သင်္ကန်းတုံးရွာဖြစ်စဉ်တွင် ပျောက်ဆုံးနေသည့် PDF ရဲဘော်တစ်ဦး၏ ရုပ်အလောင်းပြန်တွေ့

0
1824

ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပျောက်ဆုံး နေသည့် ရဲဘော်နှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင်လ ၆ ရက် နံနက်ပိုင်းက ပြန်လည်တွေ့ရှိကြောင်း ထားဝယ် နဂါးတပ်ခွဲ (၂) နှင့် ဥဩစစ်ကြောင်းတို့ထံမှ သိရသည်။

သင်္ကန်းတုံးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ ရက်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဥဩစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အလစ်ဝင်တိုက်တာမှာ ဘာမှမယူလို့ မရခင်ဘဲ သူက ကျကျန်ခဲ့တာ။ သူ့မှာကျည်ထိထားတယ်” ဟု ၎င်းက ဆိုသည်။

ရဲဘော်အားလုံးစခန်းကို ပြန်ရောက်နေကြပြီဖြစ်သော်လည်း ပြေးရင်းလွှားရင်း လမ်းခုလတ်တွင် ကျန်နေခဲ့သည့် ရဲဘော်နောက်တစ်ဦးမှာ ၎င်းတို့အဖွဲ့နှင့် ယခုအချိန် အဆက်အသွယ် မရသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။

ပျောက်ဆုံးနေသူ နှစ်ဦးအနက် အလောင်းပြန်တွေ့သည့် ရဲဘော်မှာ ထားဝယ်နဂါးတပ်ခွဲ (၂) က ဖြစ်ကြောင်း ယင်းတပ်ခွဲ၏ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။

သင်္ကန်းတုံးရွာဖြစ်စဉ်တွင် လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းခံခဲ့ရပြီး ဒေသခံများ၏ နေအိမ်ငါးလုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ထားဝယ်အရှေ့တောဒေသကို ဇွန်လ ၁၅ ရက်တည်းက ရောက်ရှိနေခြင်းဖြစ်ပြီး ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ခုနစ်ကြိမ်ခန့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ် မိုင်းဆွဲခံရသည့် ဖြစ်စဉ်များလည်းရှိသည်။

အဆိုပါပစ်ခတ်မှုများတွင် ပြည်သူ့ကာကွယ်ရေးဘက်က သုံးဦးကျဆုံးပြီး ခြောက်ဦးဒဏ်ရာရကာ စစ်ကောင်စီဘက်က ဆယ်ဦးကျော် သေဆုံးသည့်အပြင် ဒဏ်ရာရသူအများအပြားလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အဆိုအရ သိရသည်။

ထားဝယ်အရှေ့တောဒေသကို ရောက်ရှိနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုသည် လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံး၊ ဝကုန်းစသည့် ကျေးရွာများတဝိုက်တွင် ပြောက်ကျားစနစ်ဖြင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။