ခေတ်စားလာတဲ့ အကွက်ရိုက်မြေ ဘယ်သူတွေနစ်နာနိုင်လဲ

0
2514

စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု အားနည်းလာသည်ကို အခွင့်ကောင်းယူကာ ဝိသမလောဘသားများက ပုံစံမျိုးစုံဖြင့် စီးပွားရှာလာကြသည်။

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းတွင် ခေတ်စားလာသည့် လုပ်ငန်းတစ်ခုမှာ လယ်မြေများကို အကွက်ရိုက်ရောင်းချခြင်းဖြစ်သည်။

အကွက်ရိုက်မြေဟု ခေါ်ဆိုကြသည့် ယင်းမြေများမှ ခိုင်မာမှုမရှိသည့်အတွက် အရှုပ်အရှင်းများသော မြေများဖြစ်ကြသည်။

ယင်းကြောင့်ပင် စျေးသက်သက်သာသာဖြင့် ရောင်းချကြခြင်းဖြစ်ပြီး ဝယ်သူများမှာလည်း စျေးသက်သာသည့် အတွက် အလုအယက်ဝယ်ယူကြခြင်းဖြစ်သည်။

ဥပဒေကြောင်းအရ နားလည်သူများကမူ လယ်မြေများကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားသည် ဆိုသော်လည်း ပြန်မချပေးသည်ကသာ များကြောင်း၊ ယင်းကို လိမ်လည်ကာ အခြားနည်းအသုံးပြုခွင့် လျှောက်ထားပြီးပြီဆိုကာ လိမ်‌ရောင်းနေကြခြင်းဖြစ်ကြောင်း ဆိုကြသည်။

ယင်းအပြင်း တရားစွဲခံရပါကလည်း ပုံစံ ၇ တွင် နာမည်ပေါက်သူကို တရားစွဲခြင်းဖြစ်ပြီး ဝယ်ပြီးမြေဖို့ရောင်းသူ များမှာ ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်နေကြောင်း နောက်ဆုံးတွင် မူလ လယ်ယာပိုင်ရှင်က တရားစွဲ ခံရသလို အကွက်ရိုက်မြေဝယ်ထားသူများကလည်း ပြန်သိမ်းခံရသဖြင့် ငွေကြေးဆုံးရှုံးသွားကြောင်း ဥပဒေသမားများက ထောက်ပြကြသည်။

သို့သော် မြေစျေးအလွန်သက်သာသည့်အတွက် အကွက်ရိုက်မြေများကို အလုအယက်ဝယ်ယူနေကြသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“ဘာမြေလဲဆိုတာငါလည်းမသိဘူး။ သူတို့ကတော့ အိမ်ဆောက်လို့ရတယ်လို့ပြောတယ်”

လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦး

DW ။ ထားဝယ်မှာ မြေကွက်ဝယ်ထားတယ်လို့သိရတယ်။ ဘယ်ရပ်ကွင်မှာဝယ်ထားတာလဲ။ လောက်နဲ့ဝယ်ထားတာလဲဆိုတာ ပြောပြပေးပါ။

ဖြေ ။ သူ(ပွဲစား)က တစ်ကွက်ကို (ကျပ်သိန်း) ၁၅၀  နဲ့ခေါ်တာ။ (ကျပ်သိန်း) ၁၃၀ နဲ့ပေးမယ်လို့ပြောတယ်။ ‌တစ်ကွက်ကို သူက အိမ်တစ်ဆောင်စာပေါ့။  ပေ ၂၀ × ပေ ၆၀ ပေါ့။ ရပ်ကွက်ကတော့ကြက်စားပြင်မှာ။ မြေကွက်တွေကို စာရွက်နဲ့ရေးပေးလိုက်တယ်။ အဲမှာ ကိုယ်ကြိုက်တာယူလို့ရတယ်။ ကားလမ်းတွေနဲ့ သေသေချာချာလုပ်ထားတာ။

DW ။ ဘယ်လိုမြေအမျိုးအစားလို့ပြောလဲ။ အိမ်ဆောက်နေလို့ရော ရရဲ့လား။

ဖြေ ။ အဲဒါတော့ ဘာမြေလဲဆိုတာငါလည်းမသိဘူး။ သူတို့ကတော့ အိမ်ဆောက်လို့ရတယ်လို့ပြောတယ်။ အရင်ကတော့ လယ်လုပ်တယ်လို့ပြောတယ်။ လယ်မလုပ်တာကြာလို့ အိမ်ဆောက်ရအောင် ပြန်ရောင်းပေးတာပေါ့။ သူတို့ကအဲလိုပြောတယ်။ အိမ်ဆောက်ရအောင် လျှောက်ထားပြီးပြီတဲ့။ စိတ်ချလက်ချဝယ်လို့ရတယ်တဲ့။ သူတို့အာမခံပေးတယ်ပြောတယ်။

DW ။ အရင်ကလယ်လုပ်ဖူးတယ်ဆိုတော့ မြေအမျိုးအစားက လယ်မြေဖြစ်နိုင်တယ်။ လယ်မြေဆိုရင် အိမ်ဆောက်နေလို့မရဘူး။ တရားမဝင်ဘူး။ အဲလိုတွေရောသိလား။

‌ဖြေ ။ အဲဒါ‌တွေငါနားမလည်ဘူး။ သူတို့လည်း အိမ်ဆောက်မရဘဲနဲ့တော့ မရောင်းဘူးထင်တာပဲ။ သူများတွေလည်း လာဝယ်နေကြတာရှိတယ်။ ငါတစ်ယောက်တည်းမှမဟုတ်တာ။ သူတို့က စာချုပ်စာတမ်းတွေနဲ့ သေသေချာချာ လုပ်ပေးမယ်လည်းပြောတယ်။

DW ။ မြေက အရောင်းအဝယ်ဖြစ်သွားပြီလား။

ဖြေ ။ ပြီးသွားပြီ။ သူများထက်ဦးအောင် စောစောဝယ်လိုက်တာ။ သုံးကွက်ဝယ်ထားတယ်။ အခုပြောပုံစံမျိုးဆို ငါဝယ်ထားတာတွေဆုံးမှာလား။ ငါ့မှာ ရှိတဲ့ရွှေတွေအကုန်ရောင်းပြီး ဝယ်ထားရတာ။

DW ။ ဘာဖြစ်လို့ ရှိတဲ့ရွှေတွေအကုန်ရောင်းပြီးဝယ်လိုက်တာလဲ။

ဖြေ ။ သူများတွေက တန်တယ်လို့ပြောတာကိုး။ ထားဝယ်မှာ မြေတစ်ကွက် (ကျပ်)သိန်းသုံးလေးရာပေးရတာတဲ့။ ငါလည်းလိုက်မေးစားထားတယ်။ တစ်ကွက်ကို (ကျပ်သိန်း) ၄၀၀ တွေ၊ ၅၀၀ တွေချည်းပဲ။ ငါ‌မြေပုံစံမျိုးအတူတူပဲ အိမ်တစ်ဆောင်စာပဲရှိတယ်။ အဲကြောင့်ငါလည်းတန်တယ်ဆိုပြီး သူများထက်ဦးအောင်ဝယ်လိုက်တာ။

DW ။ စာချုပ်တွေ၊ မြေယာပိုင်ဆိုင်မှု အထောက်အထားတွေ စတဲ့ စာရွက်စာတမ်းတွေရပြီးပြီလား။

DW ။ မရသေးဘူး။ ငွေအကြေချေပြီးမှရမှာအဲဒါတွေက။ စရန်(ငွေ)ပေးထားခဲ့တယ်။ တစ်လကြာရင် အကြေချေရမှာ။ မချေရင် စရန်ဆုံးမှာပေါ့။ စရန်က ကိုယ်ကြိုက်သလောက်ပေးလို့ရတယ်။ (တစ်ကွက်ကိုဆယ်သိန်းနှုန်းနဲ့) သိန်း ၃၀ (ကျပ်) စရန်ပေးထားတယ်။

DW ။ အဲဒီမြေဝယ်ပြီး ဘာဆက်လုပ်မှာလဲ။ အိမ်ဆောက်မှာလား။ ပြန်ရောင်းမှာလား။

ဖြေ ။ ဘာပဲလုပ်လုပ်ပေါ့။ ကိုယ့်မှာရှိနေရင်။ မြေဝယ်ထားရင်ရှုံးတယ်ဆိုတာမရှိဘူး။ ကိုယ်လိုချင်ရင် အိမ်ဆောက်မယ်ဆိုလည်းဆောက်။ ပြန်ရောင်းချင်လည်းရောင်းရတယ်လေ။ သားသမီးနောင်ရေးအတွက်လည်းရတာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

မှတ်ချက် – ယင်းအမျိုးသမီးဝယ်ယူထားသည်ဆိုသည့်မြေမှာ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် စောမိညိုကွင်းရှိ လယ်ယာမြေအမျိုးအစားကို အကွက်ရိုက်ပြန်လည် ရောင်းချနေသည့်မြေဖြစ်သည်။ စောမိညိုကွင်းတွင် လယ်မလုပ်ဘဲပစ်ထားသည့် လယ်ကွက်များကို မြေဖို့ပြီး အိမ်ယာမြေအဖြစ် ပြန်လည်ရောင်းချနေကြသည်။ ယင်းကဲ့သို့ရောင်းချနေသည်မှာ NLD အစိုးရလက်ထက်ကလည်း ရှိဖူးသည်။ ထိုစဉ်က တိုင်းအစိုးရသည် စောမိညိုကွင်း လယ်ယာမြေပေါ် မြေဖို့ အိမ်ဆောက်နေထိုင်သူတို့ကို ထွက်ခွာပေးရန်နှင့် ဆောက်လုပ်ထားသည့် အိမ်များ ပြန်ဖျက်ရန် ညွှန်ကြားခဲ့ဖူးသည်။ နောက်ပိုင်းတွင် အာဏာသိမ်းလိုက်သဖြင့် ထိုကိစ္စ မပြီးပြတ်ဘဲဖြစ်သွားခဲ့သည်။

“ဝယ်ရင်တော့ ဆုံးမှာပဲ။ ခွင့်မှမပြုထားတာကိုး ရေရှည်မှာ ပြဿနာတွေတက်လာနိုင်တယ်”

တနင်္သာရီတိုင်း အိမ်ခြံမြေအကျိုးဆောင်အသင်းဝင်တစ်ဦး

DW ။ လယ်ယာမြေကို မြေဖို့ပြီးအိမ်ရာမြေဆိုပြီး အကွက်ရိုက်ရောင်းဝယ်တာတွေ ရှိလာတယ်လို့သိရတယ်။ ထားဝယ်မြို့ပေါ်မှာဆို ဘယ်နေရာတွေဖြစ်မလဲ။

ဖြေ ။ ကြက်စားပြင်နဲ့ အိမ်ရှေ့ပြင်ရပ်ကွက် အဲဒီနှစ်နေရာမှာတော့ရှိတယ်။ ကျန်တာတော့ မသိရဘူး။ အဲဒါတွေက မလိမ့်တပတ်လုပ်ပြီး နားလှည့်ပါးလှည့်လုပ်စားနေကြတာ။ လယ်မြေကို အကွက်ရိုက်ရောင်းတာကို ခွင့်မပြုထားဘူး။ အခုက လိမ်ပြီးရောင်းတာတွေရှိလာတယ်။ လမ်းဖောက်ပေးမယ်တို့၊ ဓာတ်မီးတိုင် စိုက်ပေးမယ်တို့။ အဲလိုလိမ်လည်ရောင်းတာတွေလည်း ကြားနေရတယ်။

DW ။ ထားဝယ်က အိမ်ခြံမြေအသင်းဝင်တွေရော လယ်မြေအကွက်ရိုက်ရောင်းတဲ့အထဲ ပါတာတွေရှိလား။

ဖြေ ။ အစည်းဝေးတွေမှာတော့ ခဏခဏပြောတယ်။ လယ်မြေအကွက်ရိုက်ထားတာတွေကို အရောင်းအဝယ် မလုပ်ဖို့ဆိုပြီးတော့။ လုပ်လို့လည်းမရဘူး။ အဲဒါက တရားမဝင်ဘူးလေ။

DW ။ တရားမဝင်ဘူးဆိုပေမယ့် လက်တွေ့ကြတော့ ရောင်းနေတဲ့သူလည်းရှိသလို ဝယ်နေကြတဲ့သူတွေလည်း ရှိနေကြတယ်လို့ကြားရတယ်။ အဲဒီအပေါ်ဘာပြောချင်တာရှိလဲ။

ဖြေ ။ ဝယ်ရင်တော့ ဆုံးမှာပဲ။ ခွင့်မှမပြုထားတာကိုး ရေရှည်မှာ ပြဿနာတွေတက်လာနိုင်တယ်။ ဝယ်ယူတဲ့သူတွေအနေနဲ့ အဲဒါမျိုးတွေ မဝယ်စေချင်ဘူး။ အိမ်ခြံမြေဝယ်တဲ့သူ‌တွေဟာ နားမလည်ဘဲနဲ့ နီးစပ်ရာ နီးစပ်‌ရာပြောစကားတွေနဲ့ ဖြစ်သလိုပွဲစားတွေနဲ့ဝယ်တာဟာ ပြဿနာတွေ နောက်ဆက်တွဲဖြစ်လာမှာ။ သေသေချာချာ မြေစာရင်းဌာနမှာ သွားမေးမြန်းစုံစမ်းပြီး လုပ်ကြတာလည်းမဟုတ်ဘူး။ ပွဲစားတွေက ပြောတဲ့အတိုင်း အဆင်ပြေသလို ဝယ်လိုက်ကြတာပဲ။ ထားဝယ်မှာ အဲဒီပြဿနာတွေရှိတယ်။

DW ။ ဒါဆိုရင် အိမ်ခြံမြေဝယ်မယ်ဆိုရင် ဘာတွေလုပ်ရမှာလဲ။

ဖြေ ။ မြေဝယ်တော့မယ်ဆိုရင် ဒီမြေရဲ့ပိုင်ဆိုင်မှုကို စစ်ဆေးရမယ်။ ဒီမြေပေါ်မှာ အဆောက်အအုံဆောက်လို့ရလား၊ မရဘူးလား၊ တရားဝင်ရဲ့လား။ ဥပဒေကြောင်းအရ လွတ်ကင်းရဲ့လား ဒါတွေကို အရင်စုံစမ်းရမယ်။ ဥပမာ ‌မြေစာရင်းဌာနမှာမေးဖို့လိုအပ်ရင် မြေစာရင်းဌာနကိုသွားမေးရမယ်။ ဒါက ပိုက်ဆံတွေအများကြီးပေးပြီး ဝယ်ရတဲ့ကိစ္စဆိုတော့။ ‌ဝယ်တာမှားသွားရင် သွားပြီလေ ကိုယ့်ငွေတွေပဲဆုံးမှာ။

“ပုံစံ ၇ မှာ နာမည်ပေါက်နေတဲ့သူပဲ ဥပဒေအရ တရားစွဲတာတွေခံရမှာ”

ထားဝယ်‌မြို့က ဥပဒေအကျိုးဆောင်( ရှေ့နေ) တစ်ဦး

DW ။ ဥပဒေအရ လယ်မြေကို မြေဖို့ပြီး အကွက်ရိုက် ရောင်းချ‌လို့ရလား။

ဖြေ ။ အကွက်ရိုက်ရောင်းချတာက လယ်ယာမြေဆိုရင်တော့ ရောင်းခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လယ်မြေမှာ အိမ်ဆောက်နေလို့မရ၊ ဘာမှလုပ်လို့မရဘူးလေ။ နောက်ပိုင်း ဝယ်တဲ့သူတွေမှာ ပြဿနာအရှုပ်အရှင်းတွေ ကြုံရနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး လာမေးရင် အမြဲတမ်းပြောပြတယ်။ ဝယ်လို့မရတဲ့အကြောင်းကို။ ဘာဖြစ်လို့များ အကွက်ရိုက်လယ်မြေတွေကို ဝယ်နေကြတာလဲမသိဘူး။

DW ။ အကွက်ရိုက်လယ်မြေကိုဝယ်ရင် နောက်ဆက်တွဲ ဘယ်လို ပြဿနာတွေရှိလာနိုင်လဲ။

ဖြေ ။ ၂၀၂၀ လယ်ယာမြေဥပဒေနဲ့အရဆိုရင် လက်ရှိပေါ့နော် မူရင်းပိုင်ရှင်ကိုပဲသွားပြီး အကျိုးသက်ရောက်မှုရှိတယ်။ မူရင်းပိုင်ရှင်ကိုသွားသွားထိတယ်။ အကွက်ရိုက်မယ့်သူတွေက (လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ်) ပုံစံ ၇ ရှိတဲ့သူမှာ လယ်ကိုဝယ်လိုက်တယ်။ ပြီးရင်သူက မြေဖို့အကွက်ရိုက်ပြီး အိမ်ဆောက်လို့ရတယ်ပုံစံပြောပြီး ပြန်ရောင်းကြတာ။ အဲဒီတစ်ဆင့်ခံ ဝယ်ရောင်းကြတဲ့သူတွေက ပုံစံ ၇ ကို နာမည်မပြောင်းကြဘဲ ဒီအတိုင်းရောင်းကြတာ။ အဲဒီအတိုင်း အရောင်းအဝယ်လုပ်ကြတော့ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် ပုံစံ ၇ မှာ နာမည်ပေါက်နေတဲ့သူကပဲ တရားစွဲခံထိမှာ။ ပုံစံ ၇ ရှိတဲ့သူက ပြဿနာဖြစ်လာရင် ကြားခံဖြစ်နေတယ်။ ဝယ်ပြီးမြေဖို့ရောင်းတဲ့သူကတော့ ဥပဒေကို ရှောင်ပြီးသားဖြစ်နေတယ်။ ဆိုတော့ တကယ် ပြဿနာဖြစ်ပြီဆိုရင် ပုံစံ ၇ မှာ နာမည်ပေါက်နေတဲ့သူပဲ ဥပဒေအရ တရားစွဲတာတွေခံရမှာ။ အရင်တုန်းကလည်း ဒါမျိူး လောင်းလုံးမြို့နယ်မှာဖြစ်ဖူးတယ်။ ကြားက အကွက်ရိုက်တဲ့သူ မခံရဘဲနဲ့ ပုံစံ ၇ မှာ အမည်ပေါက်နေတဲ့သူကပဲ တရားစွဲခံလိုက်ရတာ။

DW ။ လယ်မြေမှန်း မသိဘဲ ဝယ်လိုက်မိတဲ့သူမှာရော ဥပဒေအရ သက်ရောက်မှုရှိလား။

ဖြေ ။ ဝယ်တဲ့သူကတော့ တရားစွဲခံရတာတို့မဖြစ်ဘူး။ ဒါပေမဲ့ ဝယ်ထားတာဆုံးရှုံးသွားမယ်။

DW ။ ကြားရသလောက် အကွက်ရိုက်ရောင်းတဲ့သူတွေက လယ်မြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ပြီး အိမ်ဆောက်လို့ရတယ်လို့ ပြောရောင်းကြတာတွေရှိတာပေါ့။ အဲဒီအပေါ်ရော ဥပဒေအရ ဘယ်လိုသတ်မှတ်ထားပါသလဲ။

ဖြေ ။ ကြုံဖူးသမျှတော့ လယ်မြေကို အကွက်မရိုက်ခင် အခြားနည်းအသုံးပြုခွင့်‌ အရင်လျှောက်ကြတယ်။ ဒါပေမဲ့ ခွင့်ပြုချက်မကျကြဘူး။ အခြားနည်းအသုံးပြုခွင့်လျှောက်တာက ဘယ်အတွက်လျှောက်တာလဲဆိုတာရှိတယ်။ ဆေးရုံဆောက်ဖို့လျှောက်တာလား၊ အဆောက်ဦးတစ်ခုခုဆောက်ဖို့လား၊ ဒါမှမဟုတ် ဘုန်းကြီးကျောင်းဆောက်ဖို့လား။ တကယ်လို့ အခြားနည်းအသုံးပြုခွင့်ချပေးတယ်ဆိုရင်တောင်မှ ဘုန်းကြီးကျောင်းဆောက်ဖို့ ခွင့်ပေးတာဆိုရင် ဘုန်းကြီးကျောင်းပဲဆောက်ရမှာ။

ဒါပေမဲ့ အခုအရောင်းအဝယ် လုပ်နေကြတဲ့သူတွေက အဲလိုမဟုတ်တော့ဘူး။ ဒီမြေကတော့ ငါတို့လျှောက်ထားပြီးပြီ အဲဒီစကားကို သူတို့က အသုံးပြုကြတယ်။ သူကဘယ်လိုပုံစံနဲ့ လျှောက်ထားမှန်း ဝယ်တဲ့သူတွေ မသိကြဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လိမ်ရောင်းကြတာပေါ့။

DW ။ အကွက်ရိုက်လယ်မြေတွေက အိမ်ဆောက်နေလို့မရဘူးဆိုတာ အရင်ကတည်းက ပြောနေဆိုနေကြတာပဲ။ ဒါပေမဲ့လည်း အခုချိန်အထိ ဝယ်တဲ့သူလည်းရှိနေကြတုန်းပဲ။ ဥပဒေကိုနားမလည်လို့ပဲ ဒီလိုဝယ်နေကြတာလား ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ ။ အဓိကတော့ တန်းဖိုသင့်နေတာပေါ့။ ကျပ်ငွေကလည်း တန်ဖိုးကျနေတာဆိုတော့ လက်ထဲမကိုင်ထားချင်ကြဘူးလေ။ ဈေးပေါပေါနဲ့လည်း ရနေသလိုဖြစ်နေတော့ နေပါစေဆိုပြီး မျက်စိမှိတ်ဝယ်တဲ့သူက ပိုများတယ်။ ဥပဒေက ဒီလိုပြဌာန်းထားတယ်ဆိုတာ သိရက်သားနဲ့ ဝယ်ကြတာ။ သူတို့ရဲ့ပိုက်ဆံတွေကို ဘယ်မှာသွားထားရမှန်းလည်း မသိကြဘူးလေ။ ဥပဒေကိုနားမလည်တဲ့ သူတွေလည်းပါတယ်။ သူများတွေလည်းဝယ်နေကြတာ ရနေတာပဲဆိုပြီး နားယောင်ပြီးဝယ်ကြတာတွေလည်း တော်တော်များများရှိတယ်။

DW ။ နောက်ဆုံးအနေနဲ့ ဝယ်မှား၊ ရောင်းမှားမဖြစ်ရလေအောင် ဥပဒေသမားတစ်ယောက်အနေနဲ့ ဘာများအကြံပြုချင်တာရှိလဲ။

ဖြေ ။ ပထမဆုံးကတော့ ကိုယ်ဝယ်မယ့်မြေကို သေသေချာချာစိစစ်စေချင်တယ်။ လယ်မြေကို အကွက်ရိုက်ရောင်းတာဆိုရင် လုံးဝမဝယ်နဲ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုခုဖြစ်လာရင် ကိုယ်ပဲဆုံးရှုံးမှာဆိုတော့လေ။

DW ။ ကျေးဇူးတင်ပါတယ်။

“တရားဝင်လား မဝင်လားတော့ မသိဘူး၊ အားလုံးဝိုင်းဝယ်နေကြတာပဲ”

မြိတ်မြို့ ချောင်းကူးငယ်ကျေးရွာနေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦး။

DW ။ ချောင်းကူးငယ်မှာ ပြောင်းနေတာ သိပ်မကြာသေးဘူးလို့ သိရတာပေါ့၊ ဘာကြောင့် ဒီမှာ ပြောင်းလာနေရတာလဲ၊ အရင်ကရော ဘယ်မှာ နေတာလဲ။

ဖြေ ။ ဒီမှာ လာနေတာ ၃ နှစ်နီးနီးရှိပါပြီ၊ အရင်က ရာပြည့်ရပ်ကွက်ထဲမှာ နေတယ်၊ ငွေကြေးအခက်အခဲဖြစ်‌လို့ ပေးစရာတွေ ရှိတာလည်းပါတာပေါ့နော် အလုပ်ကလည်း အဆင်မပြေတော့ တအားကျပ်တည်းလာတာ နောက်ဆုံး ကြံရာမရတာနဲ့ ရှိတဲ့အိမ်ကို သိန်း ၂၀၀ နဲ့ရောင်းလိုက်တယ်၊ ရောင်းစရာကလည်း ဒါပဲရှိတာကိုး၊ ချောင်းကူးငယ်မှာ သိန်း ၅၀ တန်တစ်ကွက်လာဝယ်တယ်၊ မြို့ထဲ ရပ်ကွက်ထဲမှာဆို ၂၀၀ နဲ့ မြေတစ်ကွက် ပြန်ဝယ်ဖို့က မလွယ်ဘူး၊ ၅၀ တန်ဆို မရှိဘူး၊ မြို့ပြင်မှာပဲရှိတာ၊ မြေဈေးသက်သာတဲ့ နေရာကို ရှာရတာပေါ့ဗျ၊ ရှာရင်းနဲ့ အကွက်ဖေါ်ရောင်းနေတဲ့ မြေတစ်ကွက်ဝယ်ဖြစ်သွားတယ်၊ အိမ်‌ဆောက်တာက ၅၀ ကုန်သွားတယ်၊ အကြွေးတွေ ဟိုပေး ဒီပေးနဲ့ လက်ထဲ သုံးလေးဆယ်လောက်ပဲကျန်တာ၊ ကျန်တာလေးကို ဘေးတွဲလေးတစ်စီးလောက်ဝယ်ပြီး မိသားစုဝမ်းစာရေးအတွက် ဖြေရှင်းရတာပေါ့။

DW ။ ‌အကွက်ဖေါ်ရောင်းနေတဲ့ မြေကွက်တွေဆိုတော့ စာရွက်စာတမ်းကရော ခိုင်မှာမူရှိရဲ့လား။

ဖြေ ။ အခုနေတာက အရင်က ဓနိတောနေရာတွေပါ၊ အရောင်းအဝယ် စာချုပ်စာတမ်းအားလုံးက ရောင်းတဲ့သူဘက်က ခိုင်မှာအောင် လုပ်ပေးထားပါတယ်၊ သူများတွေလည်း ဒီလိုပဲ ဝယ်ပြီး နေကြတာပဲ၊ စလာနေတုန်းက အိမ်ခြေ သိပ်မရှိသေးဘူး၊ အခုဆို တစ်ရာကျော် နှစ်ရာကျော်အထိ များလာနေတာ။

DW ။ ဓနိ၊ လယ်ယာမြေတွေ‌မှာ အကွက်ဖေါ်ပြီး ရောင်းချတာ‌တွေ၊ အိမ်ဆောက်နေတာတွေက တရားမဝင်ဘူးဆိုပြီး သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်ထားတွေရှိတယ်၊ အဲဒါရော သိရဲ့လား။

ဖြေ ။ ကိုယ်လို တစ်နေ့လုပ်တစ်နေ့စားသမားတွေက ဥပဒေ ဥပဒက်တွေ နားမလည်ဘူးဗျ၊ တရားဝင်လား မဝင်လားတော့ မသိဘူး၊ အားလုံးဝိုင်းဝယ်နေကြတာပဲ၊ အချို့ဆို နှစ်ထပ် သုံးသပ်တိုက်ကြီးတွေ ဆောက်နေကြတာ၊ ရောင်းတဲ့သူဘက်ကလည်း အာမခံပြီးရောင်းတာဆိုတော့ ယုံယုံကြည်ကြည်နဲ့ ဝယ်ပြီးလာနေတာပါပဲ။

DW ။ သက်ဆိုင်ရာက တင်းတင်းကျပ်ကျပ် ကိုယ်တွယ်လာရင် အိမ်တွေကို ဖြိုပေးရတာမျိုးတွေ ဖြစ်လာမယ်ဆိုရင်ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ကိုယ်တစ်အိမ်တည်းမှ မဟုတ်တာ အိမ်တွေအများကြီးပဲ အားလုံးဖြိုပေးမယ်ဆိုတာက မဖြစ်နိုင်ဘူးထင်တယ်၊ တကယ်လို့ပေါ့ ဖြိုပေးရမယ် ပြောင်းပေးရမယ်ဆိုလည်း လမ်းဘေးရောက်သွားဖို့ပဲရှိတယ်၊ အခြားမှာ ပြန်ဝယ်ပြီးလည်း မနေနိုင်ဘူး၊ အများ‌နဲ့ နေနေတာဆိုတော့ ဖြိုဖျက်တာတွေ မရှိလောက်ဘူးထင်ပါတယ်။

DW ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။