ဆေးကုသဖို့ ခက်လာတဲ့ ပြည်သူတွေ

0
1187

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်မှာ ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍများ ရပ်တန့်သွားခြင်းဖြစ်သည်။

ပြည်သူများ၏ အခြေခံရပိုင်ခွင့်ဖြစ်သော ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ရပ်ဆိုင်းသွားခြင်းမှာ ငွေကြေးတတ်နိုင်သူများအတွက် ပြဿနာကြီးကြီးမားမား မရှိသော်လည်း အခြေခံလူတန်းစားများ အတွက်မူ အခက်အခဲများစွာ ကြုံတွေ့ကြရသည်။

အထူးသဖြင့် ကျေးလက်ကျန်းမာရေး စနစ်များရပ်ဆိုင်းသွားမှုကြောင့် ကျေးလက်နေပြည်သူများ မလိုအပ်ဘဲ အသက်ဆုံးရှုံးရသလို ကျန်းမာရေးအရေးပေါ် အခြေအနေ တစ်ခုခုဖြစ်ပါက မြို့ပေါ်တက် ကုသနိုင်ရေး လုပ်ဆောင်ကြရသည်။

မြို့ပေါ်တက် ကုသရန် ငွေကြေးလိုအပ်ချက်အပြင်၊ ညမထွက်ရအမိန့်ကြောင့် အရေးပေါ်ကားများ မလိုက်ခြင်း၊ တံတားဖြတ်သန်းမရခြင်းတို့ ကြုံတွေ့ရသလို မြို့ပေါ်ရောက်ပါကလည်း ဆေးရုံများတွင် လူနာများပြည့်နေ၍ ဆေးရုံတက်ခွင့် မရသည့် အဖြစ်မျိုးကို ကြုံတွေ့ကြရပြန်သည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း အလားတူအခြေအနေမျိုး ကြုံတွေ့နေရပြီး ထားဝယ်မြို့နယ်တွင် ပိုမိုဆိုးရွားသည့် အခြေအနေများဖြစ်ပေါ်နေသည်။

အချိန်မီဆေးကုသခွင့် မရသဖြင့် မလိုအပ်ဘဲ အသက်သေဆုံးမှု ဖြစ်စဉ်များလည်း အများအပြား ဖြစ်ပေါ်နေသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“ထားဝယ်‌ဆေးရုံက ကုပေးလား။ မကုပေးဘူးလားမသိဘူးလေ”

လောင်းလုံးဒေသခံတစ်ဦး

DW ။ ဆေးရုံတက်တဲ့ အတွေ့အကြုံ ပြန်ပြောပြပေးပါလား။

ဖြေ ။ ကလေးနေမကောင်းဖြစ်လို့ ဆေးခန်းသွားပြတာ။ ဆရာဝန်ကဆေးရုံတက်ရမယ်တဲ့။ မြင့်မိုရ်ဦးဆေးရုံတင်မယ်‌ လုပ်တာပေါ့။ ဆေးခန်းကဆရာမက ( ကလေးအထူးကု) မြင့်မိုရ်ဦးမှာ လူပြည့်နေတယ်လို့ပြောတာနဲ့ အဲမှာမတင်တော့ဘူး။ အဲဒါနဲ့ စိတ်ထဲမှာ မယ်ဒီလန်းတို့လည်း အဲလိုပဲဖြစ်နေမလားမသိဘူး။ အရင်သွားမေးမှရမယ်ဆိုပြီး ကလေးနဲ့မသွားသေးဘဲနဲ့ အရင်သွားစုံစမ်းခိုင်းလိုက်တယ်။ ကလေးနဲ့ဆို သွားလိုက်ပြန်လိုက်ဖြစ်နေမှာစိုးလို့လေ။ အဲမှာလည်းမရဘူးတဲ့။ ကျွန်မလည်းမသိတော့ဘူး ဘယ်‌ဆေးရုံတက်ရမလဲဆိုတာ။ သိတဲ့သူတွေကိုလိုက်မေးပြီး ဆေးရုံတွေလိုက်ရှာလိုက်မေးလုပ်တော့ ဘယ်မှာမရဘူး။ ထားဝယ်ဆေးရုံကြီးတော့ရတယ်။ အဲမှာပဲတက်လိုက်ရတယ်။

DW ။ ထားဝယ်ဆေးရုံကြီးကို အရင်မသွားဘဲနဲ့ ဘာဖြစ်လို့ ပုဂ္ဂလိကဆေးရုံတွေကိုသွားဖို့ အရင်ဆုံးစဉ်းစားမိတာလဲ။

ဖြေ ။ ဆရာမက ( အပြင်ဆေးခန်း ကလေးအထူးကုဆရာဝန်) ဆေးရုံတက်ရမယ်ပြောတော့ ပထမဆုံးခေါင်းထဲပေါ်လာတာက မြင့်မိုရ်ဦးဆေးရုံသွားမယ် စဉ်းစားလိုက်တာ။ အဲဆေးရုံက ကျွန်မတို့သွားနေကျ‌ပဲ။ ကလေးမွေးတုန်းကလ‌ည်းအဲမှာပဲမွေးတာ။ ကလေးတစ်ခုခုဖြစ်ရင်လည်း အဲမှာပဲကုနေကြကိုး။ အဲကိုပဲသွားမယ်ပေါ့။ အဲလိုမျိုး တစ်ခါမှလူပြည့်တယ်ဆိုတာမကြားဖူးဘူး။ ဒီတစ်ခါပဲကြားဖူးတာ။

DW ။ ထားဝယ်ဆေးရုံကို ဘာဖြစ်လို့မသွားတာလဲ။

ဖြေ ။ ထားဝယ်‌ဆေးရုံက ကုပေးလား။ မကုပေးဘူးလားမသိဘူးလေ။ သွားနေတာလည်းမကြားရတော့ မကုပေးဘူးထင်တာပေါ့။

(ထားဝယ်ဆေးရုံသည် အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းများ CDM ဝင်သွားကြသဖြင့် ကုသရေးလုပ်ငန်းများ အချိန်အတိုင်းအတာတစ်ခုအထိ ရပ်တန့်သွားခဲ့ဖူးသည်။ ယင်းအတွက်ကြောင့် ဒေသခံများမှာ ကျန်းမာရေးကိစ္စဖြစ်လာတိုင်း ဆေးရုံတင်ရမည်ဆိုပါက ပုဂ္ဂလိကဆေးရုံများကိုသာ တင်ဆောင်ကုသနေကြရသည်။ နောက်ပိုင်းတွင် ထားဝယ်‌ဆေးရုံ ပြန်ဖွင့်ခဲ့သေးသော်လည်း အကန့်အသတ်ဖြင့်သာ ကုပေးနိုင်သေးသည်။)

DW ။ ပုဂ္ဂလိကဆေးရုံမှာရော အဆင်ပြေလား။

ဖြေ ။ အဆင်ပြေလားဆိုတော့ ဆေးရုံတက်ရရင်တော့ အဆင်ပြေမှာပေါ့။ ကျွန်မတို့သွားတဲ့အချိန်က ဆေးရုံမှာ လူပြည့်နေတဲ့အချိန်ဖြစ်နေတယ်။ ‌တစ်ခြားဆေးရုံတွေလည်းပြည့်နေတယ်။ အဲဒါကြောင့် အဆင်ပြေလား ၊မပြေလား ကျွန်မလည်းမသိဘူး။

DW ။ ပုဂ္ဂလိကဆေးရုံမရဘူးဆို‌တော့ ဆေးရုံမတင်ဘဲပြန်ဆင်းသွားတာလား။

ဖြေ ။ စစ်တပ်ဆေးရုံတင်တယ်လေ။

(ထားဝယ်မြို့ပြင် သပြေချောင်းရွာတွင် ခုတင် ၁၀၀ စစ်ဆေးရုံတစ်ခုရှိသည်။ ထိုစစ်ဆေးရုံတွင်လည်း အရပ်သားဆေးလာကုသူများဖြင့်ပြည့်နေသဖြင့် ခုတင်မလုံလောက်သည့်အခက်အခဲ ဖြစ်ပေါ်နေသည်)

DW ။ အဲဆေးရုံမှာအဆင်ပြေသွားတယ်ပေါ့။

ဖြေ ။‌ ဆေးရုံရောက်ရောက်ချင်းတော့ အဆင်မပြေသေးဘူး။ လူပြည့်နေလို့စောင့်နေရသေးတယ်။ ခဏစောင့်နေရသေးတယ်။ နောက်မှ ခုတင်ရတာ။ ဝေးတဲ့သူတွေကိုပဲနေရာပေးတာ။ နီးနီးနားနားဆိုရင် ဆေးပေးပြီး ပြန်လွှတ်လိုက်တာ။

DW ။ ဒီလိုကျန်းမာရေးကိစ္စဖြစ်လာရင် ဆေးရုံဆေးခန်းတွေ လူပြည့်နေတတ်တဲ့အပေါ် ဘာများပြောချင်တာရှိလဲ။

ဖြေ ။ ကျွန်မတို့အတွက်တော့ အဆင်မပြေဘူး။ စမ်းတဝါးဝါးနဲ့တက်လာရတာလေ။ သူများတွေဝိုင်းပြောပြလို့သာ ဆေးရုံတက်ရတာ။ မဟုတ်ရင် ဒီအတိုင်းအပြန်သွားရမယ့်ပုံပဲ။

DW ။ ကျေးဇူးတင်ပါတယ်။

“မြို့နယ်ဆေးရုံတွေက သာမန်ခေါင်းကွဲတာလေးလောက်ကိုမှ မလုပ်ပေးကြတော့ဘူး”

ပရဟိတအရေးလူနာတင်ကားအဖွဲ့တာဝန်ရှိသူတစ်ဦး

DW ။ ထားဝယ်က ပုဂ္ဂလိကဆေးရုံတွေမှာ လူနာတွေပြည့်နေကြတယ်ကြားရတယ်။ ဘယ်လိုအခြေအနေရှိလဲပြောပြပေးပါ။

ဖြေ ။ ဖြစ်နေတာက ကြာပြီ။ နှစ်လလောက်ရှိပြီထင်တယ်။ ဒီလိုမျိုးက မကြာခဏဖြစ်နေကြပဲ။ နောက်ထပ်လည်းဖြစ်ဖို့ရှိသေးတယ်။

DW ။ ဘာကြောင့်ဒီလိုဖြစ်တာလဲ။

ဖြေ ။ နံပါတ်တစ် တစ်ချက်ကတော့ မြို့နယ်ဆေးရုံတွေ ရေဖြူဆေးရုံတို့၊ လောင်းလုံးဆေးရုံတို့မှာ လူနာလက်မခံနိုင်ကြဘူး။ မြို့နယ်ဆေးရုံတွေက သာမန်ခေါင်းကွဲတာလေးလောက်ကိုမှ မလုပ်ပေးကြတော့ဘူး။ မြို့ပေါ်ကိုပဲလွှတ်ကြတာ။

DW ။ လူနာရှင်တွေက ဘာဖြစ်လို့ ပုဂ္ဂလိကဆေးရုံတွေကိုပဲရွေးကြတာလဲ။ ထားဝယ်ပြည်သူ့ဆေးရုံတင်လည်း ရတာပဲမဟုတ်လား။

ဖြေ ။ များသောအားဖြစ်တော့ ပုဂ္ဂလိကဆေးရုံတွေပဲ တင်ပေးဖို့ပြောတာများတယ်။ ကျွန်တော်တို့လည်း သူတို့ပြောတဲ့အတိုင်းပဲ ပို့ပေးရတာလေ။ ကိုယ်ကဘယ်ဆေးရုံတင်ပါဆိုပြီး ပြောလို့မကောင်းဘူးလေ။ ဘာဖြစ်လို့ ပုဂ္ဂလိကဆေးရုံ တင်ကြတာလဲဆိုတာက‌တော့ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့။ တစ်ချို့ကလည်း ပုဂ္ဂလိကဆေးရုံကိုပိုကြိုက်ကြတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေတောင် ပုဂ္ဂလိကဆေးရုံပဲ တင်ကြတာတွေ့ရတယ်။ တစ်ချို့ကျတော့လည်း ဆေးခန်းသွားပြရင်းနဲ့ အဲဒီဆေးခန်းက ဆရာဝန်က ပုဂ္ဂလိကဆေးရုံတွေကို ညွှန်းတာရှိတယ်။ ငါတော့ ဘယ်ဆေးရုံမှာ ဘယ်အချိန်ထိုင်တယ် အဲကိုသွားချင်သွားဆိုတာမျိုး ပြောကြတာကိုး။ လူနာရှင်ကလည်း ဆရာဝန်ပြောတဲ့အတိုင်းပဲပေါ့။ သူတို့မှာ ဘာမှနားလည်ကြတာ မဟုတ်ဘူးလေ။

(ပုဂ္ဂလိကဆေးရုံတွင်ထိုင်သောဆရာဝန်အများစုသည် ထားဝယ်ဆေးရုံတွင် တာဝန်ကျသော ဆရာဝန်များပင်ဖြစ်သည်။ ၎င်းဆရာဝန်များသည် ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံများတွင် လှည့်ပတ်ထိုင်လေ့ရှိသည်)

DW ။ ထားဝယ်ဆေးရုံမှာရော လူနာတွေလက်ခံကုသပေးနေတာရှိလား။

ဖြေ ။ ရှိပါတယ်။ ကျွန်တော်သိသလောက်တော့ ထားဝယ်ဆေးရုံမှာလည်း ကုလို့ရတာတွေရှိတယ်။ အရင်တုန်းကနဲ့( အာဏာသိမ်းကာစ ၂၀၂၁ ခုနှစ်အစောပိုင်း) မတူတော့တာတော့အမှန်ပဲ။ တစ်ချို့ဟာတွေကုပေးနေတာတွေရှိတယ်။ ဒါပေမဲ့ တစ်ချို့တွေကမသိကြဘူး။ ထားဝယ်‌ဆေးရုံမှာဆို အဆင်မပြေဘူးလို့ပဲ ထင်နေကြတုန်းပဲပေါ့နော်။ ကျွန်တော်တို့ လူနာသွားပို့နေကျဆိုတော့သိတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ဆေးရုံပြည့်နေတယ်ဆိုတာမျိုး တစ်ခါမှမကြုံဖူးတော့ သိလည်းမသိဘူး”

ရေဖြူမြို့ အနောက်ဘက်ကမ်း ဒေသခံတစ်ဦး

DW ။ သွေးလွန်တုပ်ကွေးနဲ့ ‌သေဆုံးသွားတဲ့ကလေးရဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပေးပါ။

ဖြေ ။ သူအသက် ၇ နှစ်ကျော်‌လောက်ရှိပြီ။ လောင်းလုံးမြို့နယ် ရွာကနေ ဒီမှာ( ရေဖြူမြို့ အနောက်ဘက်ကမ်း) လာနေတာ။ ရော်ဘာခြံထဲမှာနေတယ်။ ဖျားနေတာကနှစ်ရက်ရှိနေပြီ။ ဆေးခန်းပြနေတာ မနက်တစ်ခါ၊ ညနေတစ်ခါ။ ဖြစ်တဲ့နေ့က မနက်ပိုင်းဆေးခန်းမပြဖြစ်တော့ဘူး။ အဲဒီည ( မတ်လ ၁၅ ရက်ည ၁၀ နာရီဝန်းကျင်)မှာ အန်တယ်။ အန်တဲ့အချိန်မှာ ကော်ဖီရောင်တွေပါလာတယ်။ ကော်ဖီရောင်အန်နေပြီဆိုတော့ အရမ်းအရေးကြီးနေပြီလေ။ သွေးသွင်းပြီးကုသမှရတော့မှာ။ အရေးပေါ်ကားတွေကို ဖုန်းဆက်တော့ တစ်ယောက်မှမလိုက်ကြဘူး။ မနက် ၃ နာရီခွဲမှ ဆေးရုံတင်(သွား)ရတာ။

DW ။ ဆေးရုံတက်တော့ရော ဘယ်လိုအခက်အခဲတွေကြုံရလဲ။

ဖြေ ။ ဆေးရုံသုံးရုံကုန်သွားတယ်။ မယ်ဒီလန်းရယ်၊ မြင့်မိုရ်ဦးရယ်၊ အေးဆေးခန်းရယ် အားလုံးက လူပြည့်နေကြတာ။ ‌ထားဝယ်ဆေးရုံကြီးရောက်သွားချိန်ဆို နောက်ဆုံးအချိန်ရောက်နေပြီ။ ဆေးရုံကြီးရောက်ပြီးသိပ်မကြာဘူး ကလေးကဆုံးသွားတယ်။

DW ။ ဆေးရုံကြီးကိုဘယ်အချိန်ရောက်သွားတာလဲ။ ကြားထဲမှာဘာတွေဖြစ်ခဲ့သေးလဲ။

ဖြေ ။ ဆေးရုံကြီးရောက်တဲ့အချိန်က (မနက်) ၉ နာရီဝန်းကျင်လောက်ပေါ့။ ဆုံးတာက(မနက်) ၉ နာရီခွဲလောက်မှာ။ ကြားထဲမှာတော့ ဟိုဆေးဒီဆေးရုံရှောက်သွားနေရတော့ အချိန်တော်တော်ကုန်သွားတယ်။ ကလေးက ဆေးရုံရှာနေတဲ့အချိန်မှာပဲ သွေးစမ်းလို့မထိတော့ဘူး။ ပြီးတော့ သွေးပါအန်နေပြီ။

( ရေဖြူနှင့်ထားဝယ်မြို့မှာ ပုံမှန်အတိုင်းကားဖြင့်သွားလျှင်ပင် မိနစ် ၃၀ ဝန်းကျင်သာကြာမြင့်မည်ဖြစ်သည်။ ပုဂ္ဂလိကဆေးရုံများတွင်လူပြည့်နေသဖြင့် ဆေးရုံရှားရင်းကြားထဲတွင် ၅ နာရီခန့်အကြာ ဆေးကုသခွင့်မရသေးဘဲ အချိန်ကုန်ဆုံးသွားခြင်းဖြစ်သည်။)

DW ။ အချိန်မီဆေးကုသခွင့်ရမယ်ဆိုရင် ကလေးက အသက်ကိုကယ်နိုင်မယ်ထင်လား။

ဖြေ ။ ဖြစ်တာနဲ့ချက်ချင်း ဆေးရုံသာပြေးတင်နိုင်ရင်အခုလိုဘယ်ဖြစ်မလဲ။ ကော်ဖီရောင်အန်တဲ့အချိန်ကတည်းက ဆေးရုံတင်နိုင်မယ်ဆိုရင် အဆင်ပြေသေးတာပါ။ အဓိကက အချိန်မမီဘဲဖြစ်သွားတာ။ အချိန်မီသွေးသွင်းပြီး ကုပေးနိုင်မယ်ဆိုရင် အသက်ရှင်နိုင်သေးတယ်။

DW ။ တစ်ခြားသူတွေရော ဒီလိုဆေးရုံအချိန်မီမတက်နိုင်လို့ အသက်အန္တရာယ်ထိခိုက်တဲ့ ဖြစ်စဉ်တွေရှိသေးလား။

ဖြေ ။ ဒီလိုမျိုး အချိန်မီဆေးမကုနိုင်လို့ ‌ဖြစ်တာတွေရှိတယ်။ ဒီသွေးလွန်တုပ်ကွေးနဲ့တော့မဟုတ်ဘူး။ ‌ရုတ်တရက်သွေးတိုးကျတာတွေ အဲလိုမျိုးတွေ ခဏခဏကြားရတယ်။ ရုတ်တရက် သွေးတိုးကျလို့ရှိရင် ဆရာက ည ၁၁ နာရီ၊ ၁၂ နာရီလာလို့မရတာတွေ ရှိတယ်လေ။ ပြီးတော့ ရေဖြူဆေးရုံဆိုရင်လည်း ညဖက်ဆိုရင်မကုပေးဘူးလေ။ ဒီလိုပုံစံမျိုးနဲ့ ဆေးရုံလည်းအချိန်မီမတက်နိုင်ဘူးဆိုရင် အခြားသူတွေရော ကျွန်တော်သမီးလိုမျိုးမဖြစ်ဘူးလို့ပြောနိုင်မှာလား။ လူ့အသက်တစ်ချောင်းဆိုတာဘာမှတန်ဖိုးမရှိတော့ဘူး။ အခုပုံစံမျိုးက။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ သမီးအတွက် အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ကိုယ်ပေါ့ဆလို့လည်းအခုလိုဖြစ်ရတာ။ ဆေးရုံသွားရင် ဆေးကုရမယ်ပဲ ထင်ထားတာ။ ဆေးရုံပြည့်နေတယ်ဆိုတာမျိုး တစ်ခါမှမကြုံဖူးတော့ သိလည်းမသိဘူး။ ဘယ်သူ့ကိုမှအပြစ်မတင်ချင်ဘူး ကိုယ့်ကြောင့်ပဲဖြစ်တာ။

DW ။ ကျေးဇူးတင်ပါတယ်။ သေဆုံးသွားတဲ့ကလေးအတွက် မိသားစုနဲ့ ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်။

မှတ်ချက် ။ ။ ထားဝယ်ဆေးရုံအခြေအနေကို မေးမြန်းနိုင်ရန် ထားဝယ်ဆေးရုံတာဝန်ရှိသူထံသို့ Dawei Watch သုံးရက်တိတိဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း သုံးရက်စလုံး စည်းဝေးတက်နေသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့ထံသို့လည်း ကျန်းမာရေးကိစ္စမည်ကဲ့သို့ စီမံခန့်ခွဲနေကြောင်း မေးမြန်းရန် နှစ်ရက်တိတိဖုန်းဆက်သွယ်ခဲ့‌သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။