မဲဆောက်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူ

0
1375

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဆေးရုံကြီးတွင် မြန်မာနိုင်ငံသားများ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ကြသည်။

ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၈ နာရီခွဲမှ နေ့လယ် ၁၂ နာရီအထိ ပြုလုပ်ကြကြောင်း ယင်းပွဲစီစဉ်သည့် Overseas Irrawaddy Association (OIA) အဖွဲ့ထံမှ သိရသည်။

သွေးလှူဒါန်းရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ အလုပ်သမားအဖွဲ့အစည်းများအပြင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသော ထိုင်းနိုင်ငံသားများလည်း ပါဝင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အခမ်းအနားတွင် လူဦးရေ ၁၀၀ ခန့်မှာ သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အသက် ၆၀ နှစ်ပြည့်ချိန်ကပင် အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းခြင်း၊ စကားဝိုင်းဆွေးနွေးခြင်း၊ အသိပညာပေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း OIA တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော်လည်း ၂၀၂၁ ခုနှစ်မှစ၍ မြန်မာ့နိုင်ငံရေးအခြေအနေအရ ထိုင်းဘက်တွင်လည်း စိစစ်မှုတင်းကျပ်လာသဖြင့် သွေးလှူဒါန်းခြင်းကိုသာ လုပ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယနေ့ အခမ်းအနားတွင် သွေးလှူဒါန်းခြင်းအပြင် မြန်မာစာသင်ကျောင်းသို့ သွားရောက်ပြီး ကလေးများအတွက် နို့ဘူး၊ ကြက်ဥ စသော အာဟာရများလည်း ဝေငှခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။