စစ်အာဏာရှင်ကျဆုံးရေးအတွက် ဘန်ကောက်ရှိ မြန်မာနိုင်ငံသားများ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြ

0
1317

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် မြန်မာနိုင်ငံသားများသည် စစ်အာဏာရှင် ကျဆုံးရေးအတွက် ယနေ့ မွန်းလွဲပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်၏ မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင် ရာနှင့်ချီသော မြန်မာအလုပ်သမားများ ယနေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ စုဝေးဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“မတရားမှုဆိုတာကလေ ကိုယ့်အိမ်ရှေ့ကို တံခါးလာခေါက်မှ တော်လှန်ရမှာ မဟုတ်ဘူး။ မတရားမှုကို တွေ့တဲ့နေရာကနေ တော်လှန်ရမှာ” ဟု ဆန္ဒပြပွဲကို တက်ရောက်လာသူတစ်ဦးက ဟောပြောခဲ့သည်။

ဆန္ဒပြပွဲတွင် စစ်ကောင်စီအစိုးရကို အသိမှတ်မပြုရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို အစိုးရအဖြစ် အသိအမှတ်ပြုရေး ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ယင်းအချက်များအပြင် မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုအပါအဝင် အချက်အလက်များကိုလည်း ကုလသမဂ္ဂရုံးသို့ အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း တက်ရောက်လာသူထံမှ သိရသည်။

ယင်းဆန္ဒပြပွဲကို ထိုင်းနိုင်ငံရောက် တော်လှန်ရေးအင်အားစုအဖွဲ့များနှင့် မြန်မာအလုပ်သမားများက စုပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။