆိုင်ရာ အဖွဲ့များက ပြောကြားလိုက်သည်။

ဘဏ္ဍာရေးကဏ္ဍ၏ အချက်အချာဒေသ ဖြစ်သည့် ဟောင်ကောင် အတွင်း ကြမ်းတမ်းသော ရာဇဝတ်မှု ဖြစ်ပွားမှုမှာ ယခင်က ရှားရှားပါးပါး ဖြစ်သော်လည်း ယခု ဇွန်လအတွင်း လူစည်ကားရာ စျေးဝယ်စင်တာ တစ်ခုတွင်း အမျိုးသမီးနှစ်ဦး ဓားဖြင့် ထိုးသတ်ခံရသည့် ဖြစ်ရပ် ရှိခဲ့သည်။

အဆိုပါ ဖြစ်ရပ်အတွင်း ရဲစစ်ချက်အရ ကျူးလွန်သူမှာ စိတ်ရောဂါရာဇဝင်ရှိခဲ့ဖူးကြောင်း သိရသည်။

ယင်းဖြစ်စဉ်အပြီး ရက်အတော်ကြာပြီးနောက် အခြားသော ဓားဖြင့် တိုက်ခိုက်ခဲ့မှု ဖြစ်ရပ်ကြောင့် မက်ဒေါ်နယ် စားသောက်ဆိုင်တစ်ခု၏ မန်နေဂျာ တစ်ဦး  ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ထို့နောက် ယခုလတွင် အသက် ၂၉ နှစ်အရွယ် မိခင်တစ်ဦးသည် ၎င်း၏သမီးငယ် ၃ ဦးကို အသက်မရှုနိုင်အောင် ပြုလုပ်ခဲ့သည် ဟု သံသယဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ရဲတပ်ဖွဲ့က အသက် ၂၈ နှစ်အရွယ် မော်ဒယ် အက်ဘီချွိုင်၏ ရက်စက်စွာ အသတ်ခံရမှုနှင့် ပတ်သက်၍ လူလေးဦးကို ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သည်။

ဟောင်ကောင် ပြည်သူပေါင်း ၇ သန်းကျော်၏ စိတ်ကျန်းမာရေး အခြေအနေမှာ အင်မတန် ဆိုးရွားနေပြီး ဒေသတွင်း ပြည်သူ့စောင့်ရှောက်မှုကဏ္ဍအတွက် ပံ့ပိုးကူညီမှုပေးရာတွင် လုံလောက်မှုမရှိကြောင်း မူဝါဒ ချမှတ်၊ စည်းရုံးတိုက်တွန်းရေး အဖွဲ့ တစ်ခု ဖြစ်သည့် Our Hong Kong Foundation က ထုတ်ဖော်ပြောကြားခဲ့သည်။

“ဟောင်ကောင်လူဦးရေရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ မကြာသေးမီနှစ်တွေအတွင်း ပိုဆိုးလာခဲ့တယ်” ဟု စိတ်ကျန်းမာရေးကို တိုင်းတာသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အညွှန်းကိန်းကို အခြေခံကာ အဆိုပါ ဖောင်ဒေးရှင်းက ၎င်း၏ လေ့လာချက်တွင်း ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၂ခုနှစ်တွင်း စစ်တမ်းကို ကိုးကားကာ ဒေသတွင်း စိတ်ကျရောဂါလက္ခဏာများ ပျံ့နှံ့နေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းရာ ဟောင်ကောင် ဒေသ အုပ်ချုပ်ရေးအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ၎င်းတို့ အနေနှင့် ဒေသတွင်း စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်နှင့် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်ယိုယွင်းမှုများ ကြုံတွေ့နေရသူများကို ပံ့ပိုးပေးနိုင်ရန် နည်းလမ်းများ ပိုမိုရှာဖွေရန် ရည်ရွယ်ကာ  ယခုလတွင်း အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း ရိုက်တာ သတင်းဌာနကို ဖြေကြားခဲ့သည်။ 

ကမ္ဘာ့ကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉  သည် နေရာအများအပြားတွင် ပျံ့နှံ့နေသည်ကို စိုးရိမ်ပူပန်ကြသလို ဒေသတွင်း စိတ်ကျန်းမာရေးပြဿနာများ တိုးလာမှုမှာလည်း  အဓိကအချက်တစ်ခု ဖြစ်လာကြောင်း  စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ထောက်ပြကြသည်။

သို့သော် ဟောင်ကောင် ၏ အခြေအနေမှာမူ ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သော ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများကို မဖြေရှင်းနိုင်ဘဲ ပိုမိုမငြိမ်မသက်ဖြစ်လာခဲ့သည်။ ၂၀၁၉ခုနှစ်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ မကြာခဏဖြစ်ပွားကာ တခါတရံ အကြမ်းဖက်မှုနှင့် သွေးထွက်သံယို ဖြစ်မှုများပါ ပါဝင်လာသည့် အတွက် ၎င်း၏ လော့ဒ်ဒေါင်းဆိုင်ရာ စည်းမျဉ်းများသည် ကမ္ဘာ့နိုင်ငံများ အကြား အပြင်းထန်ဆုံးများတွင်း ပါဝင်လာခဲ့သည်။ 

မည်သို့ပင် နှစ်များပြောင်းလဲပါစေ ၊ အဆိုပါ ဆန္ဒပြပွဲများ၏ အရင်းခံအကြောင်းရင်းများမှာ တရုတ်ပြည်မကြီးအစိုးရ၏ ဝင်ရောက်ထိန်းချုပ်မှု တင်းကျပ်ခြင်း အပြင် ဒေသတွင်း လူနေမှုစရိတ် မြင့်မားခြင်း၊ တိုးပွားလာနေသော ဝင်ငွေကွာဟမှုနှင့် အိမ်ရာမရှိမှုဆိုင်ရာ နှစ်ရှည်လများ ဖြစ်နေသည့် ပြဿနာတို့ကြောင့် ပြည်သူများအတွက် လွတ်လပ်ခွင့်များ ယိုယွင်းလာသည်ဟု ရှုမြင်လာကြသည့်အတွက် ဆိုးရွားပြီးရင်း ဆိုးရွားနေသလို ဖြစ်နေသည်။

လူဦးရေ ထူထပ်သော ဟောင်ကောင်ရှိ နေထိုင်သူ အများအပြားသည် လူထု အိမ်ယာ စီမံကိန်း အတွက် နှစ်ပေါင်းများစွာ စောင့်မျှော်နေကြသည်။ တိုးမြင့်လာသည့် အိမ်ခြံမြေစျေးအကြား အများပြည်သူ တတ်နိုင်သည့် နှုန်းထားနှင့် အိမ်ရာ စီမံကိန်းမှာ စျေးကြီးလွန်းသော အိပ်မက် ပမာ ဖြစ်နေသေးသည်။

ယင်းအခြေအနေတွင် လူငယ်အများစုမှာ ၎င်းတို့၏ မိဘများနှင့်အတူ ဆက်လက် နေထိုင်ကြပြီး ထောင်ပေါင်းများစွာသော လူများသည် “coffin cubicles (ခေါင်းတလားပမာ ကျဉ်းမြောင်းသော နေရာငယ်များ)” ဟု သိကြသော ရှိရင်းစွဲ ပုံမှန်အခန်းတွင်း ထပ်ကန့်ထားသည့် နေရာများတွင် ယှဉ်တွဲနေထိုင်ကာ ပြည့်ကျပ်နေကြသည်။

“ခြေကုန်လက်ပန်းကျလာမှု”

စိတ်ကျန်းမာရေးဆိုင်ရာ သုတေသနနှင့် အတိုင်ပင်ခံတစ်ဦးဖြစ်သူ ဂျူဒီဘလိန်းက စိတ်ဖိစီးမှုများ စုပေါင်းလာမှုသည် ဟောင်ကောင်ပြည်သူများကို ထိခိုက်စေသည့် အချက်တစ်ချက် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ပုံမှန်ထက် သုံးဆမက စိတ်ညစ်ညူးစရာတွေ ကြုံတွေ့နေရတဲ့ (ဟောင်ကောင်ပြည်သူ) လူတွေနဲ့ ဆက်ဆံနေရပါတယ်။ ဟောင်ကောင်ရဲ့ လက်ရှိ အနေအထား ကတော့ စိတ်ပိုင်းဆိုင်ရာ ခြေကုန်လက်ပန်းကျလာမှုပဲ” ဟု ဘလိန်း က ဆိုသည်။

“(ဒေသတွင်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိတာနဲ့ တွဲပြီးတော့ ဘာမဆိုလုပ်ဖို့ရာ မသေချာမရေရာမှု အပြင် အကြောက်တရားရဲ့ အရင်းခံသဘောတွေက ယှဉ်တွဲပြီး ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီအချိန်မှာပဲ လူတွေက ပိုပြီး ထိလွယ်ရှလွယ် ဖြစ်လာပြီး ရန်လိုလာကြပါတယ်။”

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင်း ကျွမ်းကျင်လုပ်သားအင်အား ဆိုးရွားစွာ ပြတ်လပ်မှုသည်လည်း ယခုလို အခြေအနေကို ဖြေရှင်းရန် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေသည်ဟု ကျန်းမာရေး ပရဟိတအဖွဲ့များက ပြောသည်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စတစ်စုံတခု ကြောင့် သွားရောက်ပြသပါက အရေးပေါ်မဟုတ် ဟု ယူဆရသည့် အခြေအနေ များအတွင်း သတ်မှတ်ခံရလျှင် ဝန်ဆောင်မှု ရရှိရန် စောင့်ဆိုင်းရမည့်အချိန်သည် ဆေးရုံအာဏာပိုင်စနစ်တွင် ရက်သတ္တပတ် ၉၀ ခန့် ကြာနိုင်ကြောင်း Mind Hong Kong အဖွဲ့၏ လက်ထောက် အမှုဆောင်အရာရှိချုပ် ဖြစ်သူ ကာရိုလျန် က ပြောကြားခဲ့သည်။

“OECD ရဲ့ ပျမ်းမျှ ရှိရမယ့်နှုန်း (၁၈-၅၃) နဲ့ ယှဉ်လိုက်ရင် ဟောင်ကောင်မှာ လူတစ်သိန်းအတွက် ဝန်ဆောင်မှု ပေးနိုင်ဖို့ စိတ်ရောဂါကုဆရာဝန် ၇ ယောက်ခန့် နဲ့ စိတ်ပညာရှင် ၈ ယောက်ခန့် သာ ရှိပါတယ်” ဟု စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့မူဝါဒဖိုရမ် (OCED) ၏ ညွှန်ကိန်း ကို အခြေခံကာ ဟောင်ကောင် ဒေသတွင်း စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်လုပ်သား လိုအပ်နေမှု အပေါ် သူမက ယခုလို မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

ဘာသာပြန် – ဒါလီ

Mental health in spotlight in Hong Kong after violent attacks by Reuters (Published on CNA) ဆောင်းပါး ကို ဘာသာပြန်ဆိုရေးသားသည်။