NLD ရုံးခန်း ငှားရမ်းဖွင့်လှစ်ခဲ့သည့် အဆောက်အအုံကို စစ်ကောင်စီ ချိတ်ပိတ်

0
1764

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးခန်း ငှားရမ်းဖွင့်လှစ်ခဲ့သည့် အဆောက်အအုံကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

NLD ရုံးခန်း ငှားရမ်းဖွင့်လှစ်ခဲ့သည့် သံဖြူဇရပ်မြို့၊ ဗိုလ်နေဝင်းလမ်း၊ အောင်ဇေယျရပ်ကွက်ရှိ ဒေါ်မြင့်မြင့်ခိုင်ဆိုသူ ပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်းရှိ (၆ x ၈) ပေ၊ အုတ်ခင်း၊ အုတ်ကာ၊ သွပ်မိုးအဆောက်အအုံကို စစ်ကောင်စီအဖွဲ့က ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက လာရောက်ချိတ်ပိတ်သွားခဲ့သည်။

အဆိုပါ အဆောက်အအုံကို သံဖြူဇရပ်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်မြတ်သီတာထွန်းလည်း ငှားရမ်းနေထိုင်ခဲ့သည်။

“အဲဒီအဆောက်အဦးက ဒေါ်မြတ်သီတာထွန်းလည်း ငှားရမ်းနေထိုင်ခဲ့ဖူးတယ်။ အခု အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်ဆိုပြီး လာချိတ်ပိတ်သွားတယ်” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားအဖြစ် အနိုင်ရရှိထားသူ ဒေါ်မြတ်သီတာထွန်းကို ဖမ်းဆီးနိုင်ခြင်းမရှိသည့် စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၂(က) ဖြင့် အမှုဖွင့်ထားသည်။

လက်ရှိတွင် ဒေါ်မြတ်သီတာထွန်းသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ကလည်း ‌ကျိုက်မရောမြို့နယ် NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်မျိုးမြင့် ပိုင်ဆိုင်သည့် နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့သေးသည်။

အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်သည်ဆိုပြီး မွန်ပြည်နယ်အတွင်းရှိ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ပါတီဝင်များ၊ ပါတီဝန်းရံထောက်ခံသူများ၏ နေအိမ် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

စစ်တပ်အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ NLD လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် အရပ်သားပြည်သူများ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့ဟု NLD က ထုတ်ပြန်ထားသည်။