ထားဝယ်တွင် ခုန်တက်သွားသည့် စားအုန်းဆီဈေး အနည်းငယ်ပြန်ကျ

0
1788

ထားဝယ်တွင် စားအုန်းဆီ ၁ဝပိဿာဝင် ပုံးဝါတစ်ပုံးလျှင် တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော်အထိ ဈေးခုန်တက် သွားပြီးနောက် ကျပ်နှစ်ထောင်ခန့် ဈေးပြန်ကျလာကြောင်း ထားဝယ်ဈေးကွက်ထံမှသိရသည်။

ဇွန်လ ၂၃ ရက်က ထားဝယ်ဈေးကွက်တွင် စားအုန်းဆီ ပုံးဝါတစ်ပုံးကို ၆၅၅၀၀ ကျပ် ဈေးရှိရာမှ ဇွန်လ ၃၀ ရက်တွင် တစ်ပုံးကို ၇၇၀၀၀ ကျပ် ဖြစ်သွားပြီး တစ်ပတ်အတွင်း ဆီတစ်ပုံး ၁၁၅၀ဝကျပ်အထိဈေးတက်သွားကြောင်း အထက်ပါ ဈေးကွက်အတွင်းမှ သိရသည်။

အတက်ဈေးဖြင့် ဇူလိုင်လ ၅ ရက်အထိ ငြိမ်နေခဲ့ပြီး ဇူလိုင်လ ၆ ရက်တွင် ကျပ်နှစ်ထောင်ခန့် ဈေးပြန်ကျကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

နိုင်ငံခြားမှ တင်သွင်းသည့် စားသုံးကုန်ဖြစ်သောကြောင့် နိုင်ငံခြားငွေလဲနှုန်း‌အပေါ်မူတည်ပြီး ဈေးနှုန်းလည်း လိုက်ပါ ပြောင်းလဲလေ့ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ စားသုံးကုန်စည်အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“စားအုန်းဆီနဲ့ ပတ်သက်ရင် သုံးချက်ကြည့်ရတယ်။ တစ်ချက်က ဒေါ်လာဈေး၊ ဘတ်ဈေး၊ လမ်းခရီးအခြေအနေ၊ ရန်ကုန်က ကုန်သည်တွေ ဖွင့်လှစ်တဲ့ဈေး။ အဲဒီအပေါ်မှာ ချိန်ဆပြီးတော့ ထားဝယ်မှာ ဈေးအတက်အကျဖြစ်တာပဲ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်ဘဏ်ကြီးနှစ်ဘဏ်ကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ လိုက်ပြီးနောက် နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်သွားသည်။

အရေးယူမပိတ်ဆို့မီ အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၂၉၀၀ ဝန်းကျင်ရှိရာမှာ အရေးယူခံရပြီးနောက်တွင် သုံးထောင်ကျော်အထိ ခုန်တက်သွားသည်။ အလားတူ ထိုင်းဘတ်ငွေ လဲနှုန်းထားများလည်း မြင့်တက်သွားသည်။

ယင်းနောက်ပိုင်းတွင် ပြည်ပက တင်သွင်းရသည့် စားသုံးကုန်၊ လူသုံးကုန်၊ ဆေးဝါး စသည့် ဈေးနှုန်းများ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“စားအုန်းဆီဆိုရင် ဈေးမဖွင့်တဲ့နေ့တွေတောင် ရှိတယ်။ ၆၀၀၀၀ကျော်ကနေ ၇၀၀၀၀သောင်းကျော်အထိ ခုန်တက်သွားတာ” ဟု ထားဝယ်မြို့ရှိ မုန့်ကြော်သည့်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

လက်ရှိပြင်ပဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာဈေးမှာ ကျပ် ၇၀၀ဝခန့်ဖြစ်ပြီး ပြင်ပဈေးမြင့်တက်နေသည့်အတွက် ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီ တစ်ပိဿာ ၄၂၀ဝကျပ်ဖြင့်လိုက်လံရောင်းချနေကြောင်း အဆိုပါအသင်းများထံမှ သိရသည်။