ကလိန်အောင်တွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့် မြေသယ်ကားတစ်စီးပျက်စီး

0
2116

ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာအုပ်စု ရေပုံးရွာ ရေး-ထားဝယ်ပြည်ထောင်စုကားလမ်းမတွင် ယနေ့ ဇွန်လ ၂၃ ရက် နံနက်ပိုင်းက စစ်ကောင်တပ်ယာဉ်တန်း မိုင်းဆွဲခံရကြောင်း မျက်မြင်တွေ့သူအချို့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် အနီရောင် မြေသယ်ကားတစ်စီး မိုင်းထိမှန်ကာ ကားဦးခေါင်းပိုင်း ပျက်စီးပြီး လမ်းဘေးထိုးရပ်နေသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။ 

“ကားက မိုင်းထိပြီး ရေပုံးဘုန်းကြီးကျောင်းအလွန် လမ်းကွေ့မှာ ကလိန်အောင်ဘက်ကို ခေါင်းထိုးပြီးရပ်ထားတယ်။ ရေပုံးရွာက အိမ်တွေလည်းအကုန်လုံးနီးပါး ပိတ်ထားတယ်” ဟု မျက်မြင်တွေ့ခဲ့ရသည့် ခရီးသည်တစ်ဦးက ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းတွင် ပြောသည်။

မိုင်းထိပြီးနောက် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုအခြေအနေကို အသေးစိတ်ကိုမူ မသိရသေးပေ။

မြေသယ်ကားနှစ်စီး ၊ light truck ကားတစ်စီး အပါအဝင် ကားသုံးစီးတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာပြီး ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်ကို ယနေ့ နံနက်ပိုင်းတွင် ဆင်းသွားသည်ကို မြင်ရကြောင်း ကလိန်အောင်မြို့ ခံအချို့က ပြောဆိုသည်။

ရေပုံးရွာ‌ရေးပုံရွာတွင် မိုင်းထိသည့်ကားမှာ အဆိုပါယာဉ်တန်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ခန့်မှန်းနေကြသည်။

ပြည်‌ထောင်စုလမ်းပိုင်းတစ်နေရာဖြစ်သည့် ထားဝယ် – ကလိန်အောင်လမ်းပိုင်းတွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံ နေရသဖြင့် စစ်ကောင်စီက အရပ်သားပိုင် မြေသယ်ကားများကို ချောဆွဲပြီး စစ်ယာဉ်တန်းရှေ့တွင် သွားခိုင်းသည့် နည်းကို မကြာခဏအသုံးပြုလာကြောင်း ဒေသခံတို့က ပြောဆိုကြသည်။ 

ဇွန် ၂၁ ရက် ညက ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်ခံရပြီးနောက် ကလိန်အောင်မြို့ ပတ်ဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

ဇွန်လ ၂၃ ရက် နံနက်ပိုင်းတွင် ခမရ ၄၀၈ အနီး တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

ကလိန်အောင်မြို့အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်းထဲ ပစ်ခတ်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွား နေသဖြင့် ကလိန်အောင်မြို့ရှိ စာသင်ကျောင်းများကို ယနေ့ ဇွန်လ ၂၃ ရက်တွင် ကျောင်းမဖွင့်တော့ဘဲ နံနက်ပိုင်းမှစပြီး ပိတ်ထားရကြောင်း ဒေသခံအချို့က ပြောဆိုသည်။