တစ်ရက်တည်း အကောင့်ဖွင့်သူ သန်း ၃၀ ကျော်သွားသည့် Threads ကို တရားစွဲမည်ဟု တွစ်တာ ခြိမ်းခြောက်

0
1839
Photo - Reuters

စတင်မိတ်ဆက်သည့် နေ့တွင်ပင် သုံးစွဲသူ သန်း ၃၀ ကျော်သွားကာ နာမည်ကျော်သွားခဲ့သော ဇူကာဘတ်၏ Threads အက်ပလီကေးရှင်းကို ဥပဒေကြောင်းအရ တရားစွဲဆိုမည်ဟု အီလွန်မတ်ခ် ပိုင်ဆိုင်ထားသည့် တွစ်တာ၏ ဥပဒေအကျိုးဆောင်းများက ပြောဆိုလိုက်သည်။

တွစ်တာလူမှုကွန်ရက်စာမျက်နှာ၏ ဥပဒေအကျိုးဆောင်ရှေ့နေ အဲလက်စ် စပိုင်ရို သည် ဖေ့စ်ဘွတ်ခ်နှင့် Meta ၏စီအီးအိုအဖြစ် တာဝန်ယူထားသော ဇူကာဘတ်ထံသို့ ၎င်းတို့အနေနှင့် ဥပဒေကြောင်းအရ တရားစွဲဆိုရဖွယ်ရှိသည်ဟူသော စာတစ်စောင်ကို ပေးပို့ထားပြီးပြီဖြစ်ကြောင်း Reuters သတင်းရင်းမြစ်က ဖော်ပြထားသည်။

တွစ်တာ၏ဥပဒေအကျိုးဆောင်ရှေ့နေက တွစ်တာ၏ကုန်သွယ်မှုလျှို့ဝှက်ချက်များနှင့် အခြားသောလျှို့ဝှက်ချက်များကို သိရှိထားသည့် တွစ်တာဝန်ထမ်းဟောင်းများကို Threads တွင် ထည့်သွင်းအသုံးပြုနေကြောင်း ဇူကာဘတ်ထံသို့ ပေးပို့လိုက်သောစာတွင် ရေးသားဖော်ပြထားပြီး ယင်းလုပ်ရပ်မှာ ဉာဏမူပိုင်ခွင့်ကို ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်ဟုလည်း ဥပဒေအကျိုးဆောင်ရှေ့နေ စပိုင်ရို က ပြောကြားသွားခဲ့သည်။

ဇူကာဘတ် ပိုင်ဆိုင်ထားသည့် Meta စီးပွားရေးလုပ်ငန်းစုဘက်က မိတ်ဆက်လိုက်သော Threads အက်ပလီကေးရှင်းသည် တစ်ရက်တည်း၌ပင် အကောင့်ဖွင့်လှစ် အသုံးပြုသူ သန်း ၃၀ အထိ ပိုင်ဆိုင်သွားခဲ့ပြီး Threads မှာ များမကြာမီကာလအတွင်း တွစ်တာ၏ပြိုင်ဘက်ဖြစ်လာနိုင်သည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

Meta သည် Instagram နှင့် Facebook အသုံးပြုနေသူများကို Threads ထံသို့ တစ်ဆင့်ချင်းအလိုက် ဆွဲခေါ်ခြင်းဖြင့် အီလွန်မတ်ခ်၏တွစ်တာကို စိန်ခေါ်လာဖွယ်ရှိနေကြောင်း သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။

Meta ၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အန်ဒီစတုန်း ကမူ Threads ဝန်ထမ်းများအနက်တွင် တွစ်တာဝန်ထမ်းဟောင်း တစ်ဦးတစ်ယောက်မျှ မရှိကြောင်း၊ ယခုကိစ္စရပ်သည် အရေးကြီးသော ကိစ္စရပ်တစ်ခု မဟုတ်ပါကြောင်း တုံ့ပြန်ရှင်းလင်းထားသည်။

Photo – Reuters