ကော့သောင်းတွင် ပျူစောထီးသုံးဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

0
2136

ကော့သောင်းတွင် ပျူစောထီးသုံးဦးအား သွားရောက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာ၊ ရေငန်းချိုင်ရွာရှိ ပျူစောထီး ကင်းစခန်းတစ်ခုကို ဇွန်လ ၂၂ ရက် ညသန်းခောင်ယံအချိန်တွင် ဝင်ရောက်တိုက်ရာ ပျူစောထီးဒုခေါင်းဆောင် ဦးဝမ်းနှင့် တပ်စုမှူး သန့်စင်တို့ကို ယင်းနေရာတွင် ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

ယင်းနောက် ပျူစောထီးခေါင်းဆောင် ဦးစိန်သန်းကိုလည်း နေအိမ်တွင် ဝင်ရောက်ကာ ထပ်မံရှင်းလင်းခဲ့ပြီး လက်နက် ခဲယမ်းများနှင့် WY စိတ်ကြွဆေးပြားများလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ခိုက်ပြီးနောက် ကင်းစခန်းနှင့် မူးယစ်ဆေးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။

ပြည်သူလူထုအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးအနှောင့်အယှက်ပေးခြင်းတို့ ဆက်လက်ပြုလုပ်နေပါက ပျူစောထီး အပါအဝင် သတင်းပေးဒလန်များအား ဆက်လက်ရှင်းလင်းသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်နက်ခဲယမ်း မည်မျှသိမ်းဆည်းရမိသည်ကိုမူ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။