ချောင်းညီကိုရွာရှိ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်

0
2650

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ချောင်းညီကိုရွာရှိ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံများနှင့် ခွပ်ဒေါင်းတမန်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။

ချောင်းညီကိုရွာ စာသင်ကျောင်းတွင် ယာယီတပ်စွဲထားသည့် အင်အား ၃၀ ရှိ စစ်ကောင်စီတပ်ကို ယနေ့ ဇွန်လ ၆ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က တိုက်ခိုက်ခြင်းဖြစ်ကြောင်း ခွပ်ဒေါင်းတမန်အဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှု တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး အလစ်အငိုက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဆယ်ဦးဝန်းကျင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်မူ နှစ်ဦး ဒဏ်ရာရပြီး မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲဖော်ဆောင်မှုကို ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၊ ကော်သူးလေအာမီ KTLA (TCJF) ၊ တနင်္သာရီ ရိုးမပူးပေါင်းအဖွဲ့၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစု SWDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ခွပ်ဒေါင်းတမန်အဖွဲ့နှင့် ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် ခရီးသွားပြည်သူများ မလိုအပ်ဘဲ ခရီးသွားခြင်း မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံကြောင်း ရေးသားထားသည်။

“တိုက်ပွဲဖြစ်ချိန်နဲ့ သူတို့ပြန်ဆုတ်တဲ့အချိန်မှာ စစ်ကောင်စီတပ်က ဘန်းလမွတ်တောင်ကြောတလျှောက် လက်နက်ကြီး အလုံးနှစ်ဆယ်ကျော်ပစ်ခဲ့တယ်။ ၂ နာရီကနေ ၄ နာရီထိပစ်တယ်။ ညနေ ၅ နာရီလောက်မှာလည်း နှစ်လုံးထပ်ပစ်သေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာခြင်း ခံထားရသည့် တနင်္သာရီမြို့နယ်တွင် စစ်ယာဉ်တန်းမိုင်းဆွဲခြင်းနှင့် နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်နေသည်။