အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှုအတွက် ကြိုတင်ပြင်ဆင်ရန် ကျွမ်းကျင်သူများ တိုက်တွန်း

0
2106

ထိုင်းနိုင်ငံ အနေနှင့် အယ်လ်နီညိုရာသီဥတုပုံစံကြောင့် မိုးရွာသွန်းမှုနည်းပါးမည့်အခြေအနေနှင့် မိုးခေါင်ရေရှားမှု ကြုံလာနိုင်မည့် အခြေအနေအပေါ် ကြိုတင်ပြင်ဆင်ထားရန် မိုးလေဝသ ကျွမ်းကျင်သူများက ထိုင်းအစိုးရကို သတိပေးလိုက်သည်။

ယင်းအပြင် ပြီးပြည့်စုံသော ရေစီမံခန့်ခွဲမှုအစီအစဉ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ရက်နေ့ က ကျင်းပခဲ့သည့် ရေစီမံခန့်ခွဲမှုဆိုင်ရာ ညီလာခံတွင် ထိုင်းနိုင်ငံ သိပ္ပံသုတေသနနှင့် ဆန်းသစ်တီထွင်မှု အင်စတီကျူ (TSRI) သည် ယခုနှစ်မှစ၍ ဒေသတွင်း ရင်ဆိုင်နေရပြီ ဖြစ်သည့် အယ်လ်နီညိုရာသီဥတု အပေါ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

TSRI မှ ဦးဆောင်ပံ့ပိုးထားပြီး မကြာသေးမီကမှ ထုတ်ပြန်ထားသော လေ့လာမှုတစ်ခုအရ ထိုင်းနိုင်ငံအတွင်း ကာလကြာရှည် မိုးရွာသွန်းမှု နည်းပါးသည့် အခြေအနေကို ကြုံတွေ့ရနိုင်ပြီး ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ တောင်ပိုင်းတွင် ပြင်းထန်သောမိုးခေါင်မှု အပြင် ၂၀၂၈ ခုနှစ် တွင် နိုင်ငံ၏ နေရာအနှံ့အပြားတွင် နောက်ဆက်တွဲ မိုးခေါင်မှုများကိုပါ ကြုံရနိုင်ချေ ရှိကြောင်း ခန့်မှန်းထားသည်။

ဒေသတွင်း မိုးရွာသွန်းမှုသည် ပျမ်းမျှနှုန်းအောက် ကျဆင်းသွားမည်ဖြစ်သည့်အတွက် အယ်လ်နီညို၏ သက်ရောက်မှုကို လာမည့်ငါးနှစ်အတွင်း ခံစားရမည်ဖြစ်ကြောင်း မိုးလေဝသဌာနမှ သုတေသီ တစ်ဦး ဖြစ်သည့် Chalump Oonariya က ပြောကြားခဲ့သည်။

သို့သော်လည်း ဖြစ်လာနိုင်သည့် မိုးခေါင်ရေရှားမှုအတွက် ကြိုတင်ပြင်ဆင်ရန်အတွက် မိုးရွာသွန်းမှု၊ ငွေ့ရည်ဖွဲ့ စီးဆင်းမှုနှင့် မြေဆီလွှာအစိုဓာတ်တို့ကြား ဆက်စပ်မှုအပေါ် လေ့လာမှုတစ်ရပ် ပြုလုပ်နေသည်ဟု ၎င်းက ဆိုသည်။

Hydro-Informatics Institute ၏ ရာသီဥတုနှင့် မိုးလေဝသဌာန အကြီးအကဲ Kanoksri Sarinnapakom က ဒေသတွင်း အယ်လ်နီညိုရာသီဥတုကို လာမည့်နှစ်အနည်းငယ်အတွင်း ဆက်လက် ကြုံတွေ့ရနိုင်ကြောင်း ခန့်မှန်းထားပြီး အဆိုပါ အနေအထားကြောင့် မိုးရွာသွန်းမှုနည်းပါးကာ မိုးခေါင်ရေရှားမှုများ ပိုမိုဖြစ်ပေါ်စေနိုင်သည့် အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

ထို့အပြင် လာမည့်ဇူလိုင်လ မှ သြဂုတ်လအထိ နိုင်ငံတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ခြေ ရှိသော်လည်း သဘာဝရေအရင်းအမြစ်များမှ ရေရရှိနိုင်မှုသည် ၂၈ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

သို့သော် ယခုမိုးရာသီတွင် ရေလုံလောက်စွာရရှိခြင်းကြောင့် အယ်လ်နီညို၏ ပြင်းထန်သော သက်ရောက်မှုများကို ယခုနှစ်တွင်း ကြုံတွေ့ရနိုင်မှု နည်းပါးနိုင်ကြောင်း Chaiyapong မှ မှတ်ချက်ပြုခဲ့သည်။

သို့သော်လည်း နိုင်ငံတွင်း မိုးရွာသွန်းမှု နည်းပါးသည့် ကာလ ကြာမြင့်ပါက ရာသီဥတု အခြေအနေမှာ ပိုမိုဆိုးရွားနိုင်ကြောင်း ပညာရှင်များက သတိပေး ပြောကြားခဲ့သည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (WMO) ကလည်း ယခုနှစ်နှောင်းပိုင်းတွင် အယ်လ်နီညို ဖြစ်ပေါ်လာနိုင်ခြေ ပိုများလာကာ ကမ္ဘာလုံးဆိုင်ရာ အပူချိန်များ ပိုမိုမြင့်တက်လာစေနိုင်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

Related articles; ● Bangkok Post