ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2166

ယခုအပတ်ရွှေဈေးမှာ ငြိမ်နေရာမှာ ရုတ်တရက်ဈေးတက်သွားသည်။

ထိုင်းဘတ်ဈေးမှာ တက်လာပြီး ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ခုန်တက်လာသည့် ရွှေဈေး

အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သုံးဆယ်တစ်သိန်းဝန်းကျင်ဖြင့် ဆက်တိုက်ငြိမ်နေရာမှ ယခုအပတ်တွင် ရုတ်တရက်ထိုးတက်လာသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်တစ်သိန်းခြောက်သောင်းအထိ ဈေးပေါက်နေခြင်းဖြစ်သည်။

ဇွန်လ ၂၃ ရက်နေ့ မြိတ်ဈေးကွက်ပေါက်ဈေးအရ တစ်ကျပ်သားလျှင် ကျပ်သုံးဆယ့်နှစ်သိန်း(၃၂၀၀၀၀၀ ကျပ်) ဈေးဖွင့်ထားသည်။

သို့ရာတွင် ဈေးအတက်ကြမ်းနေသဖြင့် ရွှေဆိုင်အချို့က အခေါက်ရွှေအရောင်းအဝယ် ယာယီရပ်ဆိုင်းထားကြသည်။

ယခုအပတ် ထိုင်းဘတ်ဈေးလည်း  ပြန်တက်လာသည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၅ ကျပ်နီးပါးရှိရာမှ  နောင်ရက်များတွင် ဈေးတက်လာသည်။

ယခုအပတ် သောကြာတွင် တစ်ဘတ်လျှင် ၈၇ ကျပ်စွန်းစွန်း ပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၁၄၂  ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အလှုပ်နည်းသည့် ဓာတ်ဆီဈေး

တနင်္သာရီတိုင်းအတွင်း ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၇၀ ကျပ် မှ ၂၀၉၅ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၂၅၀ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ် ရွှေဈေးမှာ ဈေးအမြင့်တွင်ပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ကမ္ဘာ့ရွှေဈေးမှာ တောက်လျောက်ကျနေသော်လည်း စစ်ကောင်စီထိန်းချုပ်သည့် ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့လိုက်သည်။

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို အမေရိကန်သမ္မတ၏ အမိန့်ဖြင့် အရေးယူကြောင်း အမေရိကန်သံရုံးက ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ထိုကြောင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းထိုးတက်နေပြီး  ပြည်တွင်းရွှေဈေးမှာ လက်ရှိနှုန်းထက် ကျမည့်အရိပ်အယောင် မတွေ့ရပေ။

ဇွန်လ ၂၄ ရက်နေ့ ကမ္ဘာ့ရွှေဈေးမှာ  တစ်အောင်စလျှင် ၁၉၂၁ ဒေါ်လာ ပေါက်ဈေးရှိနေပြီး ပြီးခဲ့သည့်နှစ်လတာကာလအတွင်း အနိမ့်ဆုံးဈေးသို့ ရောက်နေသည်။

သို့ရာတွင် အမေရိကန်၏ ဘဏ်နှစ်ခုအပေါ် အရေးယူပိတ်ဆို့မှုဂယက်ကြောင့် လာမည့်အပတ်ရွှေဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

ထိုင်းဘတ်ဈေးလည်း အတက်ဘက်တွင် ဆက်ရှိနေမည်ဟု  ခန့်မှန်းရသည်။

ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ဘဏ်နှစ်ခုအပေါ် အမေရိကန်၏ အရေးယူမှု စသည့် အကြောင်းအရင်းများကြောင့် ထိုင်းဘတ်ငွေလဲနှုန်းမှာ ဆက်တက်လာမည့် အနေအထားတွင်ရှိနေသည်။

 ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ ကျရိပ်ပြနေပြီး ဒေါ်လာငွေလဲနှုန်းမှာ ဆက်တိုက်ဈေးတက်နေပြီး ကြိုက်ရောင်းကြိုက်ဝယ် အခြေအနေအထိ ဖြစ်နေသည်။

ဇွန်လ ၂၃ ရက်နေ့ အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်သုံးထောင်အထက်တွင် ဈေးပေါက်နေသည်။

အမေရိကန်နိုင်ငံ၏ ဘဏ်နှစ်ခုအပေါ် အရေးယူပိတ်ဆို့မှုကြောင့် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးရှားပါးလာပြီး ပြည်ပမှ စက်သုံးဆီတင်သွင်းမှု အခက်အခဲဖြစ်လာနိုင်သည်။

ထိုကြောင့်လာမည့်အပတ်စက်သုံးဆီဈေးမှာ ဈေးတန်းအမြင့်သို့ ခုန်တက်သွားနိုင်မည့် အလားအလာများကြောင်း သုံးသပ်ရသည်။