မြန်မာအပါအဝင် ထိုင်းရောက် တရားမဝင်ရွှေ့ပြောင်းလုပ်သားများ တရားဝင်လုပ်ကိုင်ခွင့်ရရန် အမည်စာရင်းတင်ရမည်

0
1781

ထိုင်းနိုင်ငံရှိ တရားမဝင် နေထိုင်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများသည် တရားဝင် ယာယီနေထိုင်လုပ်ကိုင်ခွင့်ရရန် အမည်စာရင်းတင်သွင်းရမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်က ဇူလိုင်လ ၆ ရက်နေ့တွင် ကြေညာခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံတို့မှ တရားမဝင် အလုပ်သမားများ ဇူလိုင်လ ၃၁ ရက်နေ့အထိ တရားဝင်နေထိုင်ခွင့်ရရှိရန်အတွက် အလုပ်ရှင်က အလုပ်သမားစာရင်းကို ယခုလ ၁၅ ရက်အတွင်း တင်သွင်းရမည် ဖြစ်သည်။

ယခုအစီအစဉ်ကို ဇူလိုင်လ ၅ ရက်နေ့က ပြုလုပ်ခဲ့သော အစိုးရအစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အလုပ်လုပ်ခွင့်လျှောက်ထားခွင့်နှင့် အကျုံးဝင်မည့် အလုပ်သမား အုပ်စု သုံးအုပ်စုရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံကူးလက်မှတ် သက်တမ်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ယခင်အလုပ်က ထွက်ထားပြီး အလုပ်သစ်ရှာမရသေးသူများ သို့မဟုတ် အလုပ်လုပ်ခွင့် သက်တမ်းတိုးရန် မမီလိုက်သူများ၊ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်ကျော်လွန်သူများ (overstay) နှင့် တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာပြီး အလုပ်လုပ်ခွင့် လုံးဝမလျှောက်ဖူးသူများ အကျုံးဝင်ကြောင်း ထုတ်ပြန်ထားသည်။

ယခင်ထုတ်ပြန်ချက်များတွင် မေလ ၁၅ ရက်နေ့တွင် သက်တမ်းတိုးရန် မမီလိုက်သော အလုပ်သမားများအား ဇူလိုင်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးခွင့်ပြုထားကြောင်း ပါရှိပြီးဖြစ်သည်။

သို့သော်လည်း ယခုထုတ်ပြန်ချက်တွင် အလုပ်ရှင်ရှိပြီး အထောက်အထားမရှိသေးသော အလုပ်သမားများအတွက် အကျုံးဝင်လာခဲ့ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းထံမှ သိရသည်။

“၇ လပိုင်းမကုန်ခင်မှာ အလုပ်ရှင်က စာရင်းသွင်းထားရမယ်ဆိုတဲ့သဘော။ စာရင်းသွင်းပြီး ရလာတဲ့ Name list လေး ကိုင်ထား။ အဲဒီလိုပဲနားလည်တယ်။ ဘတ်အသစ်အတွက်ဆိုပြီး စာရင်းတင်ဆိုတဲ့ဟာမျိုးတော့ မဟုတ်သေးဘူး။ အစိုးရက ခွင့်ပြုလိုက်ပြီဆိုရင် ရှေ့လတွေကျရင် ဆက်လုပ်သွားပေါ့နော်။ နောက်တစ်ခုက တရားမဝင်အလုပ်သမားတို့၊ ဘတ်မရှိတဲ့အလုပ်သမားတို့ကို အလုပ်ရှင်ကနေပြီး အကြောင်းကြားထားတဲ့သဘောပေါ့။ အဲဒါဆိုရင် ဖမ်းလို့မရဘူး။ မဖမ်းဘူးပေါ့” ဟု FED က အလုပ်သမားတာဝန်ခံ ဦးမင်းမင်းဦးက ပြောသည်။

ဘတ်ဟုခေါ်သည် ပန်းရောင်ကတ်မှာ တရားဝင် ယာယီနေထိုင်လုပ်ကိုင်ခွင့်ပေးထားသည့် ကတ်ဖြစ်သည်။

အလုပ်ရှင်ရှိပြီးသား အထောက်အထားမရှိသော အလုပ်သမားများအနေဖြင့် မိမိအလုပ်ရှင်ကို ပြောပြ၍ လုပ်ကိုင်နိုင်ပြီး အလုပ်ရှင်မရှိသေးသော အလုပ်သမားများအနေဖြင့် ယုံကြည်စိတ်ချရသော အေးဂျင့်ကိုသာ အပ်၍ လုပ်ကိုင်ကြရန်လိုကြောင်း ၎င်းက ဆိုသည်။

ယခုထုတ်ပြန်ချက်တွင် ပန်းရောင်ကတ် အသစ်လုပ်ပေးမည့် လုပ်ငန်းစဉ်အသေးစိတ်နှင့် ပက်သက်၍ ထုတ်ပြန်ထားခြင်းမျိုးမတွေ့ရှိရသေးဘဲ ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) က ကိုဇော်က ပြောသည်။

“ဘယ်ပုံစံနဲ့ ကုန်ကျစရိတ်ဘယ်လောက်ရှိတယ်ဆိုတာမျိုး မပါသေးဘူး” ဟု ၎င်းကဆိုသည်။

ယခု အစီအစဉ်တွင် အလုပ်သမားများ၏ အသက် ၁၈ နှစ်အောက် သားသမီးများလည်း အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလုပ်သမားကတ်လျှောက်ထားမှုနှင့်ပက်သက်၍ နောက်ထပ် အသေးစိတ်အစီအစဉ်များကိုမူ အစိုးရအသစ်ဖွဲ့ပြီးသောအချိန်အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။