ပညာရေးရှေ့ဆက်ခွင့် မရသူတွေ

0
2115

စစ်အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် ပြည်သူများမှာ အထွေထွေအကျပ်အတည်းများ ကြုံတွေ့နေရသလို ကလေးများနှင့် လူငယ်များမှာလည်း ပညာရေး ဆုံးရှုံးမှုများ ကြုံတွေ့လာနေရသည်။

ငွေကြေးတတ်နိုင်သူများက မြို့ပေါ်ရှိ ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာကျောင်းများနှင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ကာ ကျောင်းထားမှုများရှိသော်လည်း ငွေကြေးမတတ်နိုင်သူများမှာ ရွေးချယ်စရာမရှိဘဲ ပညာရေးလမ်းကြောင်းကို အချိန်မတန်ခင် စွန့်ခွာသွားကြရပြီဖြစ်သည်။

ငွေကြေးမတတ်နိုင်သူများအတွက် စစ်ကောင်စီက ဖွင့်လှစ်ထားသည့် ကျောင်းများ သို့မဟုတ် NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ၏ ကြားကာလပညာရေး အစီအစဉ်အရ ဖွင့်လှစ်ထားသော ကျောင်းများသာ ရွေးချယ်ကြရမည်ဖြစ်သည်။

သို့သော် ကြားကာလပညာရေးအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများဖြစ်သော အင်တာနက်၊ ကွန်ပျူတာ၊ ဖုန်းစသည်များ ဝယ်ယူရန်အခက်အခဲရှိသော သူများအတွက် စစ်ကောင်စီက ဖွင့်လှစ်သော ကျောင်းများသာ ရွေးချယ်ခွင့်ရှိကြသည်။

ယင်းအခြေအနေများကြောင့် ဆယ်ကျော်သက် လူငယ်အများစုမှာမူ လုပ်ငန်းခွင်သို့ ရောက်ရှိသွားကြသလို အချို့မှာလည်း ထိုင်း၊မလေးရှားနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြရသည်။

ကျေးလက်နေသူအများစုမှာ ပညာရေးကို ပိုမိုအလှမ်းဝေးလာပြီး အချို့တိုက်ပွဲဖြစ်ပွားနေသော ဒေသမှ ကလေးများမှာမူ ကျောင်းတက်ခွင့် မရကြပေ။

ယင်းသို့သော အခြေအနေများကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“အနာဂတ်ကိုတွေးဖို့နေနေသာသာ ဘယ်နေ့လက်နက်ကြီးလာကျပြီး သေမလဲဆိုပြီး တွေးနေရတယ်အခုက”

သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာက ကျောင်းသူတစ်ဦး၏ မိဘတစ်ဦးနှင့်အင်တာဗျူး

DW ။ ကလေးဘယ်နှစ်ယောက်ရှိလဲ၊ ကလေးတွေကရော ဘယ်အချိန်တည်းက ကျောင်းနားထားတာလဲ။

ဖြေ ။ သမီးအကြီးကတော့ နိုင်ငံရေးကောင်းကတည်းက ဆယ်တန်းအောင်ပြီးပြီ၊ ကျောင်းဆက်မတက်ဘဲ ထိုင်းမှာ အလုပ်သွားလုပ်စားနေတယ်။ အငယ်မလေးကတော့ ဒုတိယတန်းကို မတက်ရသေးဘူး။ သူဒုတိယတန်းနှစ်မှာ ကိုဗစ်ကြောင့်ဆိုပြီး ကျောင်းနားခဲ့ရတာကိုး။ နိုင်ငံရေးနဲ့ဆက်လိုက်တာ အခုထက်ထိပဲ၊ မမ(ကျွန်မ)လည်း မထားတော့ဘူး။ ထားရင်လည်းသူက မနေချင်ဘူး။ မမ(ကျွန်မ)ကလည်း မထားချင်ဘူးပဲ။ အခု ၁၁ လပိုင်း ၂၃ ရက်နေ့ဆို သူ ၁၁ နှစ်တိတိပြည့်ပြီ။

DW ။ အပြင်မှာရော ကျူရှင်ထားတာတွေ၊ Online ကနေကျောင်းတက်နေတာတွေရှိလား။

ဖြေ ။ မရှိဘူး၊ နိုင်ငံရေးဖြစ်တည်းက မမတို့ရွာမှာ တရွာလုံးပဲလေ၊ CDM ဝင်ထားကြတယ်၊ ဟိုအရင် နိုင်ငံရေးစဖြစ်တုန်းက ကျူရှင်ဆိုပြီးတော့ တခါပြတယ်။ အခြေအနေတွေ တအားမဆိုးခင်တုန်းကပေါ့၊ အဲ့တုန်းက ကျူရှင်သွားတက်ခိုင်းသေးတယ်။ ဒုတိယတန်းစာကိုပေါ့နော်။ နိုင်ငံရေးအခြေအနေ တအားဆိုးလာတဲ့အချိန်မှာ CDM ဆရာမတွေ ရွာမှာ မနေရဲတော့ဘူး။ အားလုံးသွားလိုက်ကုန်တယ်။ သွားလိုက်တော့ အခုလက်ရှိအချိန်ထိ ကျူရှင်လည်းမတက်ရဘူး။ Online ကနေထားဖို့ကလည်း မလွယ်ဘူး။ မမတို့နားမှာ Wifi လိုတယ်၊ ပြီးတော့ ဖုန်းနဲ့ဆိုလည်း အဆင်မပြေဘူး။ လက်တော့ပ်တွေဘာတွေလိုတယ်။ ကိုယ့်အခြေအနေနဲ့ မနိုင်ဘူး အဆင်မပြေဘူးလေ။ အဲ့ဒါကြောင့် မထားတော့ဘူး။ ဒီအတိုင်းပဲထားထားတယ်။

DW ။ အိမ်မှာရောပြပေးနေတာရှိလား။ သူ့ရဲ့ တစ်နေ့တာမှာ ဘာတွေလုပ်လဲ၊ ဖုန်းသုံးတာဆိုရင်ရော ဘာတွေကြည့်လဲ၊ ဘာတွေအသုံးများလဲ၊ ဘယ်လိုမြင်ရလဲရှင့်။

ဖြေ ။ အင်း.. ဖုန်းထဲက ဗဟုသုတရစရာတွေ တခါတလေသူ့ကိုကြည့်ခိုင်းတယ်။ အင်္ဂလိပ်စာတွေဘာတွေ သူ့ဘာသူပြောနေတတ်တယ်။ ကိုယ့်ဘာကိုယ်သင်ပေးဖို့က အမေနဲ့သမီးဆိုတော့ ဆိုတတ်ဖတ်တတ် သလောက်ပဲရတာပေါ့။ မမ ကြည့်တာတော့ သူ TikTok ကြည့်တာပဲတွေ့တယ်။ TikTok ထဲကပြောဆိုတဲ့အတိုင်း လိုက်လုပ်တယ်။ တခါတလေ ဟိုကပြောတာ အဓိပ္ပါယ်မသိလည်း သူလိုက်လုပ်နေတာပဲ။ ကိုးရီးယားသီချင်းတွေသူရတယ်၊ ထိုင်းသီချင်းတွေ သူရတယ်။ တခါတလေ အင်္ဂလိပ်လိုတွေပြောတယ်။ ကိုးရီးယားသီချင်းတွေဆိုတယ်။ ကာတွန်းကားတွေကတော့ TV မှာအပြင်မှာကြည့်တယ်။

DW ။ ဖုန်းကရော တစ်နေ့ကိုဘယ်နှစ်နာရီလောက်ထိ သူကြည့်တာမျိုးရှိလဲ။

ဖြေ ။ ကစားတဲ့အခါလည်း ကစားတယ်။ ဖုန်းကတော့ တစ်နေ့မှာ မိုးလင်းပိုင်းဆို သူကြည့်မယ်၊ ညဘက်အိပ်ခါနီးဆို တစ်နာရီလောက်သူကြည့်မယ်။ ဖုန်းက သူ့ကိုယ်ပိုင်ဖုန်းဝယ်ပေးထားတယ်။ တခါတလေ သူခွေးတွေနဲ့ကစားတယ်။ အခုဆို ရွာထဲမှာလူမရှိဘူးဆိုတော့ ခွေးတွေနဲ့သူကစားတယ်။ (တစ်ရွာလုံးစစ်ပြေးတိမ်းရှောင်နေကြ) ခွေးတွေကို သူစကားပြောတယ်။ ပြီးရင် Online ပေါ်မှာ Live လွှင့်ပြီးဈေးရောင်းသလို အပြင်မှာသူ Live လွှင့်ပြီးတော့ဈေးရောင်းတယ်။ ခွေးတွေကိုပြောပြောပြီး ရောင်းတယ်(ရယ်လျှက်)။

ရွာထဲမှာလူရှိနေတုန်းကတော့ ရွာထဲက ကလေးတွေနဲ့သူကစားတယ်။ အခုကျောင်းပြန်ဖွင့်တဲ့အချိန်မှာ တချို့မိဘတွေက သူတို့ကလေးတွေကို မြို့ပေါ်တက်ထားသူထား၊ မြိတ်မှာသွားထားသူထား၊ ဘော်ဒါပို့သူပို့ ပိုက်ဆံရှိတဲ့သူတွေပေါ့။ မိဘတွေလည်း‌တောင့်ခံနိုင်ဦးမလား၊ လေးနှစ်တောင်ရှိပြီဆိုတော့။

DW ။ သူများတွေက ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ကလေးတွေကို ကျောင်းထားကြတာရှိတယ်ဆိုတော့ အမအနေနဲ့ ကလေးအတွက် ဘယ်လိုစဉ်းစားထားတာရှိလဲ။

ဖြေ ။ ညရောက်လာရင် အိပ်မပျော်ဘူး။ သူ့ကိုကြည့်ပြီးငိုနေရတဲ့အချိန်ချည်းပဲ။ ကိုယ့်သားသမီး ပညာရေးလေ၊ ကိုယ်ကမျှော်လင့်နေတယ်။ သူတစ်နေ့ ထွန်းထွန်းပေါက်ပေါက် ဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ ခုကနိုင်ငံရေးကြောင့် အားလုံးကျောင်းမနေကြရဘူးဆိုလည်း တစ်မျိုး၊ တစ်ယောက်မှ မတက်ကြရဘူးဆိုလည်း တစ်မျိုး။ အခုက (ပိုက်ဆံ)ရှိတဲ့သူက ရှိသလိုမျိုးနေ၊ မရှိတဲ့သူက မရှိသလို။

တကယ်တော့ မရှိဘူးဆိုတာထက် မမမှာက သူက ငယ်လည်းငယ်သေးတယ်။ သူများအိမ်မှာ သွားထားထားဖို့ကလည်းမရဘူး။ ဘော်ဒါလည်းပို့မရသေးဘူး။ သူကိုယ်တိုင်ကလည်း မနေလိုဘူး။ သူပြောတာကတော့ အမေစုလွတ်မှသူနေမယ်တဲ့။ အဲ့ဒါဆို နင်စာတတ်အုံးမလားဆို ရတယ်။ သူနေနေမယ်တဲ့။ မအလကျောင်းတော့ သူမတက်ဘူးတဲ့။ အဲ့လိုပဲပြောတယ်သူ။ မေမေ သူများတွေထားသလို အပြင်ကျောင်းတွေမှာ ထားပေးမယ်ဆိုလည်း မနေလိုဘူးတဲ့။ မေမေထားပေးရင် မေမေပါလိုက်နေတဲ့။ မမမှာလည်း မိအိုဖအိုကရှိသေးတော့ ထားခဲ့လို့က မရဘူး။ ရတယ်တဲ့ သူကြီးတဲ့အထိစောင့်နေမယ်တဲ့။ သူမရှက်ဘူး ရအောင်တက်မယ်တဲ့။ အမေတစ်ယောက်အနေနဲ့တော့ ခံစားရတာပေါ့။ အခုကတော်တော်များများက ကျောင်းနေနေကြကုန်ပြီ. မိဘတွေက တောင့်ခံမနိုင်တော့ဘူး။ ကျူရှင်ထားဖို့ကလည်း ကျူရှင်ပြဖို့လူမရှိဘူး။ သူများရွာမှာ သွားထားဖို့ကလည်း သွားကြိုသွားပို့ဖို့နဲ့ အဆင်မပြေဘူး။

DW ။ ကလေးအနာဂတ်အတွက် ဘယ်လိုတွေးထားသလဲ

ဖြေ ။ အနာဂတ်ကိုတွေးဖို့နေနေသာသာ ဘယ်နေ့လက်နက်ကြီးလာကျပြီး သေမလဲဆိုပြီး တွေးနေရတယ်အခုက။ စစ်ဖြစ်နေတဲ့ခေတ်ဖြစ်သွားပြီကိုး။ ကိုယ့်သားသမီးကိုတော့ ပညာရေးတွက် ထားချင်တာပေါ့။ အရွယ်ကရောက်လာပြီ။ နိုင်ငံရေးက ဘယ်အချိန် အေးလာမလဲမသိဘူး။ မမလည်း ကိုယ့်သမီး အပျိုကြီးပဲဖြစ်နေဖြစ်နေ ဒုတိယတန်းကနေပဲ ရအောင်ပြန်ထားမယ်လို့။ နိုင်ငံရေးကောင်းလာတဲ့တစ်နေ့ ကျောင်းတွေပြန်ဖွင့်တဲ့အခါ မမလည်းပြန်ထားမယ်။ သူလည်းနေမယ်တဲ့။ ပညာဆိုတာတော့ အိုတယ်မရှိဘူး။ ကိုယ်လိုလားဖို့ပဲလိုတာ။ အခုလက်ရှိကတော့ ဘယ်လိုမှတွေးလို့မရဘူး။ ၃ နှစ်တောင်အောင့်လာပြီးမှတော့ အခုခဏလေးနဲ့ မထားချင်တော့ဘူး။ နေလက်စနဲ့‌နေနေလိုက်တော့မယ်။

အပြင်ကျောင်းထားမယ်ဆို ပုဂ္ဂလိကကျောင်းထားမယ်ဆိုလည်း မမမှာ အင်အားမရှိဘူး။ ထားမနိုင်ဘူး။ မမတို့က အစိုးရကျောင်းပဲထားနိုင်တာကိုး။ အစိုးရကျောင်းကလည်း မမ သမီးကလည်း လုံးဝ မနေလိုဘူး။ မမကလည်း မထားချင်ဘူး။ မမတို့သားမိနှစ်ယောက်က အဲ့လိုဖြစ်နေတယ်။ ကိုယ့်သမီးကို ကိုယ့်နဲ့ခွဲပြီးလည်း သွားထားဖို့မဖြစ်နိုင်ဘူး။ ဘယ်အချိန် ဘယ်နေရာမှာဆူလာမလဲမှ မသိတာ။ အခုချိန်မှာ ကိုယ့်အသက်ထက် အရေးကြီးတာဘာမှမရှိဘူး။

DW ။ အခု အမတို့ပတ်ဝန်းကျင်မှာရော ကျောင်းမနေတဲ့ကလေးတွေရှိလား။

ဖြေ ။ ရှိတယ်၊ မမတို့ အိမ်ဘေးကလည်း သူလည်းမထားသေးဘူး။ သုံးတန်းတက်ရဖို့ကလေးပေါ့။ သူတို့လည်း မြိတ်ကို စစ်ပြေးရှောင်သွားကြတယ်။ ဘော်ဒါတွေဘာတွေအပ်ဖို့လည်းသူတို့လည်း မမတို့လိုပဲပေါ့။ အခြေအနေမရှိဘူး။ ဒီနားကတွေလည်း ကျောင်းထားထားကြတာတွေရှိတယ်။ မိဘတိုင်းကတော့ ကိုယ့်သားသမီးကို ပညာတတ်စေချင်တာပေါ့၊

DW ။ ၇ တန်း ၈ တန်းပေါ့နော် ၁၃ နှစ်အထက်တွေဆိုရင်ရော ရွာမှာဘယ်လိုမြင်ရလဲ။

ဖြေ ။ ၁၃ နှစ်အထက်တွေကျောင်းသွားတက်တာဆိုလို့ မမတို့အိမ်နားက ဟိုး..နားက တစ်ယောက်ပဲရှိတယ်။ ကျန်လူတွေကတော့ ဒီအတိုင်းပဲနေတယ်။ ကျန်တဲ့ယောက်ျားတွေက လှေလိုက်ကုန်ပြီ။ မမတို့နားမှာက ယောကျ်ားတွေများတာကိုး။ ၁၃ နှစ် ၁၄ နှစ် ၁၅ နှစ်ဆို မမတို့နားမှာ အလုပ်လုပ်စားရနေပြီကိုး။ မြိတ်တွေမှာ လှေလိုက်သူလိုက်ကုန်ပြီ။ ထိုင်းထဲဝင်သူ ဝင်ကုန်ပြီ။ ရွာထဲမှာ နေသူကရှိကိုမရှိဘူး။ ရွာထဲမှာနေသူတွေက မမသမီးအရွယ်တွေ ၁၃ နှစ်အောက်တွေပဲရှိတယ်။ မမတို့ရွာမှာ ယောကျ်ားဆို လှေလိုက်၊ မိန်းမဆို ရှမ်းပြည်(ထိုင်း)။ ကျောင်းလည်း မနေရဘူးဆိုတော့ မိဘတွေကလည်း ခေါ်ချလိုက်တာပေါ့။

DW ။ ယောကျ်ားတွေက ၁၃ နှစ်နဲ့လှေလိုက်ရလို့လား။

ဖြေ ။ ရတယ်။ အမတို့နားမှာ ရမှ ရ။ ၁၃ ။ ၁၄ ဆိုမှတ်ပုံတင်ရကုန်ပြီလေ။ မူလတန်းအောင်ရင် မှတ်ပုံတင်လုပ်ပေးတယ်။ မှတ်ပုံတင်ရှိတယ်ဆိုတော့ လိုက်ရတယ်။ သူများနိုင်ငံတွေမှာသာ ၁၈ မပြည့်ရင် အလုပ်လုပ်ခိုင်းမရဘူး။ အမတို့ နိုင်ငံမှာရနေတာကိုး။

DW ။ ဒါဆို ထားဝယ်မြို့ပေါ်နဲ့ မြိတ်မှာ ကျောင်းသွားထားကြတဲ့ဦးရေနဲ့ လုပ်ငန်းခွင်ထဲရောက်သွားတဲ့ဦးရေဆို ဘယ်ဟာပိုများမလဲရှင်။

ဖြေ ။ လုပ်ငန်းခွင်ထဲရောက်သွားတဲ့ဦးရေက ပိုများမယ်၊ ကျောင်းနေတဲ့ဦးရေထက်၊ ၁၄။၁၅ နှစ်ဆို အမတို့ရွာမှာ လုပ်ငန်းခွင်ထဲရောက်ပြီ။ ကျောင်းထဲရောက်တာက နည်းတယ်။ မူလတန်းအောင်ပြီးသူတွေဆို အခု သုံးလေးနှစ်ထဲမှာ ကြီးလာကုန်ပြီလေ။ အဲလိုဆိုတော့ လုပ်ငန်းခွင်ထဲရောက်ကုန်ကြတယ်။

“မိသားစုအခြေအနေကြောင့်ပါ။ ကျောင်းက တက်ချင်စိတ်လည်းရှိပါတယ်”

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက အထက်တန်းကျောင်းသူ (ထိုင်းတွင် အလုပ်သွားလုပ်နေသူ)

DW ။ ညီမက ဆယ်တန်းနဲ့ ကျောင်းနားထားတာလား၊ အသက်ကရော ဘယ်လောက်ရှိပြီလဲ ထိုင်းကိုဘယ်လိုရောက်လာလဲ ဆိုတာလေးပြောပြပါလား။

ဖြေ ။ ဆယ်တန်းနဲ့နားထားတာ၊ ဆယ်တန်းမတက်ရသေးဘူး။ မေမေက ကျောင်းဆရာမပါ၊ CDM ဝင်ထားတယ်၊ မေမေရယ် သမီးရယ် ညီမလေးရယ် ထိုင်းကိုရောက်လာတယ်။

DW ။ ဘာကြောင့် ကျောင်းပြန်မတတ်ဖြစ်တာလဲ။

ဖြေ ။ CDM ဝင်ထားတယ်ဆိုတော့ ကျောင်းကတော့ ပြန်မတက်ဖြစ်တော့ဘူး၊ ဒီဘက်ပဲ လာလိုက်တယ်။

DW ။ ကျောင်းဆိုတာက အစိုးရကျောင်းရှိမယ်၊ အပြင် ပုဂ္ဂလိကကျောင်း ကိုယ်ပိုင်ကျောင်းတွေရှိမယ်၊ ကြားကာလပညာရေးအစီစဉ်မှာ Online ကနေတက်ရတဲ့ ကျောင်းတွေရှိမယ်။ အဲ့ဒီကျောင်းတွေမတက်ဖြစ်ဘဲ ဘာကြောင့်ထိုင်းကိုလာဖြစ်တာလဲ။

ဖြေ ။ မိသားစုအခြေအနေကြောင့်ပါ။ ကျောင်းက တက်ချင်စိတ်လည်းရှိပါတယ်။ ပြန်တက်ဖို့ပဲ။ ခုလောလောဆယ် Online ကနေ ထိုင်းဘာသာစကားသင်တန်းတော့ တက်နေတယ်။

DW ။ ညီမရဲ့ ညီမလေးကရော ဘယ်နှစ်တန်းလဲ၊ သူရော Online ကနေကျောင်းတက်နေတာရှိလား၊ အလုပ်လုပ်နေလား။

ဖြေ ။ သူလည်း ထိုင်းဘာသာစကားတော့ လေ့လာနေတာပဲ။ သူက ၇ တန်း၊ သူလည်း အလုပ်လုပ်နေတယ်။ သူက မုန့်ရုံမှာအလုပ်လုပ်နေတယ်။ သူတက်(ထိုင်း)လာတာတော့ ၆ လ ၇ လလောက်ပဲ ရှိသေးတယ်။ ညီမလေးက အသက် ၁၅ နှစ်ကျော်ကျော်ရှိပြီ။

DW ။ ညီမကရော အခုလက်ရှိ ဘယ်မှာလုပ်နေလဲ၊ ဘာအလုပ်လုပ်နေလဲ၊ တစ်နေ့ကိုရော ဘယ်လောက်ရလဲ။

ဖြေ ။ ထိုင်းနိုင်ငံ အုန်းယိုင် အုန်းနွဲ့ဘက်က ချည်ရုံမှာလုပ်နေတာပါ။ တစ်နေ့ကို ဘတ် ၅၃၀ လောက်ရတယ်။

DW ။ တချို့က ခုနက အမပြောခဲ့တဲ့ ပညာရေးလမ်းကြောင်းတွေကနေ ကျောင်းတက်နေကြတာရှိတယ်။ ညီမကတော့ မိသားစုအခြေအနေကြောင့် ကျောင်းပြန်မတက်ဖြစ်ဘဲ ထိုင်းမှာ လာအလုပ် လုပ်ဖြစ်နေတယ်၊ အဲ့ဒီအပေါ်မှာ ကိုယ့်ရဲ့စိတ်ခံစားချက်က ဘယ်လိုရှိသလဲ။

ဖြေ ။ ကျေနပ်ပါတယ်။ အစတုန်းကနဲ့ အများကြီးကွာသွားတယ်၊ အစတုန်းက တွေးထားတာတွေနဲ့ တခြားစီဖြစ်သွားတော့ အားလုံးက အသစ်အဆန်းတွေဖြစ်နေတယ်၊ နိုင်ငံခြားမှာဆိုတော့ သင်္ခန်းစာတွေလည်းအများကြီးရတယ်။ အတွေ့အကြုံသစ်တွေ မိတ်ဆွေသစ်တွေ တွေ့ရတယ်ပေါ့။ ရွာမှာတုန်းကတော့ အလုပ်မလုပ်ဖူးဘူး။ ကျောင်းတက်တာတစ်ခုပဲ။ မေမေက CDM ဝင်ထားတာဆိုတော့ မေမေ့လုံခြုံရေးအတွက်လည်း ဒီကိုရွေ့လာတာပါတယ်၊ နောက်ပြီး မိသားစုအခက်အခဲတွက်လည်း ပါတယ်ပေါ့။ နှစ်ခုလုံးပေါ့။

DW ။ ညီမအနေနဲ့ နိုင်ငံရေးအခြေနေကောင်းသွားရင် ပညာရေးလမ်းကြောင်းထဲ ပြန်သွားဖို့ရှိလား။

ဖြေ ။ ကျောင်းပြန်တက်ဖို့တော့ရှိပါတယ်။ ကျောင်းပြန်မတက်ဖြစ်ရင်တောင် ကိုယ့်နောင်ရေးအတွက် အဆင်ပြေမယ့် ပညာတစ်ခုပြန်သင်ဖို့တော့ စဉ်းစားထားတယ်။ ဘာသာစကားသင်တန်းတွေပဲဖြစ်ဖြစ်၊ ကွန်ပျူတာသင်တန်းတွေပဲဖြစ်ဖြစ် တခုခုပေါ့။ ညီမလေးကိုတော့ ပညာရေးလမ်းကြောင်းထဲပြန်သွားခိုင်းဖို့ပဲ။

DW ။ ညီမတို့ပတ်ဝန်းကျင်မှာ ကျောင်းတက်နေသူတွေနဲ့ အခုညီမတို့လို ပညာရေးနဲ့ကင်းကွာပြီး လုပ်ငန်းခွင်ထဲဝင်နေသူတွေဆို ဘယ်ဟာပိုများမလဲ။

ဖြေ ။ လုပ်ငန်းခွင်ထဲမှာပိုများမယ်၊ ဒီမှာကို ကျောင်းတက်တုန်းက မီးသူငယ်ချင်းတွေ တော်တော်များများပဲ။ ရွာမှာ ကျောင်းပြန်မတက်တဲ့လူတွေလည်း ဘာသာစကားသင်တန်းတွေ၊ ဂျပန်ဘာသာစကား၊ ကွန်ပျူတာသင်တန်းတွေ တက်နေသူတွေလည်း တော်တော်များများရှိတယ်။ ဒီနိုင်ငံမှာတော့ ပိုများတာပေါ။

ဒီနိုင်ငံမှာလည်း အလုပ်လုပ်ရင်းနဲ့ ဘာသာစကားသင်တန်းတက်နေသူတွေလည်းရှိကြတယ်။ တနင်္ဂနွေအလုပ်ပိတ်ရက်ဆို ကျောင်းရှိတယ်။ ထိုင်းဘာသာစကားနဲ့ အင်္ဂလိပ်စာသင်တန်း တက်နေကြတဲ့လူတွေရှိတယ်။ မီးကတော့ တနင်္ဂနွေက ပိတ်ရက်မဟုတ်တော့ ထိုင်းဘာသာစကားကို Online နေတက်နေတယ်။

“ကျွန်တော့်တပည့်တွေ ၁၅၊၁၆ တွေက မလေးရှားကိုရောက်နေတယ်ဆိုပြောတော့ ကျွန်တော်အံ့ဩနေတယ်”

ထားဝယ်မြို့မှ ပုဂ္ဂလိကကျောင်းတည်ထောင်သူ ကျောင်းဆရာတစ်ဦး

DW ။ အခုလက်ရှိ ကျောင်းတွေပြန်ထားတာလည်းရှိတယ်။ စကစရဲ့ကျောင်းရော ဒီ Online ပညာရေးကိုလည်း မသွားဘဲနဲ့ ကြားထဲမှာ သင်ကြားသင်ယူခွင့်နဲ့ လုံးဝ အဆက်ပြတ်နေတဲ့ သားသမီးတွေရှိမယ်ပေါ့။ အဲ့လိုက ဘယ်အရွယ်တွေ အများဆုံးရှိမလဲ။

ဖြေ ။ အဓိကတော့ ၁၃ ကနေ ၁၅ နှစ် ၁၆ ကြားတွေပေါ့။ ၁၃ အောက်ဘက်တွေကတော့ မိဘက ကျောင်းထားပေးရင်လည်း နေတယ်။ ပိုက်ဆံတတ်နိုင်တဲ့ အနေအထားတွေပေါ့နော်၊ သူတို့ကိုယ်တိုင်လည်း သူငယ်ချင်းတွေ ကျောင်းတက်နေတာမြင်ရင် သူတို့ကျောင်းတက်ချင်တယ်။ သူတို့မှာသည် နိုင်ငံရေးနဲ့ပက်သက်ပြီးတော့ ခံယူချက်တွေဘာတွေ မရှိသေးတဲ့အရွယ်ပေါ့။ မိဘကကျောင်းထားရင်လည်း သူတို့နေတယ်။ ဒါပေမဲ့ အလယ်တန်းပိုင်းတွေ အထက်တန်းပိုင်းတွေကျတော့ သူတို့က နည်းနည်းခုနတုန်းက ကလေးတွေထက် သူတို့က အမြင်ပိုပြီးတော့ကျယ်လာတယ်ဆိုတော့ ကျောင်းနေဖို့ ကျောင်းထားဖို့ တချို့မိဘတွေက စည်းရုံးပေမယ့် ကလေးတွေကို စည်းရုံးလို့မရတာရှိတယ်။ သူတိုအရွယ်တွေက ဖုန်းသုံးနေတယ်ဆိုတော့ ဖုန်းထဲမှာသူငယ်ချင်းတွေနဲ့ ဂရုဖွဲ့ပြီးတော့ ပြောတာတွေရှိမယ်။ သူတို့မြင်နေရတဲ့ အမြင်တွေရှိတယ်ဆိုတော့ တရားလား မတရားလား ဓမ္မလား အဓမ္မလားဆိုတာ နည်းနည်း ခွဲခြားနိုင်နေတဲ့ အနေအထားမျိုးရှိတယ်ဆိုတော့ ကျောင်းမနေချင်တဲ့ အနေထားမျိုးတွေရှိတယ်။ တချို့ကလည်း ငွေရှာတဲ့ဘက်ကို အားသန်ပြီးတော့ ရောက်သွားတာတွေရှိတယ်။ တချို့ကလည်း အပြင်မှာ နှစ်နှစ်သုံးနှစ်လောက်နေပြီးတဲ့အချိန်မှာ အပြင်စိတ်များပြီးတော့ ကျောင်းနေပြီးတော့ စာသင်ရ စာဆိုရဖို့ဆိုတာ သူတို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာပြီးတော့ ကျောင်းဘက်ကို မသွားချင်တာလည်းရှိတယ်။

DW ။ ဒါဆို ဒီလိုကလေးတွေကျ ပညာရေးဖက်ကို စိတ်ဝင်စားမှုနည်းနည်း အားနည်းသွားတယ်လို့ ပြောလို့ရတယ်ပေါ့နော်။

ဖြေ ။ မိဘတွေရဲ့သင်ပြမှုအပိုင်းတွေလည်းရှိမယ်၊ နယ်မှာဆိုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ တက်ထားမှ ရမယ်ဆိုတော့ ကိုယ်ပိုင်ကျောင်းနေစရိတ်ကလည်း သိန်းသုံးဆယ် လေးဆယ်အထိကိုလိုတယ်။ အခုချိန်မှာ မိဘစီးပွားရေးကျပ်နေတဲ့အချိန်မှာ သူတို့ကျောင်းနေဖို့ဆိုတာကလည်း အရမ်းကြီးအဆင်မပြေတဲ့ အပိုင်းတွေရှိတယ်ပေါ့ဗျာ။ တော်တော်များများကတော့ ကျွန်တော့်စိတ်ထင်တာ နယ်တွေမှာက ကျောင်းနေဖို့ထက် ဟိုဘက်(တော်လှန်ရေးအဖွဲ့)တွေကို ပိုမြင်ရများတယ်ဆိုတော့ စိတ်က ဟိုဘက်ကိုပဲလည်နေလိမ့်မယ်လို့ ကျွန်တော့်တစ်ဦးတည်းအမြင်နဲ့ သုံးသပ်ရတယ်။

သူတို့ရှေ့မှာ ကျောင်းသွားနေတဲ့ မြင်ကွင်း သူတို့ရှေ့မှာမရှိဘူး။ သူတို့ရှေ့မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ အမြဲတမ်းထိတွေ့မှု မြင်ရတာများတော့ သူတို့ ဟိုဘက်ကိုပဲစိတ်များနေလိမ့်မယ်။ သူတို့ကျောင်းနေဖို့ထက် လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်ရှိရင် ယိုးဒယားသွားဖို့ မလေးရှားသွားဖို့တွေပဲ စိတ်အားထက်သန်နေလိမ့်မယ်။ ဘာလို့လဲဆို ကျွန်တော့်တပည့်တွေ ၁၅။၁၆ တွေက သူတို့သားသမီးတွေကို မလေးရှားကိုရောက်နေတယ်ဆိုပြောတော့ ကျွန်တော်အံ့ဩနေတယ်။ အခုချိန်မှာ ကျွန်တော်ကိုယ်တိုင် စာသင်ပေးခဲ့တဲ့ တပည့်တွေတောင် မလေးရှားကိုသွားရောက်နေတယ်ဆိုတော့ အဲ့လိုအခြေအနေတွေလည်းရှိတယ်။

DW ။ အခုကာလမှာ စစ်ကောင်စီကဖွင့်တဲ့ ကျောင်းလည်းမနေ ကြားကာလပညာရေးအစီအစဉ်မှာလည်း သင်ကြားမှုမရှိဘဲ ကြားမှာလွတ်နေတဲ့ ကျောင်းနေအရွယ်ကလေး အုပ်စုတစ်စုရှိတယ်။ ဆိုတော့ ဒီကြားကာလပညာရေးကရော လက်ရှိမြေပြင်မှာ ဘယ်လောက်အကျုံးဝင်သလဲရှင်။

ဖြေ ။ ကြားကာလပညာရေးက ကျေးလက်ကိုမရောက်နိုင်ဘူး။ မြို့ပြနေလူတန်းစားအတွက် ကြားကာလပညာရေးသည် အထောက်အကူပြုတယ်။ ဘာလို့လဲဆို နည်းပညာနဲ့ပတ်သက်ပြီးတော့ အကျွမ်းတဝင်ပိုရှိတယ်။ မြို့ပြနေလူတန်းစားတွေမှာ Wifi တွေဘာတွေလည်းရှိတယ်။ လက်တော့ပ်တွေဘာတွေလည်း ဝယ်နိုင်တဲ့အနေအထားမျိုးရှိတယ်။ ကျေးလက်နေလူတန်းစားတွေက ကြားကာလပညာရေးကို Online ကနေသင်ချင်ပေမယ့် သူတို့မှာ Wifi မရဘူးဆိုတာနဲ့ ဒေတာနဲ့သင်ယူရတယ်။ ဒေတာနဲ့သင်ယူရတယ်ဆိုရင် စရိတ်စခသည် မလွယ်ဘူး။ နောက်တစ်ချက်က သူတို့သည် ဖုန်းစခရင်မှာ အာရုံစိုက်ရတာ အရမ်းများတယ်။ လက်တော့ပ်မှာဆိုရင်တော့ စခရင်နည်းနည်းကျယ်တယ်ဆိုတော့ သူတို့အာရုံစူးစိုက်ရတာ နည်းတယ်ပေါ့။ ဖုန်းမှာဆို အာရုံစူးစိုက်ရတာ များတယ်ဆို‌တော့ အဲ့ဒီဒဏ်ကိုလည်းသူတို့တွေ မခံနိုင်ဘူး။ ကြာလာတော့ သူတို့တွေ ငြီးငွေ့လာတယ်။ အဲတော့သူတို့တွေသည် ကြားကာလပညာရေးကို သင်ယူချင်ပေမယ့် စိတ်လုံခြုံမှုမရတာတွေရှိတယ်။ အဲတော့ သင်ယူချင်စိတ်ရှိလျက်နဲ့ မသင်ယူဖြစ်တဲ့အနေအထားတွေရှိတယ်။ နယ်တွေမှာတော့ ကြားကာလပညာရေးက အထောက်အကူမပြုဘူးလို့ ကျွန်တော်တော့ အဲလိုပဲသုံးသပ်ချင်တယ်။ တချို့ online ကျောင်းတွေက လုံခြုံရေးကျိုးပေါက်ပြီး မိဘတွေကိုဖမ်းဆီးတာတွေမျိုး အဲ့လိုသတင်းတွေကလည်း ကြားကာလပညာရေးမှာ သွားပြီးတော့သက်ရောက်မှုရှိနိုင်တယ်။

DW ။ စကစကဖွင့်တဲ့ အစိုးရကျောင်းတွေက ပညာရေးနဲ့ပတ်သက်ပြီးတော့ရော ဆရာဘယ်လိုမြင်သလဲ။

ဖြေ ။ ပညာသင်ကြားတာကိုတော့ ဘယ်သူမှမတားဆီးစေချင်ဘူးပေါ့နော်၊ အခုက ဘက်နှစ်ဘက်စလုံးက တစ်ဖက်ကို တစ်ဖက်လိုက်ပြီးတော့ ကန့်သတ်နေသလိုဖြစ်နေတယ်။ စကစဘက်ကလည်း ကြားကာလပညာရေး သင်ကြားပေးနေတဲ့အဖွဲ့တွေကို သူတို့က လိုက်ပြီးတော့တားဆီးနေတာရှိတယ်။ တခါ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း စကစကျောင်းကိုသွားဖို့ အဖွဲ့တွေကို လိုက်တားဆီးတာရှိတယ်။ နှစ်ဖွဲ့လုံးမှာတော့ အပြစ်ရှိတယ်ဆိုကျွန်တော်တော့မြင်တယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ အခြေခံအခွင့်အရေးမှာ ပညာသင်ယူခွင့်သည်လည်း တစ်ခုအပါအဝင်ဖြစ်တယ်ပေါ့နော်။ အဲ့ဒီအခွင့်အရေးကို တားဆီးနေသလို ဖြစ်နေတယ်ပေါ့နော်။

နောက်တစ်ခုက နယ်တွေမှာ ပိုက်ဆံရှိတဲ့သားသမီးတွေက ကိုယ်ပိုင်ကျောင်းတွေဘာတွေ သွားနေနိုင်တယ်။ တချို့ကလည်း အရဲစွန့်ပြီး အစိုးရကျောင်းတွေသွားထားတယ်ပေါ့နော်။ လုံးဝ မနေရတဲ့အဖွဲ့က တစ်ဖွဲ့ရှိတယ်။ မနေရတဲ့အဖွဲ့နဲ့ မနေတဲ့အဖွဲ့တွေက သူတို့လည်း မသင်ယူဘူးဆိုတော့ နင်တို့လည်း မသင်ယူနဲ့ဆိုတဲ့ အမြင်မျိုးရှိလာတယ်ပေါ့နော်။ အဲတော့ ကျောင်းသွားနေတဲ့အဖွဲ့တွေကို သူတို့က တစ်နည်းနည်းနဲ့တားဆီးဖို့ ကြိုးစားတဲ့သဘောမျိုးလည်းရှိတယ်။ အဲ့လိုတားဆီးတဲ့အချိန်မှာ အရဲစွန့်ပြီးသွားနေနေတဲ့သူတွေရော ပိုက်ဆံရှိလို့ ကိုယ်ပိုင်ကျောင်းထားတဲ့ သူတွေရောက စိုးရိမ်မှုဖြစ်လာပြီးတော့ သူတို့လည်း သားသမီးတွေကို ကျောင်းပို့မရဲဖြစ်လာတယ်ပေါ့နော်။ အဲတော့ အားလုံးက ပညာရေးမရကြတော့ဘူးပေါ့နော်။

“ကျောင်းလည်းထားမရဘူးဆိုတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံခြားကိုပို့ပြီး အလုပ်လုပ်စားဖို့အတွက် လွှတ်လိုက်ရတာမျိုးတွေရှိတယ်”

ကိုမင်းလွင်ဦး (ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦး)

DW။ အခုလက်ရှိအနေအထားမှာ ကိုမင်းလွင်ဦးတို့ပတ်ဝန်းကျင်က ကျောင်းနေအရွယ်ကလေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ မြင်တွေ့နေရတာရှိလဲ။

ဖြေ ။ လောင်းလုံးမြို့နယ်မှာဆိုရင် ကျွန်တော်တို့ သိရသလောက်က NUG ကြားကာလပညာရေးအစီအစဉ်က လိုအပ်သလောက် မလုပ်ဆောင်နိုင်ဘူးဗျာ၊ မလုပ်ဆောင်နိုင်တော့ တော်တော်များများ ကျောင်းသားတွေက ကျောင်းမတတ်ရဘူးပေါ့။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကလည်း လမ်းပေါ်စထွက်လာတဲ့ အချိန်တည်းက ကျောင်းမတက်နဲ့ကျောင်းထွက်ဆိုပြီး CDM လုပ်ဖို့ပေါ့။ ဌာနဆိုင်ရာအသီးသီးမှာကော ပညာရေးမှာရော အကုန်လုံး CDM လုပ်ဖို့တောင်းဆိုခဲ့တယ်။ အဲ့တော့ တော်တော်များများက အခုချိန်ထိ ကျောင်းမတက်သေးတာကိုတွေ့ရတယ်။ CDM ဆိုလဲ ကျွန်တော်တို့လောင်းလုံးမြို့နယ်က တော်တော်လေး အင်အားကောင်းတဲ့နေရာလို့ ပြောလို့ရတယ်။ နည်းနည်းပါးပါး ကြည့်ပေးရှုပေးနိုင်တဲ့ မိသားစုတွေကတော့ NUG ရဲ့ကြားကာလ ပညာရေးအစီအစဉ်မှာ ဝင် Join နေတာမျိုး ကျွန်တော်တို့တွေ့ရတယ်ဗျာ၊ တချို့ ပိုက်ဆံရှိတဲ့ မိသားစုတွေကလည်း ပုဂ္ဂလိက Private School တွေမှာထားတာမျိုးတွေ့ရတယ်။ တချို့တွေကလဲ လောင်းလုံးမြို့ပေါ်မှာ နယ်တွေကနေလာထားကြတာ‌ အနည်းစုတွေ့ရတယ်။

DW ။ အသက်ဆယ်နှစ်အထက် ကလေးတွေကိုရော ဘယ်လိုမြင်တွေ့ရတာမျိုးရှိလဲ။

ဖြေ ။ အထက်တန်းအဆင့် ကျောင်းသားတွေ ဆယ်တန်းနေအရွယ်တွေက အဓိကတော့ ထိုင်းပေါ့နော်၊ ထိုင်းကိုသွားပြီးအလုပ်လုပ်နေတဲ့ ကလေးတွေရှိတယ်၊ တချို့တွေလည်း မလေးရှားကိုရောက်နေတဲ့ ကလေးတွေ၊ အဓိကတော့ တိုင်းပြည်ကနေထွက်ခွာပြီး အလုပ်လုပ်နေရတဲ့ အစုအဖွဲ့တွေရှိတယ်ပေါ့။ ရန်ကုန်လို နေရာမျိုးမှာ Learning Space အင်္ဂလိပ်စကားပြောလိုမျိုး အခြားပညာရပ်တစ်ခုခုပေါ့ဗျာ ပညာသွားသင်နေတဲ့ လူငယ်တွေလည်း ရှိတယ်။ တချို့တွေကတော့ လုံးဝကျောင်းမတက်ဘဲနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ရဲဘော်‌တွေရှိတယ်။ တချို့တွေကတော့ လက်နက်ကိုင် အင်အားစုတွေမှာ ပါဝင်နေတာလည်းရှိတယ်ပေါ့။

DW ။ ဘယ်ကျောင်းမှ မတတ်ဘဲ အနာဂတ်ပျောက်နေတဲ့ပုံစံမျိုးဖြစ်နေတဲ့ ကလေးတွေရော ရှိလား။

ဖြေ ။ သေချာတာပေါ့၊ ကျွန်တော့်အမြင်အရပြောရရင် လုံးဝ အနာဂတ်ပျောက်နေတာ ဘယ်ကျောင်းမှ မနေရဘဲနဲ့ အနာဂတ်ပျောက်နေတာရှိတယ်၊ NUG ရဲ့ကြားကာလပညာရေးကို လက်လှမ်းမမီတာလည်း အများကြီးပဲ။ ကျွန်တော်တို့ နိုင်ငံမှာ ကျေးလက်နေလူတန်းစားက ၇၀ ရာခိုင်နှုန်းရှိတယ်။ အဲတော့ ကျေးလက်မှာနေတဲ့ ကျောင်းနေအရွယ်ကလေးတွေက အများကြီးရှိတယ်။ online ပညာရေးအစီအစဉ်ကို join ဖို့အတွက်က အနည်းဆုံး လက်တော့ပ်တစ်လုံးလိုတယ်။ ပြီးတော့ သူ့ကို ဘေးကနေပံ့ပိုးကူညီပေးဖို့ မိသားစုဝင်တွေလိုတယ်။ အဲ့လိုအနေအထားမှာ စမတ်ဖုန်းတောင် ကောင်းကောင်းမရှိတဲ့ မိသားစုတွေရှိတယ်။ အဲတော့ NUG ရဲ့ ကြားကာလပညာရေးအစီအစဉ်မှာ အားလုံးအကျုံးဝင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲနေလိမ့်မယ်။ ကျောင်းတက်နိုင်တဲ့ အနေအထားက တော်တော်လေးနည်းတာကိုတွေ့ရတယ်။ အဲ့ဒါက တကယ့်သူတို့ရဲ့ အနာဂတ်တစ်ခုလုံးနဲ့ ဆိုင်သလို တိုင်းပြည်ရဲ့ အနာဂတ်နဲ့လည်းဆိုင်တာကို ကျွန်တော်တို့က နားလည်တယ်ခံဗျား။

DW ။ ကြားကာလ online ပညာရေးလမ်းကြောင်းတွေကရော ဘယ်လောက်အလုပ်ဖြစ်တယ်လို့ ပြောနိုင်မလဲ။

ဖြေ ။ ကျွန်တော့်အမြင်ရတော့ ပညာရေးဟာ လူတိုင်းအတွက်ဖြစ်တယ်၊ လူတိုင်းအတွက် အကျုံးဝင်ဖို့လိုတယ်၊ အခုချိန်မှာ အားလုံးသိတဲ့အတိုင်းပဲ ကြားကာလပညာရေးက လူတိုင်းအတွက် အကျုံးဝင်ဖို့မဖြစ်နိုင်သေးဘူး။ ခုဏက ကျွန်တော်ပြောသလိုပဲ ကျွန်တော်တို့နိုင်ငံမှာ ကျေးလက်နေလူတန်းစားများတယ်၊ အခုတော်လှန်ရေးကာလမှာ စားဝတ်နေရေးအတွက် တော်တော်လေး ရုန်းကန်နေရတဲ့ အနေအထားဖြစ်တယ်။ အဲတော့ တချို့မိသားစုတွေက အသက်ငယ်သေးပေမယ့် ကျောင်းလည်းထားမရဘူးဆိုတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံခြားကိုပို့ပြီး အလုပ်လုပ်စားဖို့အတွက် လွှတ်လိုက်ရတာမျိုးတွေရှိတယ်။

DW ။ ဒီလိုအနေအထားတွေက သူတို့အတွက်ရော တိုင်းပြည်အတွက်ရော ဘယ်လောက်ထိ ဆုတ်ယုတ်မှုတွေ ဖြစ်နေတယ်လို့ ပြောနိုင်မလဲ။

ဖြေ ။ တကယ့် တိုင်းပြည်တစ်ခု တည်ဆောက်ရေးအတွက် အဓိကလက်နက်က ပညာရေးက အခြေခံဖြစ်တယ်။ ပညာရေးမရှိရင် တိုင်းပြည်မှာ ရေရှည်ဖွံ့ဖြိုးဖို့ဆိုတာလည်း မလွယ်ကူဘူး။ ကျွန်တော်တို့ ဒီမိုကရေစီစနစ်မှာဆိုရင် ပိုဆိုးတယ်၊ ဒိုင်ဗာစတီ(မတူကွဲပြားမှု)ကောင်းကောင်း လက်ခံဖို့အတွက် ပညာရေးစနစ်ကောင်းဖို့ လိုအပ်တယ်။ ပညာရေးက ငယ်ငယ်ရွယ်ရွယ်ကစသင်ပေးဖို့လိုတယ်။ ပညာမတတ်တဲ့လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းဖို့ဆိုတာ ရေရှည်ငြိမ်းချမ်းဖို့ဆိုတာ တော်တော်လေးခက်ခဲတယ်ပေါ့ဗျာ။ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုတာ တော်တော်လေး ခက်ခဲတယ်။ ကျွန်တော်တို့ တော်လှန်ရေးနဲ့လာတွေ့တယ်။ ဒါက ကျွန်တော်တို့ဖန်တီးလိုက်တာမဟုတ်ဘူး။ လက်နက်ကိုင်တစ်စုတစ်ဖွဲ့ကစ ဖန်တီးလိုက်တာပေါ့။ အကုန်လုံးကတော့ အ‌ေကောင်းဘက်ခြမ်းမှာမရှိဘူး။ အကုန်လုံးဘက်ပေါင်းစုံက ဆုတ်ယုတ်လာဖို့ အနေအထားပဲရှိတယ်။ အထူးသဖြင့် ပညာရေးကအရေးကြီးတယ်ပေါ့။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အတွက်တော်တော်လေး အရေးကြီးတယ်။ ပညာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ကာလပတ်လုံး အနာဂတ်ကတော့ မရေရာ မသေချာပဲနဲ့ပဲ ဒီလိုပဲ လိပ်ခဲတည်းလည်း အိပဲ့အိပဲ့ဖြစ်နေလိမ့်မယ်ပေါ့။