ထိုင်းနိုင်ငံက အဖိနှိပ်ခံရွေ့ပြောင်းလုပ်သားများ

0
1241

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ အလုပ်အကိုင်ရှားပါးမှုများကြောင့် နိုင်ငံသားအများစုသည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရွေ့ပြောင်းလုပ်သားများအဖြစ် အစုလိုက်အပြုံလိုက် သွားရောက်နေကြရသည်။

ထိုင်းနိုင်ငံသို့ သွားရောက်ရာတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ဝင်လာသူများရှိသလို နှစ်နိုင်ငံသဘောတူညီချက်(MoU)ဖြင့် ဝင်လာသူများလည်း ရှိသည်။

တနင်္သာရီတိုင်းသားအများစုမှာ နယ်စပ်ချင်းကပ်နေသည့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှု အများဆုံးဖြစ်သည်။

ထိုအလုပ်သမားများမှာ အလုပ်ခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်း၊ အလုပ်ရှင်အချို့က ထိုင်းဥပဒေကိုချိုးဖောက်ပြီး အလုပ်သမား၏ အထောက်အထားများ သိမ်းထားခြင်း၊ ခြိမ်းခြောက်ခံရခြင်း စသည့် ဖိနှိပ်မှုမျိုးစုံဖြင့် ကြုံတွေ့နေရသည်။

ထို့အပြင် လုပ်ခလစာမရသည့် အလုပ်သမားအချို့လည်း ရှိနေပြန်သည်။

ထိုကြောင့် ထိုင်းနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်တွင်မေးမြန်း ဖော်ပြလိုက်ပါသည်။

“အခုတော့ (လစာ)ပေးတော့မယ်လည်းမထင်ပါဘူး။ မပေးတော့ပါဘူးလေ”

အထောက်အထား အပြည့်အစုံရှိသော်လည်း လုပ်ခလစာမရသည့် ကော့စမွေကျွန်းမှ မြန်မာလုပ်သားတစ်ဦး

DW ။ အစ်မကိုယ်တိုင် လုပ်ခလစာ မရရှိတာနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ကြုံခဲ့ရလဲ။

ဖြေ ။ အစ်မက တစ်လလုပ်တယ်။ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် လကုန် ၃ ရက်မှာ စာပို့လိုက်တယ်။ ဆက်ပြီးတော့ အလုပ်မလုပ်နိုင်တော့ဘူး။ စာနဲ့ သေချာထွက်တာပါ။ ဒါကြောင့် လကုန်လစာလိုပါတယ်လို့။ ကျွန်မ ဘဏ်အကောင့်လဲ ပို့လိုက်ပါတယ်ပေါ့။ အစ်မလုပ်အားခ တစ်လစာရှိတာကို လစာပြန်ပေးဖို့ ၃ ခါအထိတောင်းခဲ့တယ်။ သူ့ဘက်က ဘာမှအကြောင်းပြန်မလာဘူး။

DW ။ ဒီလို ကြုံလာရချိန်မှာ ဘယ်လိုဖြေရှင်းခဲ့ရလဲ။ အခုက အဆင်ပြေသွားခဲ့လား။

ဖြေ ။ ပထမဦးဆုံးက အလုပ်မလာတော့ပါဘူး။ ကျွန်မလစာပေးပါ လို့ ကောင်းကောင်းမွန်မွန် စာရေးပြီးတောင်းတယ်။ ယူနီဖောင်းပြန်သွားပေးတဲ့နေ့ကလည်း ပြန်တောင်းခဲ့သေးတယ်။ သူ့ဘက်က ဘာမှ အကြောင်းမပြန်ခဲ့ဘူး။ ၂ ရက် ၃ ရက်လောက်ကြာတော့ ကျွန်မလစာ ပေးမှာလား မပေးဘူးလားလို့ သေချာပြန်တောင်းခဲ့တာ။ ဒီနေ့အထိပါပဲ။ အခုတော့ ပေးတော့မယ်လည်းမထင်ပါဘူး။ မပေးတော့ပါဘူးလေ။

DW ။ ဒီလိုဖြစ်ခဲ့ကြုံခဲ့ရတဲ့အပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ ။ ပြောလည်း သူပေးတော့မှာ မဟုတ်ဘူးဆိုတော့ မပြောတော့ဘူး။ ပြီးတော့ အန္တရာယ်တို့ ဘာတို့ ရှိသေးတယ်။ သူဌေးက ထိုင်းသူဌေးဆိုတော့ ကျွန်းက ဘန်ကောက်တို့ ဘာတို့လို့ ရှောင်လို့အဆင်မပြေဘူး။ ခက်ခဲတယ်တဲ့။ နောက်ကျွန်းတစ်ခုကလည်း ကြားရတာက ပိုက်ဆံယူပြီးမှ အလုပ်ထပ်မလုပ်တော့ဘူးလို့ပြောလို့ ကျွန်းက မြန်မြန်ပြန်ထွက်ဖို့ ခြိမ်းခြောက်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လေ။ ကျွန်းမှာက သူဌေးအချင်းချင်းက ဆက်သွယ်ရှိတော့ ထွက်ဖို့ခက်တယ်လေ။

DW ။ လက်ရှိဆိုရင် ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲလုပ်တော့မယ်ပေါ့နော်။ ဆိုတော့ အစိုးရအပြောင်းအလဲ ဖြစ်လာနိုင်တယ်ဆိုတော့ အလုပ်သမားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျှော်လင့်လဲ။

ဖြေ ။ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာတော့ မသိဘူးပေါ့နော်။ ပန်းရောင်ကတ်ရပြီးတာနဲ့ နယ်ပြောင်းရတာ သွားလာရတာ အဆင်ပြေစေချင်တယ်။ သူဌေးပြောင်း ဘာပြောင်း မရှိဘဲနဲ့ပေါ့။ CI လုပ်မယ် အလုပ်သမားကတ်လုပ်မယ် ဒီလိုလုပ်ပြီးတာနဲ့ ကိုယ်အဆင်ပြေတဲ့ သူဌေးမှာလုပ်မယ် ဒီလိုပုံစံမျိုးလေး ဖြစ်စေချင်တယ်။

“’မပေးနိုင်ဘူး။ မင်းတို့ ကြိုက်တဲ့နေရာ တက်တိုင်လို့ရတယ်။ ငါဂရုမစိုက်ဘူး’ အဲလိုပြောတယ်”

ပတ်စပို့စာအုပ် ပြန်တောင်းလို့အထိုးခံရတဲ့အထိ ကြုံခဲ့ရသည့် ချွန်ဖော်မြို့မှ MOU မြန်မာလုပ်သားတစ်ဦး

DW ။ အစ်ကိုအနေနဲ့ အထောက်အထားအသိမ်းခံထားတာနဲ့ ပတ်သက်ပြီး ဘယ်လို ကြုံခဲ့ရလဲ။

ဖြေ ။ ကျွန်တော်တို့က MOU(နှစ်နိုင်ငံသဘောတူညီချက်) နဲ့ ဝင်လာတဲ့သူတွေ။ ဘတ်ရိုက်တာတွေ ဘာတွေဆိုရင် အခက်ခဲဖြစ်မှာစိုးလို့ စာအုပ်သိမ်းထားမယ်ပြောတယ်။ သုံးလနေမှ တစ်ခါပဲ ရိုက်ရတာကိုး (ရက် ၉၀ တုံး) ။ အဲဒီ သုံးလအတွင်းမှာ ကိုင်ထားချင်တယ်။ ကျွန်တော်တို့ အလည်အပတ်တွေ သွားချင်သေးတယ်လေ။ အမျိုးတွေဆီသွားချင်တာတို့ ကမ်းခြေတို့ဘာတို့ သွားချင်ရင် အန္တရာယ်များတယ်လေ။ သူဌေးက လုံးဝမပေးဘူး။

DW ။ ဒီလို ကြုံလာရချိန်မှာ စာအုပ်ပြန်ပေးဖို့ ဘယ်လို ဖြေရှင်းခဲ့ရလဲ။ ဘယ်လို ကြိုးစားခဲ့လဲ။

ဖြေ ။ တောင်းတဲ့ညက လူအယောက် လေးဆယ်လောက်စုတောင်းကြတာ။ အဲမှာ သူဌေးက “မပေးနိုင်ဘူး။ မင်းတို့ ကြိုက်တဲ့နေရာ တက်တိုင်လို့ရတယ်။ ငါဂရုမစိုက်ဘူး” အဲလိုပြောတယ်။ ကျွန်တော်တို့က ပါတ်စပို့တောင်းတယ်ဆိုတာ အလုပ်ထွက်ဖို့မဟုတ်ဘဲ အလည်ပတ်သွားရင် အန္တရာယ်ဖြစ်မှာစိုးလို့ တောင်းတယ်။ ကျွန်တော်တို့ အလုပ်သမားအကိုကြီးကလည်း ကောင်းကောင်းမွန်မွန်ပဲ ပြောတာပါ။ အဲမှာ သူဌေးက စပြီး လည်ပင်းကို ဆွဲဆောင့်ပြီး ဆောင့်ကိုင်တယ်။ ပြီးတော့ ထိုးဖို့ လုပ်တဲ့အချိန်မှာ အနောက်ကထိုင်းက အရင်ပြေးထိုးတာ။ ညီတို့လည်း အထိုးခံရသေးတယ်။ ထိုင်းနှစ်ယောက်က ပြေးထိုးတာ။

DW ။ အခုက အဆင်ပြေသွားပြီလား။ ဘာဆက်ဖြစ်နေသေးလဲ။

ဖြေ ။ အဲမှာ မြန်မာသံရုံးကို တိုင်လိုက်လို့ ပတ်စပို့တော့ ပြန်ပေးတယ်။ ပြီးတော့ သူတို့က ဒီလိုထိုးတာ သူဌေးကို ကာကွယ်တာတဲ့။ အဲဒါနဲ့ ညီလေးတို့ လက်ထဲကို ပတ်စပို့တွေ ပြန်ပေးတယ်။ ညီလေးတို့လက်ထဲကို ပတ်စ်ပို့တွေရောက်လာတယ်၊ တစ်ပတ်ပဲရှိသေးတယ်။ တစ်ပတ်ရောက်ပြီးတော့ တုံးထုရမှာမို့လို့တဲ့။ အခုချိန်အထိလည်း ဘယ်လိုမှ တောင်းလို့မရဘူး။ လုံငန် (စက်ရုံ) ပြောင်းချင်းလည်း ဘယ်သူမှ ပြောင်းလို့မရဘူး။ ညီလေးတို့က ၆ လကျော် ၇ လထဲရောက်နေပြီ။

DW ။ စာအုပ်အသိမ်းခံရ အထောက်အထားအသိမ်းခံရလို့ ဘယ်လိုအခက်အခဲတွေ အဓိက ကြုံရလဲ။

ဖြေ ။ OT(အချိန်ပိုကြေး) က လုံးဝမရဘူး။ (နေ့စားခ) ပိုက်ဆံက ၃၅၀ ပဲ ။ တစ်နာရီ နှစ်နာရီ အဲလိုဆင်းရသေးတယ်။ ဒါပေမဲ့ ပိုက်ဆံမပေးဘူး။ စာချုပ်ထဲမှာက စက်ရုံအလုပ်။ အပြင်မှာက ပေါင်းတွေပါနှုတ်နေရတာ။ ပေါက်ရတယ်။ ရှင်းရတယ်။ ပန်းရံလုပ်ရတယ်။ မြေကြီးတူးရတယ်။ စက်ရုံထဲမရောက်ဘူး။ ကျွန်တော်တို့ အလုပ်သမားတွေ ပကန်စံခွန် (လူမှုဖူလုံရေး) ခံစားခွင့်ရှိတယ်လေ။ ဒဏ်ရာတစ်ခုခုဖြစ်ရင် ဆေးရုံရောက်လည်း ကိုယ့်ပိုက်ဆံနဲ့ကို ကုရတယ်။ ကိုယ့်အတွက် အာမခံချက်မရှိဘူးပေါ့ဗျာ။ ထိမိခိုက်မိတာတောင် မရတာ အသက်အန္တရာယ်နဲ့ဆို ပြောကိုမပြောနဲ့တော့။ ဘာမှမရှိတော့ဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲ့။ အစာအိမ်ဖြစ်လို့ ဗိုက်ခွဲထားတဲ့ အကိုတစ်ယောက်ဆို ဘာမှမရဘူး။ ပကန်စံခွန်ကြေးဆိုပြီး သွင်းထားရသေးတယ်။ အဲဒါလည်း သူတို့က ဘာမှတာဝန်မယူဘူး။ နားတဲ့ရက်တွေ ဘာမှ လစာမရဘူး။ ဒီလိုတွေ ကြုံနေရတာပါ။

DW ။ နောက်လာမဲ့ MOU သမားတွေ ဘာတွေ ပြင်ဆင်လာရမလဲ။

ဖြေ ။ ဆီအုန်းအလုပ်ဆို ဝေးဝေးရှောင်ဖို့။ ဒီဘက်မှာ အဆင်မပြေတာများပါတယ်။ စာအုပ်တွေလည်း မပေးဘူးဆိုတော့။ ဆီအုန်းခြံက အန္တရာယ်များတဲ့အလုပ်တွေလုပ်ရတယ်။ ဒါကြောင့် ပိုက်ဆံများများရတယ်ဆိုပြီး ဇွတ်တက်မလာနဲ့လို့။ ကောင်းတဲ့ရုံတွေက ရှိတော့ရှိပါတယ်။ ရှားတယ်။ ညီလေးတို့ (ဘတ်ငွေ) ၃၅၀ နဲ့ ဘဝပျက်နေတာ။ တစ်ခါတစ်လေကျရင် ဆီအုန်းအလုပ်သမားမဟုတ်ဘဲ ဆီအုန်းထမ်းသမားတွေနဲ့ အတူတူဖြစ်နေပြီ။ ပြီးတော့ ဆီအုန်းတွေက မြို့နဲ့မနီးတော့ဘူး။ တောထဲရောက်သွားပြီ။ မြို့နဲ့နီးနီးမှာ ဆီအုန်းခြံမရှိဘူး။ တောကြုံအုံကြားထဲ ရောက်သွားပြီး။ ဘာမှ ကိုယ့်အတွက် အာမခံမရှိဘူး။ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ မြန်မာအေဂျင်စီတွေကိုသံရုံးက အရေးယူပေးဖို့ လိုနေပြီ။

DW ။ (ထိုင်း) ရွေးကောက်ပွဲကနေ အစိုးရအပြောင်းအလဲဖြစ်လာနိုင်တယ်ဆိုတော့ အလုပ်သမားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျှော်လင့်လဲ။

ဖြေ ။ မြန်မာအလုပ်သမားတွေအပေါ်မှာ မျှမျှတတလေး ဆက်ဆံပေးရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒီတစ်ခုပါ။ အခုက မမျှတဘူး။ လူများ တရားနိုင်ဖြစ်နေတယ်။ ဒီဘက်ဆို ပိုဆိုးတယ်။ လူများရင် တရားက နိုင်နေတာကိုး။ အလုပ်သမားအခွင့်အရေးလည်း မျှမျှတတလေး ဖြစ်စေချင်ပါတယ်။

“အခွင့်အရေးချိုးဖောက်မှုတွေက ပိုပြီးတော့ ဖြစ်လာဖို့ရှိတယ်။ ပိုပြီးလည်း ဖြစ်လာနေကြတာပဲလေ”

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အလုပ်သမားတာဝန်ခံ ကိုမင်းမင်းဦး

DW ။ အလုပ်သမားတွေ လုပ်အားခအပြည့်မရတာ၊ ခေါင်းပုံဖြတ်ခံရတာ၊ စာအုပ် အထောက်အထားသိမ်းဆည်းခံရတာမျိုး ကြုံနေရတာကြားရတယ်။ အကိုတို့အဖွဲ့အစည်းအနေနဲ့ ဘယ်လိုကြားခဲ့ရလဲ။

ဖြေ ။ အဲဒါက စက်ရုံအလုပ်ရုံတွေမှာ အများဆုံးကြုံနေရတယ်။ MOU နဲ့ပဲလာလာ ရိုးရိုးပဲလာလာ။ MOU ကတော့ နည်းနည်းတော်တာပေါ့။ အေဂျင်စီ ဘာညာခံနေတော့လေ။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားတွေက ရတဲ့နည်းနဲ့ထွက်လာကြတယ်။ လာတဲ့အချိန်တုန်းက ပွဲစားခချည်းပဲ ကုန်တာက နည်းတာမဟုတ်ဘူး။ ဒါပြီးရင် မှတ်ပုံတင်(ဘတ်ကဲ့သို့ အထောက်အထား)လုပ်ဖို့ ဘာညာနဲ့ နည်းတာမဟုတ်ဘူး ကုန်နေကြတာ။ အဲဒါကို အေးဂျင့် ပွဲစားတွေနဲ့လုပ်ကြတယ်။ လုပ်ကြတော့ အဲဒီအထောက်အထားတွေအကုန်လုံးကို အလုပ်ရှင်တွေ မဟုတ်ရင် အေးဂျင့်တွေကနေ သိမ်းထားကြတယ်။ အဲလိုတွေ ခံနေရတာပေါ့နော်။ ဒါပေမဲ့ ရေလုပ်ငန်းခွင်မှာကြတော့ အထောက်အထားအများစုကို အလုပ်ရှင်တွေက သိမ်းထားကြတာများတယ်။

DW ။ အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ် ဘယ်လိုပုံစံမျိုးနဲ့ ခြိမ်းခြောက်ကြတာများလဲ။ ဘယ်လိုအခွင့်အရေး ချိုးဖောက်ကြတာများလဲ။

ဖြေ ။ အထူးသဖြင့် အခြေခံအလုပ်သမားတစ်ယောက်အတွက် ရသင့်ရထိုက်တာမျိုးတွေပေါ့။ အထူးသဖြင့် သူ့ရဲ့ အားလပ်ရက်တွေမျိုး၊ အခြေခံလုပ်ခလစာတို့၊ ကျန်တဲ့ အထောက်အထားတွေ ကိုင်ဆောင်ခွင့်တို့ အဲဒါတွေတော့ မရကြဘူးပေါ့။ အခုနောက်ပိုင်းက အလုပ်သမားတွေက မြန်မာပြည်အနေအထားနဲ့ ပြန်ဖို့ မဖြစ်နိုင်ကြတဲ့အခြေအနေမျိုးမှာ သူတို့လက်ခုပ်ထဲက ရေလိုဖြစ်နေတာပေါ့ အရင်တုန်းကထက်စာရင်။ အဲဒီအခါကျတော့ အခွင့်အရေးချိုးဖောက်မှုတွေက ပိုပြီးတော့ ဖြစ်လာဖို့ရှိတယ်။ ပိုပြီးလည်း ဖြစ်လာနေကြတာပဲလေ။ လူကများနေတဲ့အချိန်ကျတော့ တစ်ယောက်ပြီးတစ်ယောက်ခန့်ကြတယ်။ အလုပ်သမားတစ်ယောက်ခန့်တယ်။ အလုပ်ထဲမှာ သူတို့စိတ်ကြိုက်ခိုင်းတဲ့အတိုင်း မရဘူး ထွက်သွားတယ်ဆိုရင် နောက်အလုပ်သမားတစ်ယောက်က အဆင့်သင့်ရှိနေတယ်။ ဆိုတော့ ချိုးဖောက်မှုက ပိုပြီးတော့ ပံ့ပိုးပေးသလိုဖြစ်နေတာပေါ့။

DW ။ ရေလုပ်သားတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး အခွင့်အရေးတွေ အပြည့်အဝမရတာမျိုးလည်း ကြားရတယ်ဆိုတော့ ဒီလိုမျိုးတွေကောဘယ်လိုကြုံတွေ့နေကြရတာလဲ။

ဖြေ ။ အဲဒါက နှစ်ဖက်ရှိတယ်။ ရေလုပ်သားတွေရဲ့ သဘောသဘာဝအရ လုပ်ငန်းခွင် ကြမ်းတမ်းတယ်မလား။ အဲတော့ တော်ရုံတန်ရုံ ဖြစ်တဲ့ဟာမျိုးတွေဆို ဆေးကုသခွင့် မတောင်းဆိုကြတော့ဘူး။ တောင်းဆိုမယ်ဆိုတော့လည်း ရေလုပ်သားတွေက လှေပေါ်မှာနေရတော့ ဆေးရုံ ဆေးခန်းသွားဖို့ အခွင့်အရေးမသာဘူး။ အဲဒီအခါကျတော့ ဒီအတိုင်းပဲနေကြတယ်။ အထူးသဖြင့် ကမ်းရောက်မှပဲ ကုကြတာများတယ်။ အဲလိုကုသမယ်ဆိုရင် ကြာကြာကုသတာ ရက်ရှည်ကုသတာမျိုးဆိုရင် အလုပ်ရှင်က လက်သိပ်မခံတာ နားလည်မှုမရှိတာမျိုးတွေ့ရတယ်။ အဲလိုမျိုးကျတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အပြည့်အဝခံစားခွင့်မရဘူး။ ဒါက ရေလုပ်ငန်းမှာ သတ်မှတ်ထားတဲ့ နားရက် ဥပမာ တစ်နှစ်မှာ ရက် ၃၀ နားရမယ်ဟာလိုမျိုး ကုန်းပေါ်က အလုပ်သမားတွေမျိုး နားလို့မရကြဘူး။ ကုန်းပေါ်က အလုပ်သမားတွေလည်း ရှိတယ်ဆိုပေမဲ့ လူမှုဖူလုံရေးအကျိုးခံစားခွင့် ပြည့်ပြည့်ဝဝ မရကြပါဘူး။

DW ။ အဲလို လူ့အခွင့်အရေးချိုးဖောက်ခံလာရရင် အလုပ်သမားတွေအနေနဲ့ ဘယ်လိုတိုင်ကြားလို့ရလဲ။

ဖြေ ။ ထိုင်းဘက်ခြမ်းမှာက ရှိပြီးသား အလုပ်သမားတစ်ဦးရဲ့ အခြေခံ အခွင့်အရေးရယ် အကျိုးခံစားခွင့်ရယ် ချိုးဖောက်ခံရပြီဆိုရင် ဘယ်လိုဌာနတွေကို ဆက်သွယ်ရမယ် တိုင်ကြားရမယ်ဆိုတာ။ ဥပမာ အထောက်အထား အသိမ်းခံရပြီဆိုရင် အလုပ်အကိုင်ဦးစီးဌာန ဆာဝါဒီကန်လိုဟာမျိုး ဒါမျိုး Work Permit လိုဟာမျိုးဆို တိုက်ရိုက် တန်းတိုင်လို့ရတယ်။ ပတ်စပို့ ဘာညာသိမ်းထားတာမျိုးဆိုလည်း မြန်မာသံရုံးလိုဟာမျိုး။ နောက်ပြီးတော့ နီးစပ်ရာရဲစခန်းပေါ့နော်။ ဒါမျိုးတိုင်ကြားရမဲ့ နေရာတွေ သိဖို့လိုတယ်။ နောက်ပြီးတော့ မြန်မာအလုပ်သမားအဖွဲ့အစည်းတွေ FED လိုမျိုးတွေကို အကျိုးအကြောင်းပြောပြီးတော့ အကြံဉာဏ်တောင်း အကူညီတောင်းလို့ရတယ်။ အဲလိုမျိုးတွေ သိထားတဲ့အခါကျတော့ အခက်ခဲတစ်ခုခုဖြစ်ရင် လူမှုကွန်ရက်ကဖြစ်ဖြစ် ဖုန်းနံပါတ်ကပဲဖြစ်ဖြစ် ဆက်သွယ်ပြီး အကူညီတောင်းလို့ရတာပေါ့။

DW ။ (ထိုင်း)ရွေးကောက်ပွဲကနေ အစိုးရအပြောင်းအလဲဖြစ်လာနိုင်တယ်ဆိုတော့ အလုပ်သမားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျှော်လင့်လဲ။

ဖြေ ။ အဲဒါကြတော့ ဘယ်သူနိုင်မလဲပေါ့။ အဲဒီအပေါ်မှာ မူတည်နေတယ်။ တက်လာတဲ့ အနိုင်ရတဲ့ပါတီက အရင်ပုံစံအတိုင်းပဲဆိုရင် မူဝါဒက သိပ်ပြီးတော့ ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး။ ကိုယ်တွေအနေနဲ့ အဲဒါကိုတော့ မျှော်လင့်ထားတယ်။ ဒီထက်ကောင်းတဲ့အစိုးရအသစ်ကိုပေါ့။ အလုပ်သမားအရေးနဲ့ပတ်သက်ပြီး မူဝါဒကောင်းကောင်းလုပ်ပေးနိုင်တဲ့ အရပ်သားအစိုးရအသစ် တက်လာတဲ့အခါ ရွေ့ပြောင်းအလုပ်သမားတွေအတွက် အခွင့်အရေးက ပိုပြီးတော့ ရနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။