ထိုင်းမြောက်ပိုင်းတွင် ပညာသင်နေသော မြန်မာကလေး ၁၂၀ကျော် နေရပ်ပြန်ပို့ခံရနိုင်၊ ထိုင်းပညာရှင်များက ရှုတ်ချ

0
1826

ထိုင်းနိုင်ငံမြောက်ပိုင်း အန်ထော်ခရိုင်ရှိ စာသင်ကျောင်းတွင် ပညာသင်ကြားနေသော မြန်မာနိုင်ငံသား ကျောင်းသား ၁၂၆ ဦးကို နေရပ်ပြန်ပို့ရန် ထိုင်းအာဏာပိုင်များက စီစဉ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဆရာနှစ်ဦးအပါအဝင် ဝန်ထမ်းလေးဦးသာရှိသော Thairath Wittaya 6 ကျောင်းတွင် မြန်မာကျောင်းသား ကလေးငယ်များ ပညာသင်ကြားနေကြောင်း ပြည်သူများက ဇွန်လအစောပိုင်းတွင် တိုင်ကြားခဲ့သဖြင့် ခရိုင်မူလတန်းအုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးခဲ့ကြောင်း‌ ဖော်ပြသည်။

ကလေးငယ်များသည် မြန်မာနိုင်ငံက လာရောက်ကြခြင်းဖြစ်ပြီး သို့သော် မြန်မာနိုင်ငံ၏ မည်သည့်ဒေသက မည်ကဲ့သို့ လာရောက်ကြသည်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။

ကျောင်းတွင် အပ်နှံထားသော ကလေးများသည် မြန်မာတိုင်းရင်းသား ကလေးငယ်များဖြစ်နေကြောင်း အာဏာပိုင် များက တွေ့ရှိခဲ့သဖြင့် ကျောင်းအုပ်ကို ဥပဒေအရ အရေးယူခဲ့ပြီး နေရပ်ပြန်ပို့ရေး စီစဉ်ခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြသည်။

ကလေးများကို နေရပ်ပြန်ပို့ပေးရန် ချင်းရိုင်ခရိုင်သို့ ဇူလိုင်လ ၅ ရက်နေ့က ကား လေးစီးဖြင့် ပို့ဆောင်ခဲ့သည်။

ကလေးငယ် ၁၂၀ ကျော်ထဲက ၃၀ ဦးကို မိဘများ ပြန်လာခေါ်ခဲ့သဖြင့် နေရပ်ပြန်ပို့ပြီးဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကျန်ရှိနေသော ကလေးငယ်များသည် ချင်းရိုင်ရှိ လူမှုဖွံ့ဖြိုးရေးနှင့် လူသားချင်းလုံခြုံရေးဆိုင်ရာရုံးတွင် မြန်မာနိုင်ငံသို့ ပြန်ပို့ရန်အတွက် စောင့်ဆိုင်းနေကြကြောင်း ရေးသားထားသည်။

မြန်မာကလေးငယ်များ နေရပ်ပြန်ပို့ရေးကို အန်ထော်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်း လုံခြုံရေးဆိုင်ရာရုံးနှင့် အခြားအာဏာပိုင်များက စီစဉ်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။

အသက် ၇ နှစ်မှ ၁၆ နှစ်အရွယ်သာရှိသေးသော ပညာသင်အရွယ် မြန်မာတိုင်းရင်းသား ကလေးငယ်များကို ပညာသင်ကြားခွင့်ပိတ်ပင်ခဲ့ပြီး‌ နေရပ်ပြန်ပို့ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ်တွင် ပညာရေးအသိုင်းအဝန်းက ပညာရှင်များနှင့် NGO အဖွဲ့များက ရှုတ်ချထားခဲ့ကြောင်း ဖော်ပြထားသည်။

ကလေးများသည် နိုင်ငံမဲ့များ လူမျိုးစုများ ဖြစ်နေလျှင်ပင် ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားခွင့် ရှိသည်ဟု ချင်းမိုင်တက္ကသိုလ် ဥပဒေဌာနက ဒုတိယဌာနမှူးက ထောက်ပြထားသည်။

ကလေးများသည် နိုင်ငံမဲ့ဖြစ်နေပါက ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနက အထောက်အထား မှတ်ပုံတင်များ ထုတ်ပေးပြီး ပညာသင်ကြားရန် စာရင်းသွင်းခွင့်ရှိကြောင်း ၎င်းက ဆိုသည်။

ချူလာလောင်ကွန်းတက္ကသိုလ် ဥပဒေဌာနမှ ဒေါက်တာစီပရာဖာကလည်း ကလေးငယ်များကို မြန်မာပြည် ပြန်မပို့ရန်နှင့် ကုလသမဂ္ဂ၏ မည်သူမဆို လွတ်လပ်စွာပညာသင်ကြားခွင့်ရှိရေး မူဝါဒအတိုင်း လိုက်နာကျင့်သုံးရန် တောင်းဆိုထားသည်။

ချင်းရိုင်ခရိုင်၏ အထက်လွှတ်တော်အမတ်ဟောင်းတစ်ဦးကလည်း ယခုဖြစ်ရပ်သည် စာသင်ကျောင်းငယ်များကို ပိတ်ပစ်ရန် ညွှန်ကြားထားသော ပညာရေးဝန်ကြီးဌာန၏ မူဝါဒအားနည်းချက်ကြောင့်ဖြစ်ကြောင်း ထောက်ပြသည်။

မြန်မာနိုင်ငံက တိုင်းရင်းသားကလေးငယ်များသည် ဆွေမျိုးများ၏ စောင့်ရှောက်မှုဖြင့် ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေကြကြောင်း Mirror Foundation ၏ ဒါရိုက်တာ Mr Weera က ပြောကြားထားသည်။

ထို့ကြောင့် ကလေးငယ်များကို နေရပ်ပြန်ပို့ခြင်းသည် ရက်စက်ရာရောက်ကြောင်း ထောက်ပြခဲ့သည်။

အကယ်၍ ချင်းရိုင်တွင်သာ ကျောင်းတက်ပညာသင်ရမည်ဆိုပါကလည်း ကျောင်းဝင်ခွင့်အတွက် သက်ဆိုင်ရာ ကျောင်းများကို ဆက်သွယ်သင့်ပြီး ယခုကဲ့သို့ နေရပ်ပြန်ပို့ခြင်းသည် ကလေးများ ပညာသင်ကြားခွင့် ဆုံးရှုံးစေကြောင်း ၎င်းက ပြောဆိုသည်။

ကလေးငယ်များကို ပညာသင်ကြားခွင့်ပေးထားသော ကျောင်းအုပ်၊ ဆရာ၊ ဝန်ထမ်းများနှင့် ရွာလူကြီး ၂ ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားပြီး ၎င်းတို့ကလည်း စွဲချက်အားလုံးကို ငြင်းဆိုထားကာ အမှုများကို ရင်ဆိုင်သွားမည် ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Bangkok Post, Prachatai