အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုများနှင့် လူကုန်ကူးစခန်းများကြောင့် ထိုင်း ၄ ဦး ကို စွဲချက်တင်

0
2061

၂၀၁၅ခုနှစ်က ထိုင်းနှင့် မလေးရှား နှစ်နိုင်ငံကြား နယ်စပ်တွင် အစုလိုက်အပြုံလိုက် လူသတ်ကာမြှုပ်နှံမှုများ အပြင် လူကုန်ကူးသည်ဟု သံသယဖြစ်ဖွယ် ရှိသည့် စခန်းများကို ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ သံသယရှိသူ ထိုင်းနိုင်ငံသား ၄ ဦးကို မလေးရှား တရားရုံးတွင် ဇွန်လ ၂၃ရက်နေ့ တွင် စွဲချက်တင်ထားကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ထိုင်းတောင်ပိုင်းနှင့် မလေးရှားမြောက်ပိုင်းရှိ သစ်တောများထူထပ်သော ဒေသသည် မှောင်ခိုသမား များမှတစ်ဆင့် အရှေ့တောင်အာရှသို့ လှေဖြင့် ကူးဝင်လာသူများအတွက် အဓိက ရပ်နားရာ နေရာတစ်ခုဖြစ်ပြီး ခရီးသည်အများစုမှာ မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုမှ ထွက်ပြေးလာသော ရိုဟင်ဂျာ မူဆလင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျဉ်းမြောင်းသော ဒုက္ခသည်စခန်းများမှ ရုန်းထွက်လာသူများ ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် အဆိုပါ ဒေသ၏ ထိုင်းနိုင်ငံ ဘက်ခြမ်း တွင် လူကုန်ကူးသည် ဟု သံသယဖြစ်ဖွယ်  စခန်းများနှင့် သင်္ချိုင်းပမာ အစုလိုက်အပြုံလိုက် လူမြှုပ်နှံထားမှုများကို ရှာဖွေတွေ့ရှိမှုကြောင့် ထိုင်းအာဏာပိုင်များသည် လူမှောင်ခိုကူးမှုများကို နှိမ်နင်းရန် တွန်းအားပေးခဲ့သည်။

အဆိုပါ နယ်စပ်ဒေသသို့ ဖြတ်သန်းရန်လာသည့် ထောင်နှင့်ချီသော အရှေ့တောင်အာရှမှ ရွှေ့ပြောင်းလုပ်သားများ နှင့် ပြွတ်သိပ်နေအောင် လူအများလိုက်ပါလာသည့် လှေများ ကို  လူကုန်ကူးသူများက စွန့်ပစ်ခဲ့ကြသည်။

နှစ်နိုင်ငံ ပူးပေါင်းစုံစမ်းစစ်ဆေးမှုများမှတစ်ဆင့်  ၂ဝ၁၅ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော အဆိုပါ စခန်းများနှင့် ဆက်စပ်သည် ဟု သံသယ ရှိသော ထိုင်းနိုင်ငံသား လေးဦးကို ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးခဲ့ပြီး ဇွန်လ ၂၃ရက်နေ့တွင် မလေးရှားနိုင်ငံ မြောက်ပိုင်း ပါလစ်ပြည်နယ်ရှိ တရားရုံးတွင် တရားစွဲဆိုနိုင်ရန် မျှော်လင့်ထားကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး Saifuddin Nasution Ismail က ထုတ်ပြန်ခဲ့သည်။

ယင်း သံသယရှိသူ လေးဦးကို မည်သို့သော စွဲချက်တင်မည် နှင့် ပတ်သက်ပြီး ပြောကြားခြင်း မရှိသော်လည်း မလေးရှားအနေနှင့် “နယ်စပ်လုံခြုံရေးကို ထိန်းသိမ်းရန် ကတိကဝတ်ပြုထားပြီး အထူးသဖြင့် လူကုန်ကူးမှုနှင့် ရွှေ့ပြောင်းလူမှောင်ခိုမှု ပြဿနာများကို လေးလေးနက်နက် ရှုမြင်ကြောင်း” အလေးအနက် ပြောကြား ခဲ့သည်။

ထို့အပြင် အဆိုပါ လေးဦးသည် ယင်းနယ်စပ်စခန်းများ ဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၇ခုနှစ်ကတည်းက မလေးရှားနိုင်ငံသို့ လွှဲပြောင်းပေးရန် ကြိုးပမ်းခဲ့သည့် သံသယရှိသူ ထိုင်းနိုင်ငံသား ၁၀ ဦးတွင် ပါဝင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ဒေသတွင်း လူမှောင်ခိုအဖွဲ့များ လည်ပတ်နေသည်ဟု သံသယရှိသော လူမြှုပ်နှံရာ နေရာ ၁၃၉ ခုနှင့် စခန်း ၁၂ ခုကျော်ကို အာဏာပိုင်များက မှားယွင်းစွာ ကိုင်တွယ်ခြင်း ရှိ၊ မရှိ ၊ လူသိရှင်ကြား စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ် ကို မလေးရှားနိုင်ငံ အာဏာပိုင်များက  ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့သည်။

အဆိုပါစုံစမ်းစစ်ဆေးမှုအရ နယ်ခြားစောင့်တပ်များဘက်မှ အားနည်းချက်များကို တွေ့ရှိခဲ့သော်လည်း မလေးရှားနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းများ သို့မဟုတ် ဒေသခံများသည် လူကုန်ကူးမှု သို့မဟုတ် ရွှေ့ပြောင်း လူမှောင်ခိုအဖွဲ့များတွင် တစုံတရာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

Reference

●       Reuters

●       The Straits Times